Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယား ရေတပ်ကို နျူကလီးယားလက်နက် တပ်ဆင်မယ်လို့ ကင်မ်ဂျုံအွန်းပြော

မြောက်ကိုရီးယား ရေတပ်ကို နျူကလီးယား စစ်တပ်တစ်ခုအဖြစ် တည်ဆောက်သွားမယ်လို့ အဓိပတိ ကင်မ်ဂျုံအွန်းက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - KCNA/Reuters

မြောက်ကိုရီးယား ရေတပ်ကို နျူကလီးယား စစ်တပ်တစ်ခုအဖြစ် တည်ဆောက်သွားမယ်လို့ အဓိပတိ ကင်မ်ဂျုံအွန်းက ပြောကြားခဲ့ပါတယ်။

အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန် သုံးနိုင်ငံ ပူးပေါင်းပြီး Freedom Edge ရေတပ် လေ့ကျင့်မှု အစီအစဉ် စတင်တဲ့ စက်တင်ဘာ ၇ ရက်မှာ ကင်မ်ရဲ့ အဲဒီမှတ်ချက်စကားကို မြောက်ကိုရီးယား အစိုးရ မီဒီယာတွေက ဖော်ပြလာခဲ့တာပါ။ မဟာမိတ် သုံးနိုင်ငံရဲ့ စစ်ဘက် အရာရှိတွေကတော့ ၂၀၂၃ ကနေ စတင်လာခဲ့တဲ့ Freedom Edge စစ်ရေးလေ့ကျင့်မှုတွေဟာ မြောက်ကိုရီးယားရဲ့ ဒုံးကျည်နဲ့ နျူကလီးယားလက်နက် ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့ အဓိက ရည်ရွယ်ကြောင်း ဆိုပါတယ်။

စက်တင်ဘာ ၆ ရက်နေ့တုန်းက မြောက်ကိုရီးယား ရေတပ်ရဲ့ စစ်သင်္ဘောအသစ် Kang Konကို ဝမ်ဆွန်းမြို့ ဆိပ်ကမ်းမှာ တပ်တော်ဝင်ပွဲ အခမ်းအနား ကျင်းပချိန်မှာ ကင်မ်က ရေတပ်ကို နျူကလီးယားလက်နက်တွေ တပ်ဆင်မယ့်အကြောင်း ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ သင်္ဘောဟာ ၂၀၂၅ ခုနှစ်၊ မေလတုန်းက ရေချချိန်မှာ တိမ်းမှောက်သွားလို့ ပြန်လည် ပြင်ဆင်ထားရတဲ့ ရေယာဉ်ပါ။

တကယ့် လက်တွေ့စစ်ပွဲ ဖြစ်လာချိန်မှာ နျူကလီးယား လက်နက် စနစ်တွေကို ထိထိရောက်ရောက်နဲ့ စုံစုံလင်လင် အသုံးချနိုင်တာ သေချာအောင် ကြိုတင် ပြင်ဆင်ထားရမှာ ဖြစ်ကြောင်း၊ မြောက်ကိုရီးယား အနေနဲ့ ရေတပ်ကိုပါ နျူကလီးယား တိုက်ခိုက်ရေး စစ်တပ်တစ်ခုအဖြစ် တည်ဆောက်ဖို့ ရည်ရွယ်ထားကြောင်း ကင်မ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ထုတ်ပြန်တဲ့ ဓာတ်ပုံတွေထဲမှာတော့ သူ့ရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူလို့ ကျယ်ကျယ်ပြန့်ပြန့် ထင်ကြေးပေး ခံနေရတဲ့ သမီးဖြစ်သူ ကင်မ်ဂျူအေးနဲ့အတူ မြောက်ကိုရီးယား ခေါင်းဆောင်က စစ်သင်္ဘောပေါ် လှည့်ပတ်စစ်ဆေးနေတာ တွေ့ရပါတယ်။

ဇူလိုင်လတုန်းကလည်း ကင်မ်ဟာ Kang Konရဲ့ စွမ်းဆောင်ရည်ဆိုင်ရာ လက်တွေ့ စမ်းသပ်မှု တစ်ခုကို တက်ရောက်ကြည့်ရှုခဲ့ဖူးပါတယ်။ အဲဒီ ရေယာဉ်ဟာ မြောက်ကိုရီးယား ရေတပ်က အသစ်တည်ဆောက်တဲ့ နည်းပညာပိုင်း အဆင့်အမြင့်ဆုံး တန် ၅၀၀၀ စစ်သင်္ဘောတွေထဲက တစ်စီးဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ အဲဒီ အမျိုးအစားရေယာဉ် ၂ စီး ပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။

ရေတပ်ကို နျူကလီးယား စစ်တပ်အဖြစ် တည်ဆောက်မယ်ဆိုတဲ့ ကင်မ်ရဲ့ စကားအရ အဲဒီသင်္ဘောတွေမှာ နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်တွေ တပ်ဆင်လာမယ်လို့ ယုံကြည်ရပါတယ်။

ကင်မ်က မြောက်ကိုရီးယား ရေတပ်ဟာ အရေးကြီးတဲ့ အစီအမံ တစ်ခုကိုလည်း လာမယ့် ၈ လအတွင်း တစ်ကမ္ဘာလုံး မြင်သာအောင် ထုတ်ပြသွားဖို့ ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။ ဒီစကားကတော့ မြောက်ကိုရီးယား ရေငုပ်သင်္ဘောတွေမှာ အခြေစိုက် ပစ်ခတ်တဲ့ တာဝေး တိုက်ချင်းပစ် ဒုံးကျည်လက်နက် အသစ်တစ်ခုခု စတင်မိတ်ဆက်တာမျိုးကို ရည်ညွှန်းတာ ဖြစ်နိုင်ကြောင်း လေ့လာသူတွေက သုံးသပ်ထားပါတယ်။

တစ်ဖက်မှာတော့ မြောက်ကိုရီးယားရဲ့ ပြိုင်ဘက်သုံးနိုင်ငံဟာ Freedom Edge စစ်ရေးလေ့ကျင့်မှုတွေကို တောင်ကိုရီးယားပိုင် ဂျယ်ဂျူကျွန်းရဲ့ အရှေ့ဖက်နဲ့ တောင်ဖက်က နိုင်ငံတကာ ရေပိုင်နက်ထဲမှာ စက်တင်ဘာ ၇ ရက်ကနေ ၁၁ ရက်နေ့ထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

မြောက်ကိုရီးယားနဲ့ အမေရိကန်ကြား ထိပ်သီး အစည်းအဝေးဟာ အချိန်မရွေး အကောင်အထည် ပေါ်လာနိုင်ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီက ယူဆထားပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား အစိုးရဟာ ကာကွယ်ရေး ဝန်ကြီးကို ရာထူးကနေ ရုတ်တရက် ထုတ်ပယ်လိုက်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား အရေးနဲ့ ပတ်သက်ရင် နှစ်နိုင်ငံ နီးနီးကပ်ကပ် ဆက်လက် ပူးပေါင်းပြီး ကိုင်တွယ်ဖို့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးပေါင်း စစ်ရေးလေ့ကျင့်နေချိန်နဲ့ တိုက်ဆိုင်ပြီး မြောက်ကိုရီးယားက တာတို ပဲ့ထိန်းဒုံးကျည် ၁၀ စင်းထက်မနည်း စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။