လေယာဉ် အနုကြမ်းစီးမှုလို့ ယူဆရတဲ့ ဖြစ်စဉ်မှာ ဒဏ်ရာရထားလျက်နဲ့ သတိကောင်းကောင်း၊ သတ္တိရှိရှိ တုံ့ပြန်ခဲ့တဲ့ လေယာဉ်မှူးကို အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ချီးကျူးသွားခဲ့ပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့က Flydubai လေကြောင်းပိုင် Boeing 737 MAX 8 လေယာဉ်ဟာ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)နိုင်ငံရဲ့ ဒူဘိုင်းမြို့ကနေ အစ္စရေးရဲ့ တဲလ်အဗစ်ဗ် မြို့ဆီကို ဦးတည် ပျံသန်းနေချိန် အိန္ဒိယသား လေယာဉ်မှူးကို တွဲဖက်လေယာဉ်မှူးက အငိုက်ဖမ်း တိုက်ခိုက်ပြီး ဓားနဲ့ထိုးခဲ့ပါတယ်။ ပြီးတော့ တွဲဖက် လေယာဉ်မှူးဟာ လေယာဉ်ကို ရုတ်တရက် ထိုးဆင်းခဲ့တာကြောင့် ပေ ၁၄၀၀၀ လောက် ရုတ်တရက် နိမ့်ဆင်းသွားပြီး ခရီးသည်တွေနဲ့ လေယာဉ် အမှုထမ်းတွေ အထိတ်တလန့် ဖြစ်ကုန်ကြပါတယ်။
ဒါပေမဲ့ လေယာဉ်မှူးဟာ သတိလစ် မေ့မျောမသွားခင် အစွမ်းကုန် ကြိုးစားရုန်းကန် ခုခံခဲ့ပြီး လေယာဉ်မှူး အခန်းတံခါးကို ရအောင်ဖွင့်နိုင်ခဲ့သလို ခရီးသည်တွေဆီ လေယာဉ်အနုကြမ်းစီး ခံနေရကြောင်း အော်ဟစ် သတိပေးပြီး အကူအညီ တောင်းခံခဲ့ပါတယ်။
ဒါကြောင့် ခရီးသည်တွေက အပြေးအလွှား သွားရောက်ကူညီပြီး တွဲဖက် လေယာဉ်မှူးကို ဝိုင်းဝန်း ချုပ်နှောင် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ နောက်တော့ တခြားလေယာဉ် အဖွဲ့သား တစ်ဦးက လေယာဉ်ကို ဝင်ရောက်ထိန်းချုပ်ပြီး အခြေအနေကို ထိန်းသိမ်းခဲ့ပါတယ်။ ပြီးတော့ လေယာဉ်ကို အနုကြမ်းစီး ခံရကြောင်း အချက်ပြ သင်္ကေတကို လေကြောင်းထိန်းသိမ်းရေး မျှော်စင်ဆီ ပေးပို့ခဲ့ပါတယ်။ အစ္စရေးကလည်း ဒီအခြေအနေကို ချက်ချင်း အရေးပေါ် တုံ့ပြန်ခဲ့သလို FZ1073ရဲ့ ပျံသန်းမှု ခရီးစဉ်ကို စောင့်ကြည့်ဖို့ တိုက်လေယာဉ် နှစ်စီးကို စေလွှတ်ခဲ့ပါတယ်။

Public Service Announcement
ဒါပေမဲ့ ခရီးသည်တင် လေယာဉ်ဟာ ဂျော်ဒန် လေပိုင်နက်ထဲကနေ လမ်းကြောင်းပြောင်းပြီး ဆော်ဒီအာရေးဘီးယားမှာ အရေးပေါ် ဆင်းသက်ဖို့ လိုအပ်လာတာကြောင့် အစ္စရေးက ဆော်ဒီနဲ့ လှမ်းညှိနှိုင်းခဲ့ပါတယ်။ အစ္စရေး တိုက်လေယာဉ်တွေလည်း လေပိုင်နက် မကျော်တော့ဘဲ ပြန်လှည့်ခဲ့ပြီး ဆော်ဒီက ခရီးသည်တင် လေယာဉ်ကို တာဘွတ်ခ်မြို့မှာ ဆင်းသက်နိုင်အောင် စီစဉ်ပေးခဲ့ပါတယ်။
လေယာဉ် ဘေးကင်းကင်းနဲ့ ဆင်းသက်ပြီးတာနဲ့ ဆော်ဒီ အာဏာပိုင်တွေဟာ အိုမန်နိုင်ငံသားလို့ သတင်းတွေမှာ ဖော်ပြထားတဲ့ တွဲဖက်လေယာဉ်မှူးကို ချက်ချင်း ဖမ်းဆီးပြီး ဒဏ်ရာရထားသူ လေယာဉ်မှူးကိုလည်း ဆေးရုံတင်ပို့ပေးခဲ့ပါတယ်။ ခရီးသည် အားလုံးကတော့ နောက်ပိုင်းမှာ အစ္စရေးကို ချောချောမောမော ပြန်လည် ရောက်ရှိခဲ့ပါတယ်။
လေယာဉ်ပေါ်မှာ ကလေး ၂၇ ဦး အပါအဝင် စုစုပေါင်း ခရီးသည် ၁၇၄ ဦးနဲ့ အမှုထမ်း ၆ ဦး စီးနင်းလိုက်ပါလာခဲ့ပါတယ်။ ခရီးသည် ၁၆၉ ဦးဟာ အစ္စရေး နိုင်ငံသားတွေဖြစ်ပြီး နောက်ထပ် ၄ ဦးကတော့ အစ္စရေးနဲ့ အမေရိကန် ပတ်စ်ပို့တ် ပူးတွဲကိုင်ဆောင်ထားသူတွေလို့ သိရပါတယ်။ တစ်နည်းအားဖြင့် လေယာဉ်သာ အနုကြမ်းစီး ခံရပြီး ပျက်ကျမယ်ဆိုရင် အစ္စရေးအများအပြား အစုလိုက် သေဆုံးကုန်မယ့် သဘောပါပဲ။
နေတန်ညာဟုက အိန္ဒိယ နိုင်ငံသား စမစ် မတ်ချာဟာရဲ့ ရဲစွမ်းသတ္တိရှိရှိ တုံ့ပြန်တိုက်ခိုက်မှု၊ လေယာဉ်မှူး အခန်းတံခါးကို ဖွင့်ပေးမှုတွေသာ မရှိခဲ့ရင် အကုန်ဒုက္ခရောက်ကုန်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ ကိုယ်တိုင် ဒဏ်ရာ အပြင်းအထန် ရထားပေမယ့် မတ်ချာဟာက လေထဲမှာ ကျရောက်လာမယ့် ကပ်ဘေးကြီး တစ်ခုကို အစွမ်းကုန် ကာကွယ်တားဆီးပေးခဲ့တဲ့ စစ်မှန်တဲ့ သူရဲကောင်း ဖြစ်တယ်လို့ သူက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားပါတယ်။
သူက ခရီးသည် အများစုဟာ အစ္စရေးတွေ ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး တွဲဖက် လေယာဉ်မှူးဟာ လေယာဉ်က အစ္စရေး ပိုင်နက်နား ချဉ်းကပ်လာတော့မှ ရည်ရွယ်ချက်ရှိရှိ စတင်တိုက်ခိုက်ခဲ့တာ ဖြစ်နိုင်ကြောင်း ဆိုပါတယ်။ နေတန်ညာဟုက အိန္ဒိယ လေယာဉ်မှူးဟာ 9/11 နောက်ထပ်ဖြစ်စဉ် တစ်ခုကို တားဆီးပေးခဲ့တာလို့လည်း ချီးကျူးခဲ့ပါတယ်။
အစ္စရေး ခရီးသည်တွေက အစ္စရေးနိုင်ငံရဲ့ ဘန်ဂူရီယန် လေဆိပ်ထဲ ပြန်ရောက်လာချိန်မှာလည်း နေတန်ညာဟုကိုယ်တိုင် သွားရောက် ကြိုဆိုခဲ့ပါတယ်။ ရှုပ်ရှုပ်ထွေးထွေး အခြေအနေမှာ လေယာဉ်မှူး အခန်းထဲ ပြေးဝင်သွားပြီး စိုက်ဆင်းနေတဲ့ လေယာဉ်ရဲ့ ထိန်းချုပ် မောင်းတံကို ပြန်ဆွဲတင်ခဲ့သူ ခရီးသည် ယန်နစ်ဗ် ဟေယွန်ကိုလည်း ဝန်ကြီးချုပ်က ဖက်လှဲတကင်း နှုတ်ဆက်ခဲ့ပါတယ်။ ရေပိုက်ပြင်သမား တစ်ဦးသာဖြစ်ပြီး လေယာဉ်မောင်း အတွေ့အကြုံ မရှိတဲ့ ဟေယွန်ရဲ့ ရုတ်တရက် တုံ့ပြန်မှုကြောင့် လေယာဉ်ဟာ ပြန်ဦးမော့သွားခဲ့ပြီး နောက်တော့မှ လေယာဉ်အဖွဲ့သား တစ်ဦးက လက်လွှဲယူပြီး ထိန်းချုပ် မောင်းနှင်ခဲ့တာ ဖြစ်ပါတယ်။
သတင်းထောက်တွေက အဲဒီလို လေယာဉ်မောင်းတံကို ဆွဲတင်ရမယ်မှန်း ဘယ်လို သိသလဲလို့ မေးတဲ့အခါ ဟေယွန်က သူဟာ Air Crash Investigationဆိုတဲ့ ရုပ်မြင်သံကြား အစီအစဉ်ကို စောင့်ကြည့်တာကြောင့် အရေးပေါ် အခြေအနေမှာ လေယာဉ် ဘယ်လို ပြန်ဦးမော့အောင် လုပ်ရမလဲ ဆိုတာကို ဗဟုသုတ ရှိထားကြောင်း ရှင်းပြခဲ့ပါတယ်။ အစ္စရေးမှာတော့ သူကလည်း လေယာဉ်မှူးလိုပဲ သူရဲကောင်းတစ်ဦး ဖြစ်လာခဲ့ပါတယ်။
တွဲဖက်လေယာဉ်မှူးက လေယာဉ်ကို ဘာကြောင့် အပိုင်စီးဖို့ ကြိုးစားရသလဲ၊ နောက်ကွယ်မှာရော ဘယ်သူတွေ ရှိနေသေးသလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကာ့ဇ်က ဒီလုပ်ရပ်ဟာ ဂျီဟတ် အစွန်းရောက်ဝါဒကို အခြေပြုတဲ့ အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုလို့ စွပ်စွဲထားပါတယ်။
Flydubai လေကြောင်းလိုင်းနဲ့ ယူအေအီး အာဏာပိုင်တွေကတော့ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲဖြစ်ပြီး အချက်အလက် အတိအကျ ထွက်ပေါ်မလာခင် စိတ်မှန်းနဲ့ ထင်ကြေးတွေ၊ ကောလာဟလတွေ ဖြန့်ဝေတာမျိုး မလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။
လေယာဉ်မှူး အခန်းထဲ ပြေးသွားပြီး တွဲဖက်လေယာဉ်မှူးကို ချုပ်နှောင်ရာမှာ ကူညီခဲ့သူ အဆက်ဖ် ရာဂျွန်းကလည်း အဲဒီ အချိန်မှာတော့ ကိုယ့်သမီးနဲ့ ကိုယ့်မိသားစု အသက်ကို ကာကွယ်ဖို့ကလွဲရင် ဘာမှ မတွေးမိဘဲ အလိုလို တုံ့ပြန်မိခဲ့တာလို့ ပြောပြပါတယ်။ သူ့ကို သတင်းဌာနတွေက မေးမြန်းချိန် ရာဂျွန်းရဲ့ နဖူးမှာ သွေးစတွေ ရှိနေဆဲပါ။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က နေတန်ညာဟုနဲ့ ဖုန်းပြောခဲ့တဲ့နောက် တွဲဖက်လေယာဉ်မှူးဟာ အကြမ်းဖက်သမား ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ အိမ်ဖြူတော်မှာ သတင်းထောက်တွေကို မှတ်ချက်ပေးခဲ့ပါတယ်။ လေယာဉ်မှူးက ဓားနဲ့ ထိုးခံရချိန်မှာ နောက်ပြန် ပြုတ်ကျသွားအောင် ကြိုးစားရင်း တံခါးကို ရအောင် ဖွင့်ပြီး အော်ဟစ် အကူအညီ တောင်းခဲ့ကြောင်း၊ အစ္စရေး ရေပိုင်ပြင်သမား တစ်ယောက်က အခြေအနေကို ချက်ချင်း သဘောပေါက်ပြီး အရေးပေါ် တုံ့ပြန်ခဲ့ကြောင်း၊ အဲဒီအချိန်မှာ လေယာဉ်ဟာ မယုံနိုင်လောက်စရာ ထောင့်ချိုးမျိုးနဲ့ စိုက်ဆင်းနေခဲ့ကြောင်း၊ သူက တွဲဖက် လေယာဉ်မှူးကို ခုံကနေ အတင်းတွန်းထိုးဖယ်ရှားနိုင်ခဲ့ပြီး ကျန်တဲ့ ခရီးသည်တွေက ဝိုင်းဖမ်း၊ ဝိုင်းချုပ်ပေးခဲ့ကြောင်း၊ အဲဒီနောက် ဘယ်တုန်းကမှ လေယာဉ်မမောင်းဖူးတဲ့ ရေပိုင်ပြင်သမားဟာ မောင်းတံကို ပြန်ဆွဲမတ်ပြီး လေယာဉ်ကို ပျက်ကျမသွားအောင် တားဆီးနိုင်ခဲ့ကြောင်း ထရမ့်က ပြောပါတယ်။
ဓားထိုးခံရတဲ့ လေယာဉ်မှူးရဲ့ အခြေအနေကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ရီယတ်ဒ်မြို့မှာရှိတဲ့ ဆော်ဒီနိုင်ငံဆိုင်ရာ အိန္ဒိယ သံရုံးက မတ်ချာဟာ တာဘွတ်ခ်မြို့က ဆေးရုံတစ်ခုဆီ တက်ရောက်ပြီး လိုအပ်တဲ့ ကုသမှုတွေ ခံယူနေဆဲလို့ ပြောပါတယ်။ နောက်ဆုံးရ သတင်းအချက်အလက်တွေကို စောင့်ဆိုင်းနေဆဲ ဖြစ်ပေမယ့် လေယာဉ်မှူးရဲ့ အခြေအနေ တည်ငြိမ်စ ပြုလာပြီလို့ ယုံကြည်ရကြောင်း သံရုံးက မှတ်ချက်ပေးထားပါတယ်။
ကိုးကား: CNN



















































