အမေရိကန် လေယာဉ်တင် သင်္ဘောကြီး လာရောက်ဆိုက်ကပ်မယ့် ခရီးစဉ် မတိုင်ခင် ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ အာဏာပိုင်တွေက လမ်းပေါ်က ပြည့်တန်ဆာ အမျိုးသမီးတွေကို လိုက်လံ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။
ဩဂုတ် ၂၉ ရက်နေ့ ညပိုင်းတုန်းက ပြည့်တန်ဆာလုပ်ငန်း နှိမ်နင်းရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပတ္တရား ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာ အရာရှိတွေက ထိုင်း၊ လာအိုနဲ့ ယူဂန္ဓာတို့က အမျိုးသမီး တချို့ကို လိုက်လံ ဖမ်းဆီးခဲ့ပါတယ်။
USS Abraham Lincoln လေယာဉ်တင် သင်္ဘောကြီး ဦးဆောင်တဲ့ အမေရိကန်ရေတပ် တိုက်ရေယာဉ် အုပ်စုတစ်ခု ထိုင်းမှာ ကမ်းကပ်ရပ်နားမယ်လို့ ကြေညာထားချိန်မှာပဲ အခုလို လမ်းပေါ်က ပြည့်တန်ဆာ အမျိုးသမီးတွေကို ပစ်မှတ်ထား ဖြိုခွင်းမှုမျိုး ပတ္တရားမှာ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
အမေရိကန် ရေတပ်က ပတ္တရားလို့ ယုံကြည်ရတဲ့ ထိုင်းဆိပ်ကမ်းမြို့ တစ်ခုခုမှာ ဆိုက်ကပ်မယ့် Lincolnရဲ့ ခရီးစဉ်ဟာ စစ်ဆင်ရေးနဲ့ လေ့ကျင့်ရေး ရည်ရွယ်ချက်တွေအတွက် လုံးဝ မဟုတ်ဘဲ ရေတပ်သားတွေကို စိတ်အပန်းဖြေခွင့် ရစေဖို့အတွက်သာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement
Lincolnဟာ ပင်လယ်ပြင်မှာ ၉ လကျော် ဆက်တိုက် တာဝန်ထမ်းဆောင်ထားရပြီး ရေတပ်သား ၅၀၀၀ ကျော်လောက်ဟာ အကြီးအကျယ် စိတ်ဖိစီးမှုတွေ ကြုံနေရတယ်လို့ သတင်းတွေ ထွက်ပေါ်လာတဲ့နောက် အမေရိကန် ရေတပ်က အဲဒီ သင်္ဘောကြီးအတွက် ထိုင်းနိုင်ငံ ခရီးစဉ်ကို စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။
ဩဂုတ် ၂၉ ရက်နေ့ ညပိုင်းမှာတော့ ပတ္တရား ကမ်းခြေတလျှောက်မှာ ထိုင်းအမျိုးသမီး ၁၈ ဦး၊ လာအိုက ၅ ဦးနဲ့ ယူဂန္ဓာ အမျိုးသမီး ၂ ဦးကို ထိန်းသိမ်းခဲ့ကြောင်း ချွန်ဘူရီပြည်နယ် လူမှုဖွံ့ဖြိုးရေးနဲ့ လူသားလုံခြုံရေးဌာန အကြီးအကဲ ဂျန်ဂျီရာ ထိုင်ဘွန်ဒစ်က ပြောပါတယ်။ ပတ္တရားဟာ ချွန်ဘူရီရဲ့ အကြီးဆုံးမြို့ ဖြစ်ပါတယ်။
လမ်းပေါ်က ပြည့်တန်ဆာ လုပ်ငန်းတွေကို ပစ်မှတ်ထား ဖြိုခွင်းတာဟာ တရားဥပဒေအရ ခွင့်ပြုမထားတဲ့ အဲဒီလုပ်ငန်းမှာ အသက်မပြည့်သေးသူတွေ ဆက်စပ်လာမှာကို တားဆီးဖို့ ဖြစ်တယ်လို့လည်း ဂျန်ဂျီရာက ဆိုပါတယ်။ မြို့ထဲမှာ ကလေးတွေကို စျေးရောင်းခိုင်းတာ၊ တောင်းစားခိုင်းတာမျိုးတွေကိုလည်း စုံစမ်းစစ်ဆေး အရေးယူသွားမယ်လို့ သူက ဆက်ပြောပါတယ်။
ပတ္တရားမှာတော့ စျေးသည်တွေ၊ မြို့ခံပြည်သူတွေ အနေနဲ့ ရောက်ရှိလာသမျှ ခရီးသွားဧည့်သည်တွေ၊ နိုင်ငံခြားသားတွေ၊ အုံလိုက်ကျင်းလိုက် ရောက်လာဖွယ်ရှိတဲ့ စစ်သည်တွေအပေါ် နွေးထွေး ပျူငှာပြီး အိမ်ရှင်ကောင်း ပီသစွာ ဆက်ဆံကြဖို့လည်း သူက တိုက်တွန်းသွားပါတယ်။
ကိုးကား: Bangkok Post


















































