မြောက်အမေရိကမှာ ထားရှိပြီး ဒေါ်လာ ဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ရွှေချောင်းတွေကို ဗြိတိန်ဆီ ပြောင်းရွှေ့ အပ်နှံခဲ့ကြောင်း နယ်သာလန် ဗဟိုဘဏ် (DNB)က အတည်ပြုခဲ့ပါတယ်။
အမေရိကန်နဲ့ ကနေဒါတို့မှာ ထားရှိတဲ့ ရွှေတွေကို လန်ဒန်မြို့ဆီ ရွှေ့ပြောင်းခဲ့တာဟာ ခန့်မှန်းရခက်တဲ့ ပထဝီဝင် နိုင်ငံရေး မတည်ငြိမ်မှုတွေ တိုးလာနေတာကြောင့်လို့ DNBက အကြောင်းပြချက် ပေးခဲ့ပါတယ်။
စက်တင်ဘာ ၂ ရက်နေ့က DNBရဲ့ ထုတ်ပြန်ချက်မှာတော့ ၈၆ တန်လောက် လေးတဲ့ ရွှေတွေကို အမေရိကန်နဲ့ ကနေဒါတို့ကနေ သယ်ထုတ်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြ ပါရှိခဲ့ပါတယ်။ အဲဒီ မစ်ရှင်ဟာ ရှုပ်ထွေးခက်ခဲပြီး လအတော်ကြာ အချိန်ယူခဲ့ရတယ်လို့လည်း သိရပါတယ်။
အခုတော့ ဗြိတိန်ရဲ့ ဗဟိုဘဏ်ဖြစ်တဲ့ အင်္ဂလန်ဘဏ်က အဲဒီ ရွှေချောင်းတွေကို တာဝန်ယူ ထိန်းသိမ်းထားကြောင်း၊ အင်္ဂလန်ဘဏ်မှာ ရှိနေတဲ့အတွက် အကျပ်အတည်း ကာလတစ်ခုခု ရောက်လာရင် ရွှေတွေကို လက်လှမ်းမီဖို့၊ လိုအပ်သလို စီမံကိုင်တွယ်ဖို့ ပိုလွယ်ကူစေကြောင်းလည်း DNBက ဆိုပါတယ်။

Public Service Announcement
အမေရိကန်နဲ့ ကနေဒါတို့ကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ နယ်သာလန်ဆီက အခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။ မြောက်အမေရိကတိုက်ရဲ့ အိမ်နီးချင်း နှစ်နိုင်ငံဟာ အပြန်အလှန် သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မှုတွေကို အပြိုင်အဆိုင် မြှင့်တင်နေပါတယ်။
မတ်လကနေ ဩဂုတ်လအတွင်း စုစုပေါင်း ၂၇ တန်လောက် အလေးချိန်ရှိတဲ့ ရွှေတွေကို နယူးယောက်နဲ့ အော့တာဝါမြို့တွေကနေ နယ်သာလန်နိုင်ငံ ဇိစ်မြို့ဆီ ရွှေ့ပြောင်းခဲ့ကြောင်း DNBက ဆိုပါတယ်။ အဲဒီလုပ်ငန်းစဉ်မှာ ရွှေချောင်းတွေကို အရည်ဖျော်စရာ မလိုခဲ့ကြောင်း၊ နောက်တော့ ဇိစ်ကနေ ရွှေတွေကို လန်ဒန်ဆီ ထပ်ရွှေ့ခဲ့ကြောင်း သိရပါတယ်။ ကျန်တဲ့ ရွှေတွေကိုတော့ နယူးယောက် စျေးကွက်ထဲမှာ ရောင်းချခဲ့ပြီး လန်ဒန်က ရွှေတွေကို မူလ ပမာဏအတိုင်း အစားထိုး ပြန်ဝယ်ပြီး အင်္ဂလန်ဘဏ်မှာ အပ်နှံခဲ့တာ ဖြစ်ပါတယ်။
ရွှေတွေကို ဗြိတိန်ဆီ ရွှေ့ရာမှာ အလုံးအထည်အတိုင်း ရွှေ့ပြောင်းမှု၊ ရောင်းချပြီး အစားထိုး ဝယ်ယူမှု နည်းလမ်းတွေကို ပေါင်းစပ် အသုံးပြုခဲ့ကြောင်း၊ အဲဒီ လုပ်ငန်းစဉ်ဟာ ရှုပ်ထွေး သိမ်မွေ့ပြီး အနုစိတ် စီစဉ်ခဲ့ရကြောင်း DNBက ဆိုပါတယ်။
ရွှေတွေကို ရွှေ့ပြောင်းတာဟာ ပထဝီဝင်နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့်လို့ အကြောင်းပြချက် ပေးပေမယ့် ဘာကို ဆိုလိုသလဲ ဆိုတာကိုတော့ အသေးစိတ် ရှင်းပြမထားပါဘူး။ တစ်ဖက်မှာတော့ အီရန်စစ်ပွဲကို အကြောင်းပြုပြီး အမေရိကန်ရဲ့ စီးပွားရေးဟာ မရေမရာ အခြေအနေတွေ ကြုံနေရပြီး ကမ္ဘာ့ကုန်သွယ်ရေး ကဏ္ဍအပေါ်မှာပါ သက်ရောက်မှုတွေ ရှိနေပါတယ်။ ကနေဒါကတော့ အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုတွေ ဒဏ်ကြောင့် ကုန်သွယ်ရေး အကျပ်ရိုက်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။
ကိုးကား: BBC


















































