ကိုရီးယား နှစ်နိုင်ငံ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေနဲ့ လုံးဝ မပတ်သက်ကြောင်း မြောက်ကိုရီးယား အစိုးရက ငြင်းဆိုခဲ့ပါတယ်။
တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံကြား နယ်နိမိတ်စည်းအဖြစ် သတ်မှတ်ထားရာ စစ်မဲ့ဇုန် ဧရိယာမှာ စက်တင်ဘာ ၂၁ ရက်နေ့ ပေါက်ကွဲမှုတွေ ဖြစ်ပွားပြီး တောင်ကိုရီးယား စစ်သည် ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ သူတို့ထဲက တစ်ယောက်ကတော့ ခြေတစ်ဖက်ပါ ဆုံးရှုံးခဲ့ပါတယ်။
DMZဟာ ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်း အထူထပ်ဆုံး နယ်မြေတစ်ခုဖြစ်ပြီး နှစ်ဖက်စလုံးက မိုင်းတွေကို ထောင်ထားကြပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် အခုပေါက်ကွဲမှုတွေရဲ့ အကြောင်းရင်းဟာ မြောက်ကိုရီးယား ထောင်ထားတဲ့ မိုင်းတွေကြောင့် ဖြစ်နိုင်ခြေ မြင့်မြင့်မားမား ရှိနေကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
ဒါဟာ လက်နက်ထိန်းချုပ်ရေးဆိုင်ရာ သဘောတူညီမှုတွေကို ရှင်းရှင်းလင်းလင်း ချိုးဖောက်တာဖြစ်ကြောင်း၊ မြောက်ကိုရီးယားမှာ တာဝန်ရှိတာ ကျိန်းသေရင် တောင်ကိုရီးယားကလည်း သင့်တော်တဲ့ တုံ့ပြန်မှုတွေကို စဉ်းစား ရွေးချယ်မှာဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကန်ရှင်ချူက စက်တင်ဘာ ၂၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

Public Service Announcement
နောက်တစ်နေ့မှာတော့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းရဲ့ နိုင်ငံရေး ဩဇာ ကြီးမားတဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျောင်က DMZမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုတွေဟာ သူ့နိုင်ငံနဲ့ ဘာမှ မပတ်သက်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ DMZမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုတွေရဲ့ သဘောသဘာဝနဲ့ လုပ်ပုံကိုင်ပုံဟာ အရမ်း အဆင့်အတန်းနိမ့်ပြီး ညစ်ပတ်ကြောင်း၊ တောင်ကိုရီးယားရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီနေကြောင်း ပြောပါတယ်။
တောင်ကိုရီးယားဟာ သက်သေ အထောက်အထား အတုတွေကို လုပ်ကြံဖန်တီးပြီးရင် တခြားတစ်ယောက်ယောက်ကို အပြစ်ဖို့တာမျိုး လုပ်နေကျဖြစ်ကြောင်း၊ လှုံ့ဆော်ရန်စမှုတွေကို ခေါင်းဆောင်နေသူတွေ အနေနဲ့ သူတို့လုပ်ရပ်တွေအတွက် ထိုက်တန်တဲ့ တန်ဖိုး ပြန်ပေးဆပ်ဖို့ ပြင်ထားသင့်ကြောင်း ကင်မ်ယိုဂျောင်ရဲ့ မှတ်ချက်ကို အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြထားခဲ့ပါတယ်။
တောင်ကိုရီးယားဟာ မြောက်ကိုရီးယားကို နိုင်ငံရေးနဲ့ စစ်ရေးအရ ရန်စဖို့အတွက် မဟုတ်မမှန် လုပ်ရပ်တွေ ဖန်တီးပြီး စွပ်စွဲတာတွေ လုပ်လေ့ရှိတယ်လို့လည်း ကင်မ်ယိုဂျောင်က ဆိုပါတယ်။
၂၀၂၄ ကစလို့ မြောက်ကိုရီးယား အစိုးရဟာ တောင်ပိုင်း အိမ်နီးချင်း ပြိုင်ဘက် နိုင်ငံကို နံပါတ်တစ် ရန်သူအဖြစ် တရားဝင် အတည်ပြု ကြေညာခဲ့ပါတယ်။ နောက်တော့ DMZ တလျှောက်မှာ မြေမြှုပ်မိုင်းတွေနဲ့ တင့်ကား အတားအဆီးတွေကို ပိုမို ဖြန့်ကျက် ထားရှိခဲ့သလို တောင်ကိုရီးယားဖက်ခြမ်းနဲ့ ဆက်သွယ်ထားတဲ့ လမ်းကိုပါ မိုင်းခွဲ ဖျက်ဆီးခဲ့ပါတယ်။
၂၀၁၅ ခုနှစ်တုန်းကလည်း DMZရဲ့ တောင်ဖက်ပိုင်း တစ်နေရာမှာ ပေါက်ကွဲမှု ဖြစ်ပွားရာက တောင်ကိုရီးယား စစ်သားနှစ်ဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးကတော့ ခြေနှစ်ဖက်စလုံး ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။
ကိုးကား: CNA


















































