Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရဲ့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ၅ ရက်အကြာမှာ ထုတ်ပယ်ခံရ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခန့်အပ်ထားတဲ့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကေတီ ဇာခါရီရာဟာ ရာထူးလက်ခံပြီး ၅ ရက် အကြာမှာပဲ ဖယ်ရှားခံလိုက်ရပါတယ်။

ဓာတ်ပုံ - AP

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခန့်အပ်ထားတဲ့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကေတီ ဇာခါရီရာဟာ ရာထူးလက်ခံပြီး ၅ ရက် အကြာမှာပဲ ဖယ်ရှားခံလိုက်ရပါတယ်။

ကွန်ဆာဗေးတစ် အမြင်ရှိသူ တစ်ယောက်လို့ လူသိများပြီး ထရမ့်ရဲ့ အာရုံစိုက်မှုကို ရရှိခဲ့တဲ့ ဇာခါရီရာဟာ သူ့ရဲ့ တိုတောင်းတဲ့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ရာထူးအတွင်း အခုသီတင်းပတ် အစောပိုင်းတုန်းက ပထမဆုံးနဲ့ တစ်ခုတည်းသော သတင်းစာ ရှင်းလင်းပွဲကို တာဝန်ယူခဲ့ပြီး အလွဲလွဲ အချော်ချော် ကမောက်ကမတွေ ဖြစ်ခဲ့ပါတယ်။ အောက်တိုဘာ ၁၆ ရက်နေ့မှာတော့ သူဟာ ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။

အောက်တိုဘာ ၁၃ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ဇာခါရီရာဟာ ကြိုတင်ပြင်ဆင် ရေးသားလာတဲ့ စာသားတွေကိုပဲ ဖတ်ပြတာနဲ့ပဲ အချိန်အများစု ကုန်ဆုံးစေခဲ့ပြီး ၅ မိနစ်ခွဲ အကြာမှာပဲ အဆုံးသတ်ခဲ့ပါတယ်။

ထရမ့်က ဇာခါရီရာကို ရှေ့နေတစ်ယောက်လို့ ရည်ညွှန်းခဲ့ဖူးပေမယ့် တကယ်တမ်းကျတော့ ဇာခါရီရာဟာ ရှေ့နေလိုင်စင် စာမေးပွဲ မအောင်ထားကြောင်း သတင်းတွေက ထောက်ပြလာပါတယ်။ ဒီတော့ သူဟာ ကိုယ့်ကိုယ်ကိုယ် ရှေ့နေတစ်ဦးအဖြစ် ထရမ့်ဆီ မိတ်ဆက်ခဲ့သလားဆိုတဲ့ စွပ်စွဲမေးခွန်းထုတ်မှုတွေလည်း ထွက်ပေါ်လာပါတယ်။

Public Service Announcement

Public Service Announcement

နောက်တော့ ဇာခါရီရာက သူဟာ ဝါရှင်တန်ဒီစီမှာ ရှိနေတဲ့ ဂျာနယ်လစ်တွေနဲ့ ရင်ဆိုင်ဖို့ အဆင်သင့် မဖြစ်သေးတာပါလို့ အကြောင်းပြချက် ပေးခဲ့ပေမယ့်လည်း အခြေအနေတွေက ပိုဆိုးလာပါတယ်။ ပြီးတော့ ကယ်လီဖိုးနီးယား ရှေ့နေ စာမေးပွဲ ကျခဲ့ပြီး အဲဒီနောက် တရုတ်က ဥပဒေရေးရာ ဌာနတစ်ခုမှာ အကူအဖြစ် သွားရောက် အလုပ်လုပ်ခဲ့ကြောင်း ဇာခါရီရာ ကိုယ်တိုင် ထုတ်ဖော် ဝန်ခံခဲ့ရပါတယ်။

မီဒီယာ ဖိအားတွေ တရစပ် တိုးလာတဲ့နောက် အောက်တိုဘာ ၁၆ ရက်မှာတော့ အိမ်ဖြူတော်ဟာ ဇာခါရီရာဖက်က ဆက်လက် ရပ်တည်ပေးနေမှုကို လက်လျှော့လိုက်ပါတယ်။ ဂျော်ဂျီယာ ပြည်နယ်မှာ ပြုလုပ်မယ့် သက်တမ်းဝက် ရွေးကောက်ပွဲ မဲဆွယ်မှု အစီအစဉ်တွေဆီ မသွားရောက်ခင် အိမ်ဖြူတော် တောင်ဖက် မြက်ခင်းမှာ ထရမ့်က သူဟာ ဇာခါရီရာကို သူ့ရဲ့ ရာထူးနေရာနဲ့ ပတ်သက်ပြီး ပြန်စဉ်းစားဖို့ ကိုယ်တိုင် ပြောဆိုခဲ့ကြောင်း အသိပေးသွားပါတယ်။

ပြီးတော့ ဇာခါရီရာ အနေနဲ့ အဲဒီအလုပ်ကို မဖြစ်မနေ ဖက်တွယ်ထားစရာ မလိုလောက်ဘူးလို့ သူယူဆတယ်လို့လည်း ထရမ့်က ဆိုပါတယ်။ အိမ်ဖြူတော် သတင်းရင်းမြစ် ၃ ဦးကတော့ ဇာခါရီရာဟာ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် အဖြစ်ကနေ ဖယ်ရှားခံထားရပြီး ဖြစ်ကြောင်း ပြောကြားခဲ့ကြပါတယ်။

ဇာခါရီရာဟာ ပိုပြီး ဖိအားနည်းတဲ့ ရာထူးတာဝန် တစ်ခုခုကို လွှဲယူပြီး သူ့အတွက် ဆက်ပြီး အလုပ်လုပ်ပေးနိုင်ဖွယ် ရှိကြောင်း ထရမ့်က ဆိုပါတယ်။ နောက်တော့ အိမ်ဖြူတော်ရဲ့ ဆက်သွယ်ရေး ဒါရိုက်တာ စတီဗန်ချွန်းက ဇာခါရီရာဟာ ရာထူးအသစ် တစ်ခုကို ပြောင်းရွှေ့ တာဝန်ယူမယ်လို့ ထုတ်ပြန်ခဲ့ပြီး ဘယ်ရာထူးလဲ ဆိုတာကိုတော့ တိတိကျကျ မပြောသေးပါဘူး။

ဇာခါရီရာဟာ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ရာထူးကို အောက်တိုဘာ ၁၂ ရက်နေ့ကမှ စတင်ထမ်းဆောင်ခဲ့တာဖြစ်ပြီး ဝါရှင်တန် ဒီစီမှာတောင် အမြဲတမ်း နေထိုင်ဖို့ ပြောင်းရွှေ့မလာရသေးပါဘူး။

Fox သတင်းဌာနမှာ လူသိပ်မသိတဲ့ ဝေဖန်သုံးသပ်သူ အဖြစ်လောက်သာ တာဝန်ယူဖူးတဲ့ ဇာခါရီရာကို အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အရာရှိ ခန့်အပ်ခဲ့တဲ့ ထရမ့်ရဲ့ ဆုံးဖြတ်ချက်အပေါ် အများစုက အံ့ဩခဲ့ကြပါတယ်။ ထရမ့်ရဲ့ အနီးကပ် လက်ရုံး အကြံပေး တစ်ဦးဖြစ်တဲ့ နာတာလီဟပ်က ဇာခါရီရာကို အပြည့်အဝ ထောက်ခံပေးလို့ အဲဒီရာထူးမှာ ခန့်အပ်ခဲ့တာလို့ သတင်းတွေ ထွက်နေပြီး အခုလို ပြန်လည် ဖယ်ရှားခဲ့ရတာက အတော်လေး အရှက်ရစရာ ဖြစ်နေကြောင်း ဝေဖန်မှုတွေလည်း ထွက်ပေါ်လာပါတယ်။

ဇာခါရီရာ မတိုင်ခင် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး အနေနဲ့ တာဝန်ယူခဲ့သူ ကာရိုလိုင်း လီယာဗစ်ကတော့ ငယ်ရွယ်တဲ့ ကလေးတွေနဲ့ မိသားစုကို အချိန်ပေးဖို့၊ အလုပ်ရဲ့ ဖိစီးမှုတွေ ကြီးမားလွန်းလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အခုလထဲမှာ ရာထူးကနေ နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: New York Times

ဆက်စပ်သတင်းများ