မော်ရိုကို နိုင်ငံမှာ သမိုင်းတလျှောက် ပထမဆုံး အကြိမ်အဖြစ် အမျိုးသမီး တစ်ဦးက ဝန်ကြီးချုပ် ရာထူးကို လက်ခံရရှိခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် ရွေးကောက်ပွဲတုန်းက သူဦးဆောင်တဲ့ အလယ်အလတ် လမ်းစဉ်ပါတီ Authenticity and Modernity (PAM)က လွှတ်တော်အမတ် နေရာ အများဆုံးကို အနိုင်ရရှိခဲ့တဲ့နောက် ဖာတီမာ ဇာဟ်ရာ အယ်လ် မန်ဆူရီဟာ ဝန်ကြီးချုပ် ရာထူးအတွက် ရွေးချယ် ခံခဲ့ရတာ ဖြစ်ပါတယ်။
စက်တင်ဘာ ၂၉ ရက်နေ့မှာ မော်ရိုကိုဘုရင် ဆဋ္ဌမ မိုဟာမက်က အယ်လ် မန်ဆူရီကို ဝန်ကြီးချုပ်အဖြစ် တရားဝင် အသိအမှတ်ပြု ခန့်အပ်ခဲ့ပါတယ်။ သူဟာ တစ်ပါတီတည်း လုပ်ဖော်ကိုင်ဖက်ဖြစ်သူ မော်ရိုကို ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ထိပ်တန်းနိုင်ငံရေးသမား ဖူဇီ လက်ခ်ဂျားကို ကျော်ဖြတ်ပြီး ဝန်ကြီးချုပ် နေရာကို ရရှိခဲ့တာ ဖြစ်ပါတယ်။
မော်ရိုကိုမှာ ဘုရင်ဟာ နိုင်ငံရဲ့ အကြီးအကဲဖြစ်ပြီး ဝန်ကြီးချုပ်ကိုတော့ အစိုးရအဖွဲ့ အကြီးအကဲလို့ သတ်မှတ်ပါတယ်။ အာရပ်ကမ္ဘာမှာတော့ အသက် ၅၀ အရွယ် အယ်လ် မန်ဆူရီဟာ တူနီးရှား ဝန်ကြီးချုပ်ဟောင်း နက်ဂျ်လာ ဘူဒန်ပြီးရင် အစိုးရ အကြီးအကဲ တာဝန်ကို ယူရတဲ့ ဒုတိယမြောက် အမျိုးသမီးအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။

Public Service Announcement
အယ်လ် မန်ဆူရီဟာ မာရာကက်ရှ် မြို့တော်ဝန်အဖြစ် နှစ်အတော်ကြာ အလုပ်လုပ်ခဲ့ဖူးသလို အရင် ညွန့်ပေါင်းအစိုးရ လက်ထက်တုန်းကလည်း ဝန်ကြီးတာဝန်တွေ ထမ်းဆောင်ခဲ့ဖူးပါတယ်။
မော်ရိုကိုဟာ စည်းမျဉ်းခံ ဘုရင်စနစ်ကို ကျင့်သုံးပေမယ့် ဘုရင်မှာ နိုင်ငံရေး လုပ်ပိုင်ခွင့် အာဏာ အများစုက ရှိနေဆဲ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်အဖြစ် အယ်လ်မန်ဆူရီကို ရွေးချယ် ဆုံးဖြတ်တဲ့ အခမ်းအနားမှာ ဘုရင်ကိုယ်တိုင် တက်ရောက်ခဲ့ပြီး အယ်လ်မန်ဆူရီကလည်း မော်ရိုကိုရဲ့ ဘုရင်ဟာ နိုင်ငံမှာ အမျိုးသမီး အခွင့်အရေးအတွက် အတက်ကြွဆုံး အားပေးကူညီသူ တစ်ဦးလို့ ချီးကျူး ပြောဆိုခဲ့ပါတယ်။
သူဟာ ဥပဒေဘွဲ့ရ ရှေ့နေတစ်ဦးဖြစ်ပြီး ပြည်တွင်းမှာ ဘွဲ့ရခဲ့တဲ့နောက် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး အထူးပြု ဥပဒေ ဘွဲ့လွန်တွေကို ပြင်သစ်နဲ့ အမေရိကန်မှာ ဆက်လက် ဆည်းပူး သင်ယူခဲ့ပါတယ်။ သူဟာ မော်ရိုကိုရဲ့ အထင်ရှားဆုံး အမျိုးသမီး နိုင်ငံရေးသမား တစ်ဦးလို့လည်း သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။
ကိုးကား: BBC


















































