Connect with us

Hi, what are you looking for?

ကဗျာ

‘လရောင်မရင့်ခင် ကြွေနှင့်တဲ့ကြယ်’

ရိရွဲနေတဲ့ ခရမ်းချဥ်သီးမှည့်ကြီးကို တူနဲ့ထုချလိုက်သလိုမျိုး

ငါတို့မျိုးဆက်ဟာ ဖရိုဖရဲ အလဲအကွဲနဲ့

2021 coup မှာ အငိုက်မိခဲ့ကြတယ်။

◼️သွင်ဦး

ရိရွဲနေတဲ့ ခရမ်းချဥ်သီးမှည့်ကြီးကို တူနဲ့ထုချလိုက်သလိုမျိုး

ငါတို့မျိုးဆက်ဟာ ဖရိုဖရဲ အလဲအကွဲနဲ့

2021 coup မှာ အငိုက်မိခဲ့ကြတယ်။

Public Service Announcement

Public Service Announcement

တချို့က လမ်းတွေပေါ်

အလံမလှဲတမ်း ဆက်လက်ဟစ်ကြွေး၊

တချို့က တောထဲတောင်ထဲမှာ

သတိရစိတ်ကို ဖြုတ်လိုက်တပ်လိုက်၊

တချို့က ကိုယ့်ပေါင်ပေါ်

မီးပွားကျမယ့်အချိန်ကို စောင့်ဆိုင်း၊

တချို့တွေ နံရံကြားမှာ ပျောက်ဆုံးခဲ့ရပြီး

တချို့တွေ တောထဲတောင်ထဲမှာ ကျဆုံးခဲ့ကြပြီ။

ညီမလေးနှင်းရေ…

ကိုယ့်လက်ဖဝါးမှာ အသားမာတွေတက်လာသလိုမျိုး

ညီမလေးရဲ့နှလုံးသားမှာ

စိတ်ဒဏ်ရာတွေ တထပ်ပြီးတထပ်

သတိရစိတ်တွေ ဘယ်လောက်ပဲထူထပ်

သိပ်သည်းပါစေ ငါတို့ မတွေဝေခဲ့ကြဘူး။

တော်လှန်ရေးရဲ့ခေါ်သံမှာ ဘယ်တော့မှ

နောက်ချန်မနေခဲ့ဘူး။

၄၀မမ ပြောင်းထဲကို ငါတို့အိမ်မက်တွေ

တလုံးပြီးတလုံး ထည့်ပစ်၊

မောင်းပြန်သေနတ်ရဲ့ မဂ္ဂဇင်းဘောက်မှာ

ငါတို့စာသင်နှစ်တွေဟာ အတွဲလိုက်၊

စနက်တံမဖြုတ်ရသေးတဲ့ အနာဂတ်ကို

ပခုံးမှာချိတ်တဲ့သူကချိတ်၊

ကျည်ကာအင်္ကျီအောက်က လိင်စိတ်ဟာ

မြေမြှုပ်မိုင်းပေါ် နင်းမိရက်သားကြီး။

ကိုယ့်ရဲ့ ညီမလေးနှင်းကလေ…

အာဏာရှင်စနစ်ကို မုန်းတယ်။

မျှော့နဲ့တီကောင်ကို မုန်းတယ်

အစိမ်းရောင် ၂၀၀၈ ခြေ/ဥ ကို မုန်းတယ်။

(ကျောင်းသွားကျောင်းပြန် လိုက်နှောင့်ယှက်တတ်တဲ့) အသားမည်းမည်း၊ သွားကျဲကျဲ

အီးမေဂျာက ငနဲကို မုန်းတယ်။

နာဂစ်မုန်တိုင်းကို မုန်းတယ်။

ကန်တင်းမှာ ထိုင်စရာခုံမရှိလို့

မတ်တပ်ရပ်နေရတဲ့အချိန်ကို မုန်းတယ်။

ညီမလေးတကိုယ်လုံးမှာ

ထင်းခနဲမြင်နိုင်တဲ့အရာက

တော်လှန်စိတ်တွေပြေးနေတဲ့

မျက်နှာကလေးပဲ မဟုတ်လား။

ဒဂုံတက္ကသိုလ်ရဲ့ သီရေတာခန်းမပဲဖြစ်ဖြစ်

အုတ်ရိုးလေးဘက်ကြားက

မိန်းမဆောင်တိုက်ခန်းပဲဖြစ်ဖြစ်

ညီမလေးရဲ့ တော်လှန်စိတ်ကို

လှောင်ပိတ်မထားခဲ့နိုင်ဘူးကွဲ့။

တကယ်တော့ ညီမလေးနှင်းဟာ

ဒဂုံတက္ကသိုလ်ရဲ့ ဥယျာဉ်ကြီးထဲမှာ

အလှဆုံးပွင့်လန်းနေရမယ့်

ပန်းလေးတပွင့်ပဲ ဖြစ်သင့်တယ်။

မွန်းတည့်ချိန်မှာ နေကြတ်သွားသလိုမျိုး

ငါတို့မျိုးဆက်တွေကို အမှောင်ကျစေခဲ့တဲ့

ညီမလေးနှင်းရဲ့ ကျဆုံးခန်းဟာ

အချိန်မစေ့ခင်မှာပဲ ခရာမှုတ်ခံလိုက်ရပေါ့။

ပွင့်နေတဲ့ပန်းအားလုံး ပြန်ရုတ်သိမ်းသွားကြလို့

ကမ္ဘာကြီးတခုလုံး အရောင်ကန်းသွားတဲ့နေ့၊

လွင့်နေတဲ့တေးအားလုံး ရပ်တန့်သွားကြလို့

ကမ္ဘာကြီးတခုလုံး အသံမဲ့သွားတဲ့နေ့၊

စီးနေတဲ့စမ်းအားလုံး ရှေ့ဆက်မသွားတော့လို့

ကမ္ဘာကြီးတခုလုံး ခြောက်ခမ်းသွားတဲ့နေ့။

ငါတို့မျိုးဆက်တွေအတွက်တော့

ညီမ​လေးနှင်းဟာ…တက္ကသိုလ်ကျောင်းကငွေလမင်း

ညီမ​လေးနှင်းဟာ…ဂျက်ဆင်ထိပ်က လရိပ်ပြာ

ညီမလေးနှင်းဟာ… ရာဇဝင်များရဲ့သတို့သမီး

ညီမလေးနှင်းဟာ…အရှုံးမပေးခဲ့တဲ့ မိငယ်

ညီမလေးနှင်းဟာ…

လေဘယ်လောက်ခြွေခြွေ မကြွေတဲ့ ငုဝါ

ညီမလေးနှင်းဟာ…

ငါ့တကိုယ်စာဘဝအတွက်ကိုတောင်မှ

အဆုံးသတ်ခွင့်မရသေးတဲ့

ကဗျာတပုဒ်ပဲ ဖြစ်ခဲ့တယ်။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘သွင်ဦး’

ရေးဖွဲ့တဲ့ “လရောင်မရင့်ခင် ကြွေနှင့်တဲ့ကြယ်” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ