အီရန် စစ်ဘက်နဲ့ လုံခြုံရေးဆိုင်ရာ ထိပ်တန်း အရာရှိတွေက စမတ် လက်ပတ်နာရီတွေ ဝတ်ဆင်နေတာနဲ့ ပတ်သက်ပြီး လုံခြုံရေးစည်း ကျိုးပေါက်နိုင်ကြောင်း ဝေဖန်မှုတွေ ရှိနေပါတယ်။
ရန်သူတော် အစ္စရေး နိုင်ငံဟာ အီရန်ထိပ်တန်း စစ်ဦးစီးတွေရဲ့ အနီးတဝိုက်မှာ ရှိနေတဲ့ အီလက်ထရောနစ် ပစ္စည်း ကိရိယာတွေကို အသုံးပြုပြီး တည်နေရာ ရှာဖွေတာ၊ လုပ်ကြံတာတွေ ရှိနေချိန်မှာ စမတ် လက်ပတ်နာရီတွေ ဝတ်ဆင်ခြင်းက အန္တရာယ်ကို ဖိတ်ခေါ်လွန်းရာ ရောက်နေကြောင်း အီရန် စစ်ရေးသုတေသီတွေက ထောက်ပြကြပါတယ်။
အီရန်ရဲ့ စစ်ဘက်နဲ့ လုံခြုံရေးဆိုင်ရာ ထိပ်တန်း အရာရှိတွေ အနေနဲ့ အခြေခံ အကျဆုံး စံနှုန်း စည်းမျဉ်းတွေကို လိုက်နာဖို့လိုကြောင်း အီရန်မီဒီယာ တချို့ကလည်း ဝေဖန် ရေးသားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အီရန်ရဲ့ လုံခြုံရေးဆိုင်ရာ အစုအဖွဲ့တွေနဲ့ နီးစပ်တဲ့ စစ်ရေးသုံးသပ်သူ အလီ ဂိုလ်ဟာကီက စမတ်လက်ပတ်နာရီတွေ ဝတ်ထားတဲ့ စစ်ဘက်နဲ့ လုံခြုံရေး အရာရှိကြီး တချို့ရဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက် မီဒီယာ Xမှာ မျှဝေထားခဲ့ပါတယ်။ တချို့ အီရန် သတင်းဌာနတွေကတော့ ဂိုလ်ဟာကီဟာ လွှတ်တော် ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘက်ဖ်နဲ့ နီးစပ်တဲ့ အကြံပေး တစ်ဦးလို့ ဖော်ပြကြပါတယ်။

Public Service Announcement
ဂိုလ်ဟာကီ မျှဝေထားပြီး စမတ်လက်ပတ်နာရီတွေ ဝတ်ထားကြသူတွေထဲမှာ အီရန်ရဲ့ မဟာဗျူဟာမြောက် အခြေခံ အဆောက်အအုံတွေကို ကာကွယ်ရတဲ့ စစ်ဆင်ရေးတွေကို တာဝန်ယူရသူ ဂိုလမ်ရာဇာ ဂျာလာလီ၊ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အဆင့်မြင့် အရာရှိ တစ်ဦးဖြစ်သူ ရက်ဇာ ဖာရာဟီနဲ့ အမျိုးသားလုံခြုံရေး ကောင်စီ အတွင်းရေးမှူးဟောင်း အလီ ရှမ်ခါနီတို့ ပါဝင်နေပါတယ်။ ရှမ်ခါနီကတော့ အီရန်စစ်ပွဲ စတင်တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့တုန်းက အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း သေဆုံးခဲ့ပါတယ်။
ဂိုလ်ဟာကီက အီရန်ရဲ့ စစ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အရေးပါတဲ့ ပုဂ္ဂိုလ်တွေဟာ အခြေခံ လုံခြုံရေး စည်းမျဉ်းတွေကိုတောင် မလိုက်နာဘဲ စမတ်လက်ပတ်နာရီတွေ ဝတ်ဆင်နေတာက အန္တရာယ်များကြောင်း ထောက်ပြခဲ့ပြီး အဲဒီအတွက်လည်း သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေဟာ ဝေဖန်မှုတွေ ကြုံနေရတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဂျာလာလီကတော့ လူတွေက အိမ်မှာ စမတ်တီဗီတွေ ဝယ်ထားတာမျိုး သူ့ရဲ့ စမတ်လက်ပတ်နာရီကလည်း သဘောတရား တူတူပဲလို့ တုံ့ပြန်ပါတယ်။ ဒါပေမဲ့ ဂိုလ်ဟာကီကတော့ သာမန်လူထုနဲ့ နိုင်ငံရဲ့ အရေးပါတဲ့ လုံခြုံရေး တာဝန်တွေကို ရယူထားတဲ့ ပုဂ္ဂိုလ်ကြားမှာ ဒီလို တိုက်ရိုက် နှိုင်းယှဉ်လို့ မရကြောင်း ပြောပါတယ်။
စမတ် လက်ပတ်နာရီတွေဟာ ဝတ်ဆင်ထားသူရဲ့ တည်နေရာ၊ လှုပ်ရှားမှု သတင်းအချက်အလက်တွေကို GPS၊ Bluetooth၊ Wi-Fiတွေကနေ ထုတ်လွှတ်ပေးနိုင်ပါတယ်။ တချို့ စမတ်လက်ပတ်နာရီတွေမှာ ဖုန်းပြောဖို့ မိုက်ခရိုဖုန်းတွေနဲ့ တခြား အာရုံခံ စနစ်တွေပါ တပ်ဆင်ထားပါတယ်။
အမေရိကန် စစ်တပ်ဟာ စစ်ဆင်ရေး နယ်မြေတွေမှာ စမတ် လက်ပတ်နာရီတွေ အပါအဝင် တည်နေရာကို ထောက်လှမ်းနိုင်စေမယ့် ကိရိယာတွေကို အသုံးပြုဖို့ တားမြစ် ပိတ်ပင်ထားပါတယ်။ ၂၀၁၈ တုန်းက ကာယကြံ့ခိုင်ရေး fitness app တစ်ခုကနေ အမေရိကန် စစ်အခြေစိုက် စခန်းတစ်ခုမှာ စစ်သားတွေ ပုံမှန် လေ့ကျင့်ခန်းဆင်းပြီး ပြေးလွှားတဲ့ လမ်းကြောင်းနေရာတွေ တိတိကျကျ ပေါက်ကြားလာခဲ့တဲ့နောက် အခုလို ကန့်သတ်ချက်တွေ သတ်မှတ်ထားလိုက်တာ ဖြစ်ပါတယ်။
ကိုးကား: Iran International



















































