Connect with us

Hi, what are you looking for?

နိုင်ငံတကာ

AI အထောက်အပံ့ပါတဲ့ တော်ပီဒို စမ်းသပ် အောင်မြင်ခဲ့ကြောင်း မြောက်ကိုရီးယားပြော

ဉာဏ်ရည်တု (AI) နည်းပညာ အထောက်အပံ့ပါတဲ့ တော်ပီဒို အမျိုးအစားသစ်ကို စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း မြောက်ကိုရီးယားက ပြောပါတယ်။

ဓာတ်ပုံ - KCNA/File

ဉာဏ်ရည်တု (AI) နည်းပညာ အထောက်အပံ့ပါတဲ့ တော်ပီဒို အမျိုးအစားသစ်ကို စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း မြောက်ကိုရီးယားက ပြောပါတယ်။

နျူကလီးယား လက်နက်ပိုင် ကွန်မြူနစ် နိုင်ငံဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လက်နက်စမ်းသပ်မှုတွေကို ပိုမို အရှိန်အဟုန် မြှင့်တင်လာသလို အောက်တိုဘာ ၁၇ ရက်မှာတော့ AI ပံ့ပိုးမှုပါတဲ့ တော်ပီဒို ပစ်ခတ်မှု အကြောင်းကို အတည်ပြုခဲ့တာပါ။

အဲဒီ တော်ပီဒို အမျိုးအစားသစ်မှာ ပစ်မှတ်ကို ထောက်လှမ်း အတည်ပြုတာ၊ လမ်းကြောင်း ချိန်ညှိတာတွေကို AIက ပံ့ပိုး ကူညီပေးထားတယ်လို့ မြောက်ကိုရီးယားက ဆိုပါတယ်။ တော်ပီဒို မစမ်းသပ်ခင် ရက်ပိုင်းလောက်မှာလည်း မြောက်ကိုရီးယားဟာ ရေငုပ်သင်္ဘောတွေကနေ ပစ်ခတ်နိုင်တဲ့ ခရုစ်ဒုံးကျည် အမျိုးအစားနှစ်ခု လက်တွေ့ စမ်းသပ် ပစ်ခတ်တဲ့ မှတ်တမ်း ဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။

နယ်စပ်စည်းနားမှာ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် တောင်ကိုရီးယား စစ်သား ၃ ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်အပြီး နှစ်ဖက်ကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ မြောက်ကိုရီးယားက လက်နက် စမ်းသပ်မှုတွေကို ပိုမို လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားဆီက နည်းပညာ အကူအညီတွေ ရရှိနေခြင်းကြောင့် မြောက်ကိုရီးယားရဲ့ ဒုံးကျည်နဲ့ တာဝေးပစ် လက်နက်စနစ်တွေဟာ အချိန်တိုအတွင်း အလျင်အမြန် တိုးတက်လာနိုင်ခြေ ရှိနေကြောင်း စစ်ရေး သုတေသီတွေက ထောက်ပြထားပါတယ်။ မြောက်ကိုရီးယားဟာ ယူကရိန်း စစ်ပွဲမှာ ရုရှားဖက်ကနေ လူသူနဲ့ လက်နက်ခဲယမ်း အင်အားတွေ ဖြည့်တင်း ကူညီပေးနေပြီး အပြန်အလှန်အဖြစ် ရုရှားက ဘဏ္ဍာရေးနဲ့ နည်းပညာ ပံ့ပိုးမှုတွေ မြှင့်တင်လာခဲ့ပါတယ်။

မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနရဲ့ အဆိုအရ Zam-2.0လို့ နာမည်ပေးထားတဲ့ တော်ပီဒို စနစ်ကို အောက်တိုဘာ ၁၅ ရက်နေ့မှာ စမ်းသပ်ပစ်ခတ်ခဲ့ပြီး နည်းပညာပိုင်း အောင်အောင်မြင်မြင် အဆင့်မြှင့်တင်နိုင်မှုအဖြစ် အတည်ပြုနိုင်ခဲ့ကြောင်း သိရပါတယ်။

အဲဒီ တော်ပီဒိုဟာ ရေထဲမှာ မြန်နှုန်းမြင့်မြင့် ခရီးနှင်နိုင်ပြီး AI အထောက်အပံ့ကို ထိထိရောက်ရောက် အသုံးချထားနိုင်ကြောင်း၊ စူပါမြန်နှုန်းနဲ့ ပစ်မှတ်ကို တိတိကျကျ ချေမှုန်းနိုင်တဲ့ လက်နက်မျိုးလို့ သတ်မှတ်လို့ရကြောင်း KCNAက ဆိုပါတယ်။

အခုစမ်းသပ်မှုမှာ တော်ပီဒိုရဲ့ တွန်းကန်အား စနစ်ရော၊ စွမ်းဆောင်ရည်ပိုင်းမှာပါ သိသိသာသာ တိုးတက်လာတယ် ဆိုတာကို အတည်ပြုနိုင်ခဲ့တယ်လို့လည်း KCNAက ပြောပါတယ်။ ပြီးတော့ လွန်ခဲ့တဲ့ ၅ နှစ်တာ အတောအတွင်း စမ်းသပ်မှုပေါင်း ၁၈၀ ကျော်ကို ပြုလုပ်ပြီး အခုတစ်ကြိမ်ကတော့ နောက်ဆုံး အချောသတ်အဆင့်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

လဆန်းပိုင်းတုန်းကလည်း မြောက်ကိုရီးယားဟာ AI အထောက်အပံ့ပါတဲ့ တာလတ်ပစ် ဟိုက်ပါဆောနစ် ဒုံးကျည် တစ်မျိုးကို စမ်းသပ် ပစ်လွှတ်ခဲ့ပါသေးတယ်။ အဲဒီဒုံးကျည်နဲ့ တိုက်ခိုက်ခံရတဲ့ ရန်သူဟာ ဘယ်လိုနည်းနဲ့မှ ရှောင်တိမ်းနိုင်မှာ မဟုတ်ဘူးလို့လည်း မြောက်ကိုရီးယားက ကြွေးကြော်ခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ