နိုင်ငံရဲ့ လေတပ်ကို အဆင့်မြှင့်မယ့် စီမံကိန်းအတွက် တရုတ်လုပ် တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က စီစဉ်နေကြောင်း သိရပါတယ်။
အထူးသဖြင့် ဘင်္ဂလားဒေ့ရှ် အစိုးရဟာ တရုတ်ရဲ့ J-10CE တိုက်လေယာဉ်တွေကို ဝယ်ယူဖို့ အလေးအနက် စတင်ပြင်ဆင်နေကြောင်း သိရပါတယ်။ ဝန်ကြီးချုပ် တာရစ် ရာမန်ရဲ့ အကြံပေး အရာရှိ တစ်ဦးဖြစ်တဲ့ ဇာဟက်အူရာ ရာမန်က အစိုးရရဲ့ ညှိနှိုင်းရေး အဖွဲ့တစ်ခုဟာ တိုက်လေယာဉ်တွေ ဝယ်ယူမယ့် မူကြမ်းအဆိုပြုချက်ကို လက်စသတ်နေပြီး တရုတ်ဆီ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း ဩဂုတ် ၂၅ ရက်နေ့တုန်းက ပြောကြားခဲ့ပါတယ်။
မနှစ်က ဧပြီလတုန်းက အိန္ဒိယနဲ့ ပါကစ္စတန်ကြားမှာ ဖြစ်ပွားခဲ့တဲ့ ၄ ရက်ကြာ စစ်ရေး ပဋိပက္ခမှာ ပါကစ္စတန်ရဲ့ J-10CEတွေ ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကို ဘင်္ဂလားဒေ့ရှ်က အထူးတလည် အထင်ကြီးနေတယ်လို့ ဆိုပါတယ်။ အဲဒီတုန်းက တောင်အာရှ ဒေသရဲ့ နျူကလီးယား လက်နက်ပိုင် နှစ်နိုင်ငံ လေတပ်တွေဟာ တာဝေးပစ် ဒုံးကျည်တွေနဲ့ အပြန်အလှန် ဝေဟင်စီးချင်းထိုးခဲ့ကြပြီး J-10CEတွေက အိန္ဒိယရဲ့ Rafale တိုက်လေယာဉ် အနည်းဆုံး တစ်စီးကို ပစ်ချနိုင်ခဲ့ပါတယ်။ ပြင်သစ်က ထုတ်လုပ်တဲ့ Rafaleတွေဟာ ကမ္ဘာပေါ်မှာ အဆင့်အမြင့်ဆုံး စာရင်းဝင် တိုက်လေယာဉ်တွေထဲမှာ ပါဝင်ပါတယ်။
သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး J-10CEတွေ အပါအဝင် တရုတ်ရဲ့ စစ်လေယာဉ်တွေကို ဝယ်ယူဖို့ စီစဉ်နေတဲ့အကြောင်း ပြောကြားချိန်မှာ ဇာဟက်အူရာက အဲဒီ စစ်ပွဲ အကြောင်းကိုလည်း ထည့်သွင်း ရည်ညွှန်းသွားခဲ့ပါတယ်။ အိန္ဒိယဟာ ၄ ရက်စစ်ပွဲမှာ တိုက်လေယာဉ်တွေ ဆုံးရှုံးခဲ့တယ် ဆိုတာကို နောက်ပိုင်းမှာ ဝန်ခံပေမယ့် အရေအတွက် အတိအကျရယ်၊ ဘယ်လိုဘယ်ပုံ ပစ်ချခံခဲ့ရတယ် ဆိုတာတွေကိုတော့ အသေးစိတ် မကြေညာခဲ့ပါဘူး။

Public Service Announcement
ဇာဟက်အူရာက ဘင်္ဂလားဒေ့ရှ် အစိုးရဟာ J-10CEတွေသာ မကဘဲ တရုတ်ရဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ၊ အရေးကြီးပုဂ္ဂိုလ် (VIP) ခရီးစဉ်တွေအတွက် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တွေ၊ ဝေဟင်ဒရုန်းတွေ ဝယ်ယူဖို့ပါ စိတ်ဝင်စားနေကြောင်းလည်း အတည်ပြုသွားပါတယ်။
တကယ်လို့ ရန်ပုံငွေကိစ္စ ဆွေးနွေး အတည်ပြုချက် ရခဲ့မယ်ဆိုရင်တော့ လေတပ်အတွက် လေယာဉ်အသစ်တွေ ဝယ်ယူရေး ကိစ္စကို အခုဘဏ္ဍာရေး နှစ်ထဲမှာတင် စတင် အကောင်အထည် ဖော်နိုင်ဖို့ မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။ ဒါပေမဲ့ အစိုးရက လေယာဉ် ဘယ်နှစီးကို ငွေကြေးဘယ်လောက် အသုံးပြုပြီး ဝယ်ယူချင်သလဲ ဆိုတာမျိုးကိုတော့ သူက ရှင်းမပြခဲ့ပါဘူး။
မနှစ်တုန်းကတော့ Business Standard သတင်းဌာနက ဘင်္ဂလားဒေ့ရှ် အစိုးရဟာ J-10CE အစီး ၂၀ လောက် ဝယ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သတင်းဖော်ပြခဲ့ဖူးပါတယ်။
တရုတ်လေတပ်ရဲ့ စတုတ္ထမျိုးဆက် တိုက်လေယာဉ်တွေဖြစ်တဲ့ J-10Cတွေရဲ့ ပြည်ပတင်ပို့တဲ့ ဗားရှင်း J-10CEတွေကို ပါကစ္စတန်အပြင် ဥဇဘက်ကစ္စတန်ကလည်း ဝယ်ယူ အသုံးပြုနေပါတယ်။
Chendu ကုမ္ပဏီက ထုတ်လုပ်တဲ့ လေယာဉ်တွေဟာ အိန္ဒိယ-ပါကစ္စတန် စစ်ပွဲမှာ လက်တွေ့ တိုက်ပွဲဝင်ပြီး ရန်သူကို ပထမဆုံးအကြိမ် ပစ်ချနိုင်ခဲ့တဲ့ မှတ်တမ်းကြောင်း နိုင်ငံတော်တော်များများရဲ့ စိတ်ဝင်စားမှု၊ ဝယ်ယူဖို့ ကမ်းလှမ်းမှုတွေကိုလည်း ရရှိလာခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဟာ တရုတ်ဆီက ရေတပ်သင်္ဘောတွေ၊ စစ်လေယာဉ်တွေ၊ တင့်ကားတွေနဲ့ ဒုံးကျည်စနစ်တွေကိုလည်း ဝယ်ယူထားပြီး တောင်အာရှ ဒေသတွင်းမှာ တရုတ်ရဲ့ အဓိက လက်နက် ဖောက်သည်နိုင်ငံ တစ်ခုအဖြစ် ရပ်တည်နေပါတယ်။
ကိုးကား: Independent


















































