Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

“လမ်းဘေးအုတ်ခုံတလုံးရဲ့ ပဲ့တင်သံ”

ကျုပ်နာမည် အုတ်ခုံ။ အပြည့်အစုံလား။ လမ်းဘေးအုတ်ခုံတဲ့။ ဂုဏ်တင်ပြီးခေါ်ရင်တော့ လမ်းဘေးထိုင်ခုံပေါ့ဗျာ။ ကျုပ် ဒီရောက်နေတာလား ဆယ်နှစ်လောက်ပေါ့။ ဒီလောက်ပဲရှိပါသေးတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က ဒီနားမှာ မြောင်းတွေဖေါ်မှ ကျုပ်ရောက်

-အေးခိုင်ဦး ရေးသားသည်။

ကျုပ်နာမည် အုတ်ခုံ။ အပြည့်အစုံလား။ လမ်းဘေးအုတ်ခုံတဲ့။ ဂုဏ်တင်ပြီးခေါ်ရင်တော့ လမ်းဘေးထိုင်ခုံပေါ့ဗျာ။ ကျုပ် ဒီရောက်နေတာလား ဆယ်နှစ်လောက်ပေါ့။ ဒီလောက်ပဲရှိပါသေးတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က ဒီနားမှာ မြောင်းတွေဖေါ်မှ ကျုပ်ရောက်လာတာ။ ကျုပ်နဲ့အတူ ဒီကွန်ကရစ် လမ်းကြီးလည်း ရောက်လာတာ‌ပေါ့။ အရင်ကဆို လမ်းက ချိုင့်ခွက်ကြီးတွေနဲ့ လကမ္ဘာအတိုင်းပဲတဲ့။ ပြောတာကြားရတာပါ။ ကျုပ်ရောက်လာတော့ ပျော်ကြသဗျ။ ဒီနားမှာ အရင်ကကျုပ်လိုမျိုး မရှိဘူးတဲ့။ ဒီနားအတွက်တော့ ကျုပ်က ပထမဆုံးပဲ။ အထူးအဆန်းကို ဖြစ်လို့ဗျို့။ အဲဒီကတည်းက ကျုပ်လည်း ဧည့်ကို မပြတ်တော့ပါဘူးဗျာ။ ကျုပ်မှာပျင်းချိန်ကိုမရှိပါဘူး။ နေ့ခင်းနေ့လယ် တယောက်ထဲ တမှေးတောင် မရတာပါ။

ကျုပ်နေရာက မြို့စွန်လေဗျာ။ လူတန်းစားပေါင်းစုံနေတဲ့နေရာ။အခြေခံလူတန်းစားကတော့အများဆုံးပေါ့။လူကြီး၊လူငယ်၊ကလေး၊ အဖိုးကြီး၊ အဖွားကြီး တရပ်ကွက်လုံးလူတွေကလည်း များချက်ပဲ။ မိုးလင်းစကတည်းက ဧည့်ကို စုံရော။ သူဌေးရပ်ကွက်နဲ့တော့မတူဘူးဗျို့။ အဲလိုနေရာ မှာဆိုရင် ကျုပ်တော့ ပျင်းလွန်းလို့ နေတတ်ပါ့မလားပဲ။ တနေ့ တနေ့ ဖြတ်သွားသမျှ ကားတွေပဲ ငေးနေရမယ့် အဖြစ်။ အခုတော့ ဝေလီဝေလင်းက စ ဧည့်ရောက်တော့တာပါပဲဗျို့။ ဒါပေမယ့်ဗျာ ၄/၅ နှစ်ရှိပါပြီ။ ကျုပ် ဧည့်သည်တွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ မတွေ့ရတာ။ အခုတလောတော့ ပိုကို ဆိုးပါတယ်။ သူတို့စိတ်မချမ်းသာတော့ ကျုပ်လည်း စိတ်မချမ်းသာဘူးပေါ့ဗျာ။

“ဟောဒီက ပဲပြုတ်” ဆိုပြီး ပထမဆုံးရောက်လာတတ်တာက ပဲပြုတ်သည်ပဲ။ကျုပ်ပေါ်ကို ပဲပြုတ်တောင်းချ၊တထောက်နား။ကျုပ်နောက်နားလေးမှာ လဖက်ရည်ဆိုင်ရှိတယ်လေ။ သူ့ဖောက်သည်။ အခုတလော လဖက်ရည်ဆိုင်က အဝယ်နည်းလို့တဲ့။ ဆိုင် လူကျဲလို့ဗျာ တဲ့ ပြန်ဖြေရှင်း နေလေရဲ့။ လူကျဲမှာ‌ပေါ့ဗျာ။ ပဲပလာတာတချပ် ၁၀၀ ဆိုတာ ဘယ်နှနှစ်ကြာသေးလို့လဲ။ ခုတော့ တချပ် ၁၃၀၀ တဲ့ဗျာ။ တချောင်း ၁၀၀ တန် အီကြာကွေးက ၈၀၀တဲ့။ ဒါတောင် ကျုပ်တို့ ရပ်ကွက်မလို့။ တခြားနေရာတွေဆို ဒီထက် ပိုဆိုးသတဲ့။ အရင်ဆို ကျုပ်ဆီ ပဲပြုတ်တောင်းချလိုက်ရင် ဟိုနား ဒီနားက ထွက်လာပြီးဝယ်ကြတာပဲ။ ခုတော့ ပဲပြုတ်က မျှော်လို့။ ဝယ်သူက‌ပေါ်မလာ။ ၂၀၀ ဖိုး ဝယ်ခဲ့ကြသူတွေလေဗျာ။ ၅၀၀ ဖိုးတောင် မရောင်းချင်တော့တာ ဘယ်ဝယ်ချင်ကြတော့မှာတုန်း။

Public Service Announcement

Public Service Announcement

ကျုပ်တို့ရပ်ကွက်က ပိုက်ဆံစကားတော်တော်ပြောကြတာဗျ။ မိုးလင်းကတည်းက တနေ့ တနေ့ ငွေစကားပဲ ကြားနေရတယ်။ ဟိုနေ့က မိန်းမနှစ်ယောက် ပြောနေကြတာ။ စ ပြောကတည်းက “ဘယ်လိုလုပ်ကြမလဲ” နဲ့ စ တာ။ အဲဒီစကားက ကျုပ် အကြားရဆုံးစကား။ တယောက်လာ “ဘယ်လိုလုပ်ကြမလဲ”။ တယောက်လာ “ဘယ်လိုလုပ်ကြမလဲ” နဲ့။ ကျုပ်ကလည်း အကြံမပေးတတ်။ ကြက်ဥတလုံးကို ၇၅၀ တဲ့။ ကြက်သွန်နီက တပိဿာ ၆၀၀၀ တဲ့။ ကဇွန်းရွက် ၁၀၀၀ လည်းပါတယ်။ စုံလို့ပါပဲဗျာ။ အဲ သူတို့ပြောတဲ့ထဲ သားဈေး ငါးဈေးတော့ သိပ်မကြားရဘူး။ သူတို့နဲ့ သိပ်မဆိုင်ဘူး ထင်တယ်။ သူတို့ဈေးခြင်းထဲ လှမ်းကြည့်လိုက်တာ။ မပါသလောက်ပါပဲဗျာ။ ဆန်ထုပ်လေး တထုပ်တော့တွေ့တယ်ဗျ။ သေးသေးလေးပါ။

ကျုပ်ဧည့်သည်ထဲမှာ စက်ရုံအလုပ်ဆင်းတဲ့ မိန်းကလေးတွေလည်း ပါသဗျ။ သူတို့စက်ရုံက ဖယ်ရီကို လာစောင့်ကြတာ။ငယ်ရွယ်သူလေးတွေဆိုတော့ တက်တက်ကြွကြွနဲ့ပေါ့။ ခု ကြာပြီဗျ သူတို့တွေ သိပ် မတက်ကြွကြတော့တာ။ စက်ရုံမှာအလုပ်တွေပါးတယ် တဲ့။ OT တွေလည်း မရှိဘူးတဲ့။ တယောက်ကတော့ OT မရှိတာ တော်ပါသေးတယ်ဟာ။ ရှိရင် မိုးချုပ်မှ ပြန်ရမှာ။ ကြောက်ဖို့ ကောင်းတယ်လေ တဲ့။ အရင်လိုမှ မလုံခြုံတော့တာတဲ့။ အဲဒါတော့ ဟုတ်တာပေါ့ဟာ အိမ်မှာ စားဖို့ကမလောက်တော့ဘူးလေ တဲ့။

စုံတွဲလေးတတွဲလည်းရှိသေးတယ်။ သူတို့က ကုမ္ပဏီဝန်ထမ်းတွေ။လှလှပပနဲ့ ချစ်စရာလေးတွေပါ။ သူတို့လည်းဖယ်ရီစောင့်ကြတာပဲ။ အခုတလော ကောင်မလေးက ငို ငို နေတယ်ဗျာ။ ကောင်လေးက ချော့ရှာတယ်။ အားပေးစကားတွေလည်း ပြောလို့။ မသွားလို့မှ မဖြစ်တော့တာလေ တဲ့။ အဆင်ပြေရင် ပိုက်ဆံစုပြီး ခေါ်လိုက်မယ်နော်။ လိုက်လာခဲ့ပါတဲ့။ သူတို့ပြောတဲ့ထဲမှာ Plan B ဆိုတာလည်း ပါတယ်။ Plan B နဲ့မှ ထွက်လို့ရမှာတဲ့လေ။ကျုပ်လည်း သိပ်တော့ နားမလည်ပါဘူးဗျာ။ စိတ်မကောင်း စရာကြီးပါ။ မြင်နေ ကြားနေရတာ။

နေ့ခင်းလာနေကျ အမျိုးသမီးတအုပ်ကတော့ တမျိုးဗျို့။ သူတို့ဆီက ကျုပ်ကြားနေကျစကားကတော့ ဘာတလုံးကောင်းလဲ ဆိုတာပဲ။ ကောင်းတဲ့အလုံးတွေကလည်းအမျိုးမျိုး။ မ R လိုက်မိလို့ ဆိုတာလည်း ပါရဲ့။ တခါတရံတော့လည်း ပျော်နေကြလို့။ အဲဒါတော့ နည်းတာပေါ့ဗျာ။ မရလိုက်ဘူး ဆိုတာပဲ များနေတာပါ။ စိတ်ကတော့ မလျှော့ဘူးဗျို့။ တလုံးလွဲနဲ့ပဲ ဆက် ချီတက်နေကြတာ။ ဒီတခုပဲ မျှော်လင့်ချက်ရှိသတဲ့။ ပြောသာပြောနေကြတယ် တပတ်တခါ ရှင်းရမယ့်နေ့ဆို သူတို့ ခေါင်းချင်းရိုက် နေကြပြီ။

ရှေ့လမ်းထဲက မိသားစုတစု ကြွေးတွေမဆပ်နိုင်လို့ ညက ပြေးသွားကြပြီဆိုတဲ့ သတင်းလည်း ကျုပ် ကြားရသဗျ။ စိတ်တောင်မကောင်းပါဘူးဗျာ။ သူတို့ကို ကျုပ် ကောင်း ကောင်းသိတာပေါ့။ယောကျာ်းကတွန်းလှည်းနဲ့ ဘိန်းမုန့်ရောင်းတယ်။ မိန်းမက ပြောင်းဖူးလို ကဇွန်းဥလို ရာသီပေါ်မျိုးပေါ့ လိုက်ရောင်းတယ်။ အလုပ် လုပ်ကြတဲ့သူတွေပါ။ ဘုစုခရု ကလေးတွေကတော့ များသဗျ။ ဝင်ငွေနဲ့ ထွက်ငွေ မမျှတာဖြစ်မှာ။ အိမ်ငှားနဲ့လည်း နေရတာလေ။ မတ်တိုးပိသွားတာတဲ့ဗျာ။ ကျုပ်လည်း သိပ်တော့နားမလည်ပါဘူး။ သူ့ဘိန်းမုန့်ကို အားကိုးနေကြတဲ့ သူတွေတော့ အားလျော့သွားကြပြီပေါ့။ သူ့ဘိန်းမုန့်က လွန်ခဲ့တဲ့တနှစ်လောက်ထိ ၅၀၀ ဖိုး ၄ ခုလေ။ သေးတော့သေးတာပေါ့ဗျာ။ အလုပ်သွား ကျောင်းသွားသူတွေ ၅၀၀ နဲ့ ဗိုက်ဖြည့်ကြတာပေါ့။ ခုဆိုရင်တော့လည်း ဘယ်လောက်မှန်းတောင် မသိတော့ပါဘူး။

ညနေဖက် ကျုပ်နားမှာ သီးစုံပဲဟင်းအိုးကြီးနဲ့ လာထိုင်ပြီးရောင်းတဲ့သူကျတော့ တမျိုးဗျ။ သူ့သားလေးက ဆယ်တန်းအောင်ထားတာ ၂ နှစ်လောက်ရှိမယ်။ ဒူဘိုင်းကိုသွားပြီတဲ့။ အလုပ်လည်း အဆင်ပြေတယ်တဲ့။ မြန်မာတွေနဲ့ပဲ အတူ လုပ်ရတာတဲ့။ ကွန်ပျူတာနဲ့တဲ့။ သွားတုန်းကတင်တဲ့ ကြွေးတွေလည်း ကြေပြီတဲ့။ ကျုပ်မှာဝမ်းတွေသာလိုက်တာ။ ကျုပ်ရှေ့မှာ ကြီးလာတဲ့ ကလေး မဟုတ်လား။ ပြီးတော့ လိမ်မာရိုးသားတဲ့ကလေး။ဟော နောက်ကျတော့ ကြားရတာက ရပ်ကွက်ထဲက လူတွေပါပဲ။ ကျုပ်နားမှာ ပြောနေကြတာလေ။ အဲဒီကောင်လေးက ကျားဖြန့် လုပ်နေတာတဲ့။ သူ့အမေက မသိတာတဲ့လေ။ ကျားဖြန့်ဆိုတာဘာလဲလို့ကျုပ်မှာသေချာနားထောင်ရတယ်။ လူတွေကို အင်တာနက်ကနေ ငွေလိမ်တဲ့အလုပ်ဆိုပါလား။ ကျုပ်စိတ်မကောင်း ဖြစ်လိုက်ရတာလေ။

ဒီကောင်လေးအကြောင်းပြောမှသတိရတယ်။ ကျုပ်ဆီကို အရင်က ညဦးပိုင်းဆို လာတတ်ကြတဲ့ ကောင်လေးတွေပေါ်မလာတာ ကြာသွားပြီပဲ။ ဂစ်တာတလက်လည်း ပါလာတတ်ကြတာ။ တယောက်ကတီး၊ အားလုံးက ဝိုင်းဆိုကြနဲ့။ ကျုပ်လည်း နားထောင်ရတာပေါ့။ သိပ်အကောင်းကြီး မဟုတ်ပေမယ့်လည်း ကျုပ်က သီချင်းဆို ကြိုက်တယ်ဗျ။ ပြီးတော့ လူငယ်တွေ ပျော်နေတာမြင်ရရင်ကျုပ်လည်း ဝမ်းသာတယ်။အေးဗျာ သူတို့ကို မမြင်မိတော့တာကြာပြီပဲ။ သူတို့ ဒီမှာ ရှိမှရှိကြ သေးရဲ့လားတောင် မသိဘူး။

သူတို့မရောက်လာပေမယ့် ကျုပ်ဆီလာနေကျမဟုတ်တဲ့ လူငယ်လေးတယောက် ရောက်လာဖူး တယ်ဗျ။ ဒလီပို့တာတဲ့။ ပစ္စည်းတွေပို့ပြီးသိမ်းလာတဲ့ငွေတွေအကုန်လုံး ဓါးထောက်လုသွားလို့တဲ့ဗျာ။သူ့အမေကို ငိုရင်းဖုန်းဆက်ပြောနေတာ ကျုပ်ကြားတယ်။ သူ့အလုပ်ကို ပြန်လျော်ပေးစရာလည်း မရှိဘူးတဲ့။သူ့အမေကတော့သူ့သားကိုပြန်လာခဲ့ဖို့ခေါ်နေပုံရတယ်။သားပြန်လာခဲ့ပါမယ်လို့တော့ ပြောတာပဲ။ ကျုပ် စိတ်ပူတယ်ဗျာ။ သူ့အမေဆီကို ပြန်ရော ရောက်မှရောက်ရဲ့လား လို့။ နောက်ထပ်လည်း သူ့ကို မတွေ့ရတော့ပါဘူး။

ကျုပ်ပြောတာတွေက ပျော်စရာတွေလည်းမပါဘူး ဟုတ်လား။ ကျုပ်လည်း နေ့စဉ် ကျုပ်မြင်ရ ကြားနေရတာကိုပဲ ပြောရတာပေါ့ဗျာ။ ဒါတောင် ကျုပ် အကုန်ပြောသေးတာမဟုတ်ဘူး။ ဒါက သာမန်ကြားရတာလောက်ပါ။ ပိုဆိုးတာတွေကျန်သေးတာ အများကြီး။ အဲ ဟိုးရှေ့နားက မြင်နေရတဲ့ ဘီယာဆိုင်ကတော့ သာသာယာယာ ဆူဆူညံညံနဲ့ပဲဗျို့။ သူတို့တော့ ပျော်နေကြသား။ ဒီနားကနေ သေချာလှမ်းမမြင်ရဘူး။ ဘယ်လိုလူမျိုးတွေပါလိမ့်။ ကျုပ်ဆီတခါလောက်လာကြရင်ကောင်းမှာပဲ။ မြင်ဖူးချင်လို့ပါ။

သွားတော့မလို့လား။ စိတ်မပျက်ပါနဲ့ဗျာ။ နောက်ထပ်လာခဲ့ပါဦး။ အဲဒီကျရင် ပျော်စရာတွေ ကျုပ်ပြောချင်ပြောနိုင်မှာပေါ့။ အဲဒီနေ့ကိုရောက်တဲ့အခါ လာခဲ့ပါနော်။ ကျုပ်လည်း အဲဒီနေ့ကို စောင့်နေတာပါပဲဗျာ ကြာပါပြီ။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

သတင်း

မြန်မာအာဏာသိမ်းခေါင်းဆောင်တွေအနေနဲ့ အာဆီယံအဆင့်မြင့်အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်နိုင်ဖို့ အလှမ်းဝေးနေဆဲလို့ အာဆီယံအထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံသားအမျိုးသားတဦးကိုဒရုန်းမှောင်ခိုမှုနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာန​တွေက​ဖော်ပြပါတယ်။