အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ တောမီးတွေက လူနေအိမ်တွေကိုပါ ကူးစက် လောင်ကျွမ်းလာတဲ့နောက် ဒေသခံတွေ ရွှေ့ပြောင်းထားဖို့ အမိန့်တွေ ထုတ်ပြန်ထားရပါတယ်။
နော်တီမီးလို့ နာမည်ပေးထားတဲ့ တောမီးဟာ အောရင့်ဂျ်ခရိုင်မှာ အောက်တိုဘာ ၁၆ ရက်နေ့က စတင်လောင်ကျွမ်းပြီး သစ်တောမြေ ၄၆၅ ဧကလောက်ကို လျင်လျင်မြန်မြန် ဝါးမျိုး ဖျက်ဆီးပစ်ခဲ့ပါတယ်။ ဒါ့အပြင် လော့စ်အန်ဂျလိစ်မြို့ တောင်ဖက် ဆင်ခြေဖုံး ဒေသတွေက အိမ်ခြေ ၆ ခုထက် မနည်းကိုလည်း ပြာကျသွားစေခဲ့ပါတယ်။
တောမီးကို ထိန်းချုပ်ငြိမ်းသတ်ဖို့ ကြိုးစားရင်း မီးသတ်ဝန်ထမ်း တစ်ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။ ဒေသတွင်းမှာ လေပြင်းတိုက်ခတ်မှုတွေက အောက်တိုဘာ ၁၇ ရက်နေ့မှာလည်း ဆက်ရှိနေနိုင်တာကြောင့် တောမီးက ခပ်မြန်မြန် ဆက်လက် ကူးစက် လောင်ကျွမ်းနိုင်ကြောင်း အမေရိကန် အမျိုးသား မိုးလေဝသ ဌာနက သတိပေးထားပါတယ်။
သစ်တောတွေက ခြောက်သွေ့နေခြင်းကလည်း တောမီးကူးစက်မှုတွေကို အားပေးတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ကယ်လီဖိုးနီးယား ပြည်နယ် တစ်ခုလုံးမှာတော့ နော်တီမီး အပါအဝင် တောမီးပေါင်း ၁၃ ခုလောက် နေရာအနှံ့ ပျံ့နှံ့ လောင်ကျွမ်းနေပါတယ်။

Public Service Announcement
ဆန်ကလီးမန့်နဲ့ ဆန်ဟွမ် ကာပီစထရာနို ရပ်ကွက်တွေမှာ တောမီးကြောင့် နေအိမ်တွေ မီးလောင်ခဲ့တဲ့နောက် အနီးတဝိုက်မှာ နေထိုင်သူတွေကို ရွှေ့ပြောင်းဖို့ ညွှန်ကြားထားရပါတယ်။ အလားတူ မာလီဘူး မြို့နားတဝိုက်မှာ လောင်ကျွမ်းနေတဲ့ ဘရိုင်ဆန် တောမီးကြောင့်လည်း ဆန်တာမော်နီကာ တောင်ကြောတလျှောက်မှာ နေထိုင်သူ တချို့ကို ပြောင်းရွှေ့မိန့်တွေ ထုတ်ပြန်ထားပါတယ်။
ပိုပြီးတောင်ဖက်ကျတဲ့ နေရာမှာတော့ ဆန်ဒီယေဂိုနားမှာ ဟန်ဒါဆန်တောမီး လောင်ကျွမ်းနေပြီး ဧက ၂၀၀၀ လောက် သစ်တောတွေကို ဖျက်ဆီး ဝါးမျိုးခဲ့ပြီး ဖြစ်ပါတယ်။ နှစ်စဉ် စက်တင်ဘာကနေ နောက်တစ်နှစ် မေလထိ ကာလတွေအတွင်း တိုက်ခတ်တဲ့ ဆန်တာ အန်နာ လေစီးကြောင်းတွေကြောင့်လည်း တောမီးတွေက ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ကူးစက်နေပါတယ်။
ကယ်လီဖိုးနီးယားမှာတော့ အခုနှစ်ဟာ သာမန်ထက် အပူချိန် ပိုမြင့်နေပြီး အပူလျှပ်တာ အပါအဝင် အပူချိန်နဲ့ သက်ဆိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကို သတိထားကြဖို့လည်း တာဝန်ရှိသူတွေက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ကိုးကား: BBC



















































