NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေကြားမှာ တည်ရှိနေတဲ့ ရုရှားရဲ့ ပိုင်နက်နယ်မြေ တစ်ခုအပေါ် တိုက်ရိုက် ခြိမ်းခြောက်မှုတွေ ရှိလာရင် ရုရှားကလည်း လက်နက်တိုက်ထဲမှာ ရှိသမျှ အရင်းအမြစ် အားလုံးကို ထုတ်သုံးပြီး လက်တုံ့ပြန်မယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ခြိမ်းခြောက်ခဲ့ပါတယ်။
ဒါဟာ ရုရှားက နျူကလီးယား လက်နက်တွေကိုပါ အသုံးပြုလာနိုင်တယ် ဆိုတာမျိုး NATOကို သတိပေးလိုက်တဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။ ကာလင်နင်ဂရတ်ဟာ ရုရှားနိုင်ငံနဲ့ တသီးတခြား တည်ရှိပြီး ပိုလန်၊ လစ်သူယေးနီးယား၊ ဘီလားရုစ်နဲ့ ဘောလ်တစ် ပင်လယ်တွေက ဝန်းရံတည်ရှိပါတယ်။ ပိုလန်နဲ့ လစ်သူယေးနီးယားတို့ဟာ NATO အဖွဲ့ဝင် နိုင်ငံတွေဖြစ်ပြီး ဘီလားရုစ်ကတော့ ရုရှားရဲ့ အမာခံ မဟာမိတ် ဖြစ်ပါတယ်။
ပူတင်က ရုရှားပိုင် ကာလင်နင်ဂရတ်ကို ပိတ်ဆို့တဲ့၊ ထိပါးတိုက်ခိုက်တဲ့ ဘယ်လိုကိစ္စကိုမဆို ရုရှားဖက်ကလည်း အရင်းအမြစ် အားလုံး ထုတ်သုံးပြီး တုံ့ပြန်မှာ ဖြစ်တယ်လို့ အောက်တိုဘာ ၁ ရက်နေ့က ပြောကြားခဲ့ပါတယ်။ ရုရှားဟာ ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ တိုက်ရိုက် ခြိမ်းခြောက်ဖို့ မရည်ရွယ်ကြောင်း၊ ဒါပေမဲ့ ၂၀၂၉၊ ဒါမှမဟုတ် ၂၀၃၀ လောက်မှာ စစ်ဖြစ်လာနိုင်ခြေအတွက် ကြိုတင်ပြင်ဆင်နေတယ်ဆိုတဲ့ ဥရောပနိုင်ငံ တချို့ရဲ့ ခေါင်းဆောင်တွေကိုသာ တုံ့ပြန်ခြင်းဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။
အခုသီတင်းပတ်ထဲမှာ ရုရှားဟာ NATOက ကာလင်နင်ဂရတ် ဒေသကို ပိတ်ဆို့ဖို့ ကြံစည်ကြိုးစားနေကြောင်း စွပ်စွဲမှုတွေကို အရှိန်မြှင့်လာခဲ့ပါတယ်။ တစ်ဖက်မှာတော့ NATOကလည်း သူတို့ရဲ့ ရပ်တည်မှုဟာ ကာကွယ်ရေး မဟာမိတ် အစုအဖွဲ့ တစ်ခုသာဖြစ်ပြီး ဘယ်လို ကျူးကျော်မှုကိုမှ ပူးပေါင်းလုပ်ဆောင်ဖို့ ရည်ရွယ်ချက် မရှိကြောင်း၊ ရုရှားအနေနဲ့ နျူကလီးယား လက်နက်တွေပြပြီး ခြိမ်းခြောက်တာကို ရပ်သင့်နေပြီဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။

Public Service Announcement
ပူတင်ရဲ့ အခုလို ကိုယ်တိုင် ခြိမ်းခြောက်တဲ့ စကားမျိုး ထွက်ပေါ်မလာခင် ကတည်းက NATO အတွင်းရေးမှူးချုပ် မတ်ခ်ရူတေးက NATOဟာ ကာလင်နင်ဂရတ်ကို ပစ်မှတ်ထားဖို့ လုံးဝ အစီအစဉ် မရှိကြောင်း ဖြေရှင်းထားပါတယ်။ နောက်ပြီး NATOနဲ့ ဖက်ပြိုင်ပြီး ပဋိပက္ခ ဖြစ်လာမယ်ဆိုရင် ရုရှားမှာ နိုင်ခြေ မရှိဘူးလို့လည်း သူက သတိပေးခဲ့ပါတယ်။
NATOဟာ အဖွဲ့ဝင်နိုင်ငံတိုင်းရဲ့ ပိုင်နက်နယ်မြေတွေကို တစ်လက်မတောင် အထိပါး မခံဘဲ ကာကွယ်မှာ ဖြစ်ကြောင်း၊ တစ်ခုခု ဖြစ်လာရင်လည်း တန်ပြန်ဖို့ NATOဖက်က အဆင်သင့် ရှိနေကြောင်း ရူတေးက ဆိုပါတယ်။
ရုရှားက NATOဖက်ကို ပေးပို့တဲ့ စာတစ်စောင်ထဲမှာ ကာလင်နင်ဂရတ်ကို ရုရှားနဲ့ ဆက်သွယ်မှုကနေ ဖြတ်တောက်တဲ့ လုပ်ရပ်မျိုး လုံးဝ စိတ်မကူးဖို့ ရေးသားထားကြောင်း သတင်းတွေ ထွက်ပေါ်လာတဲ့နောက် ရူတေးက အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ ရူတေးက စာထဲမှာပါတဲ့ အကြောင်းအရာတွေအကြောင်း ဆွေးနွေးဖို့ ငြင်းဆိုခဲ့ပေမယ့် ဘောလ်တစ် ပင်လယ်ပြင် တဝိုက်မှာ နျူကလီးယားစစ်ပွဲ ဖြစ်ပွားလာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေကိုတော့ ပယ်ချထားပါတယ်။
ရူတေးက NATO ဆိုတာဟာ ကာကွယ်ရေး မဟာမိတ် အဖွဲ့ တစ်ခုသာဖြစ်ကြောင်း၊ ရုရှား အနေနဲ့ နျူကလီးယားအကြောင်း ခြိမ်းခြောက်တာတွေကို ရပ်သင့်ပြီဖြစ်ကြောင်း၊ ဒါမျိုးလုပ်နေတာက ဘာမှလည်း အလုပ်မဖြစ်နိုင်ကြောင်း၊ ဒါ့အပြင် ယူကရိန်းအပေါ် တစ်ဖက်သတ် ဆင်နွှဲတဲ့ ကျူးကျော်စစ်ကိုလည်း ရပ်သင့်ကြောင်း သူက ဆိုပါတယ်။
သူက ပူတင်ဟာ NATOနဲ့ စစ်တိုက်ရင်လည်း နိုင်ခြေမရှိဘူးလို့ သုံးသပ်ခဲ့ပါတယ်။ ပူတင်က NATOကို နိုင်မှာ မဟုတ်ဘူးဆိုတာ လူတိုင်းလည်း သဘောပေါက်ထားကြောင်း၊ ရုရှားဆီက ခြိမ်းခြောက်မှုတွေကို သူ့အနေနဲ့ အရမ်းလည်း အလေးအနက် ထားနေမှာ မဟုတ်ကြောင်း ရူတေးက ပြောကြားသွားပါတယ်။
ကိုးကား: BBC


















































