နျူကလီးယား လျှော့ချ ဖျက်သိမ်းရေး ကိစ္စတွေအတွက် အမေရိကန်ဟာ ရုရှား၊ တရုတ်တို့နဲ့ ဆွေးနွေးခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက် အရေအတွက် အများဆုံး ပိုင်ဆိုင်တဲ့ နိုင်ငံတွေကြားမှာ နျူကလီးယား လျှော့ချရေး ညှိနျိုင်းမှုတွေ အကောင်အထည် ပေါ်လာဖို့ သူ့အနေနဲ့ အမှန်တကယ် မျှော်လင့်ထားကြောင်း အောက်တိုဘာ ၁၅ ရက်နေ့မှာ ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။
ရုရှားဟာ ကမ္ဘာပေါ်မှာ နျူကလီးယား စစ်လက်နက် အများဆုံး စုဆောင်းထားတဲ့ နိုင်ငံဖြစ်ပြီး အမေရိကန်က ဒုတိယ နေရာမှာ အရေအတွက် မတိမ်းမယိမ်းနဲ့ ရပ်တည်နေပါတယ်။ တရုတ်ကလည်း ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ထိပ်ဆုံး နှစ်နိုင်ငံကို အမီလိုက်ဖို့အတွက် အဲဒီ ဖျက်အားပြင်း လက်နက်တွေကို ထုတ်လုပ်မှုကို သိသိသာသာ အရှိန်အဟုန် မြှင့်တင်လာခဲ့ပါတယ်။
စတော့ခ်ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျု (SIPRI)ရဲ့ အဆိုအရ အမေရိကန်ဟာ အသင့်အသုံးပြုဖို့ ဖြန့်ကျက်ထားတဲ့ နျူကလီးယား လက်နက် အရေအတွက်မှာတော့ ရုရှားကို ကျော်တက်သွားပြီလို့ သိရပါတယ်။

Public Service Announcement
တရုတ်ဟာလည်း လက်ရှိနှုန်းအတိုင်း နျူကလီးယား စစ်လက်နက်တွေ တိုးမြှင့် တည်ဆောက်နေမယ်ဆိုရင် လာမယ့် ၅ နှစ်အတွင်း အမေရိကန်ကို လိုက်မီလာနိုင်တယ်လို့ Newsmaxနဲ့ အင်တာဗျူးမှာ ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။
အဲဒီလိုတွေ ဖြစ်နေတာက စိတ်ပျက်ဖို့ ကောင်းကြောင်း၊ သူက ဖြစ်နိုင်မယ်ဆိုရင် နျူကလီးယား လက်နက်တွေ ဖျက်သိမ်းကြတာကိုတောင် မြင်ချင်ကြောင်း၊ ဒီအကြောင်းကိုလည်း ရုရှားကိုရော၊ တရုတ်ကိုပါ စကားပြောခဲ့ကြောင်း ထရမ့်က ဆိုပါတယ်။
Newmaxက ထရမ့်ဟာ နျူကလီးယား ထိန်းချုပ်ကန့်သတ်ရေး ကိစ္စကို တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့လည်း ဆွေးနွေးခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
ရုရှားနဲ့ အမေရိကန်ကြားက နျူကလီးယား လက်နက် အရေအတွက်ကို ကန့်သတ် ထိန်းချုပ်ထားတဲ့ မဟာဗျူဟာ လက်နက် လျှော့ချရေး စာချုပ်ဟာ နှစ်ဆန်းပိုင်းတုန်းက သက်တမ်း ကုန်ဆုံးခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ်ဟာ ၅ နှစ်တစ်ကြိမ် နှစ်နိုင်ငံ ညှိနှိုင်းပြီး သက်တမ်းတိုးဖို့ လိုအပ်ပေမယ့် နောက်ဆုံးတစ်ကြိမ်မှာတော့ မအောင်မြင်ဘဲ သက်တမ်း ထပ်မတိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: Reuters



















































