အင်ဒိုနီးရှားနိုင်ငံ ကမ်းလွန် ဂျာဗားပင်လယ်ပြင်မှာ ခရီးသည်တင် သင်္ဘောတစ်စီး အဆက်အသွယ် ပြတ်တောက်မှုနဲ့ ပတ်သက်လို့ အနည်းဆုံး ၁ ဦးသေပြီး ၁၀၀ ကျော်ကို ကယ်တင်ထားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
လူပေါင်း ၂၄၃ ဦးကို တင်ဆောင်လာတဲ့ Virgo Transport 8 ရေယာဉ်ဟာ ဆူရာဘာယာမြို့ကနေ ထွက်ခွာသွားပြီး ကာလီမန်တန် တောင်ပိုင်းမှာရှိတဲ့ ဘန်ဂျာမာဆင် မြို့ဆီကို ဦးတည်ခုတ်မောင်းရင်း စက်တင်ဘာ ၁၃ ရက် မနက်အစောပိုင်း အရုဏ်မတက်ခင် ပင်လယ်ပြင်မှာ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာပါ။
အဲဒီနောက် ရေယာဉ်ကို လိုက်လံရှာဖွေပြီး တည်နေရာကို အတည်ပြု တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။ ရေယာဉ်ဟာ ရာသီဥတု ကြမ်းတမ်းမှု၊ လှိုင်းထန်မှုတွေနဲ့ ကြုံတွေ့ခဲ့ပြီး ဒုက္ခရောက်နေခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ရေယာဉ်က နစ်မြုပ်သွားတာလား ဆိုတာကိုတော့ ကယ်ဆယ်ရေး အဖွဲ့တွေက တိတိကျကျ ပြောမထားပါဘူး။
အတည်မပြုနိုင်တဲ့ သတင်းတချို့ကတော့ သင်္ဘောဟာ ရေဝင်ပြီး စတင်နစ်မြုပ်နေတယ်လို့ ဖော်ပြထားပါတယ်။ ရာနဲ့ချီတဲ့ ခရီးသည်တွေဟာ ရေယာဉ်ကို စွန့်ခွာပြီး အသက်ကယ် အင်္ကျီတွေနဲ့ ရေထဲ ဆင်းနေကြပေမယ့် ရေစီးကြမ်းတာ၊ ပိန်းပိတ်အောင် မှောင်မည်းနေတာ၊ ရာသီဥတု ဆိုးရွားတာတွေကြောင့် ကယ်ဆယ်ရေးမှာ အခက်အခဲတွေ ကြုံခဲ့ပါတယ်။

Public Service Announcement
သင်္ဘောတည်ရှိနေရာ ရေပြင်မှာတော့ ကယ်ဆယ်ရေး ရေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေကို အသုံးပြုပြီး ပျောက်ဆုံးနေသူတွေကို ဖြန့်ကျက် ရှာဖွေနေပါတယ်။
အင်ဒိုနီးရှားဟာ ကျွန်းပေါင်း ၁၇၀၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ ကျွန်းစုနိုင်ငံဖြစ်ပြီး ရေလမ်း သယ်ယူပို့ဆောင်ရေးအပေါ် အကြီးအကျယ် မှီခိုနေရဆဲပါ။ ဒါပေမဲ့ ရေယာဉ်တွေရဲ့ ကြံ့ခိုင်မှုနဲ့ လုံခြုံရေးစံနှုန်း အားနည်းချက်တွေကြောင့် မတော်တဆမှုတွေလည်း မကြာခဏ ကြုံရဖူးပါတယ်။
ပြီးခဲ့တဲ့ လတုန်းကလည်း မာဒူရာ ကျွန်းနားမှာ အင်ဒိုနီးရှား ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှုကြောင့် လူ ၅ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။
ကိုးကား: BBC

















































