▪︎”ကျွန်တော်က ကြေးစားစစ်သား မဟုတ်ပါဘူး။ မှန်ကန်တဲ့ အရာကို လုပ်ဆောင်နေသူတွေလို့ ကျွန်တော်ယုံကြည်တဲ့ဖက်ကို ဝင်ကူတဲ့ သဘောပါပဲ”
-စေတနာ့ဝန်ထမ်းတိုက်ခိုက်ရေးသမားဂျေဆန်
-People’s Spring
ဗြိတိန် စစ်သားဟောင်း တယောက်နဲ့ အမေရိကန် တိုက်ခိုက်ရေးသမား တစ်ဦးတို့ဟာ အရေအတွက် နည်းပါးပေမယ့် တစထက်တစ ကြီးထွားလာနေတဲ့ မြန်မာရောက် နိုင်ငံခြားသား တော်လှန်ရေး စေတနာ့ဝန်ထမ်း အစုအဖွဲ့ထဲမှာ ပါဝင်နေပါတယ်။ သူတို့ဟာ တော်လှန်ရေး အဖွဲ့တွေနဲ့အတူ လက်တွဲရင်း အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေကို လက်နက်ကိုင် ခုခံ တွန်းလှန်နေကြပါတယ်။
အရှေ့တောင်အာရှ ဒေသတွင်းမှာ အရက်စက်ဆုံးနဲ့ ခေတ်မီ စစ်လက်နက်တွေ တပ်ဆင်ထားတဲ့ စစ်တပ်ကြီး တစ်ခုကို အံ့တုရင်ဆိုင်ရတဲ့ တော်လှန်ရေး လှုပ်ရှားမှုဟာ သူတို့ရဲ့ လေးစားနှစ်လိုမှုတွေကို ဆွဲဆောင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်မှာ စစ်တပ်က အဓမ္မ အာဏာသိမ်းပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် ဖြိုခွင်း သတ်ဖြတ်ခဲ့ခြင်းဟာ လက်ရှိ စစ်အာဏာရှင် တော်လှန်ရေး လက်နက်ကိုင် လှုပ်ရှားမှုတွေ အစပြုလာစေတဲ့ အကြောင်းရင်းလည်း ဖြစ်ပါတယ်။
ဂျေဆန်ဟာ ၂၀၀၉ ခုနှစ်ကစလို့ ဗြိတိန်ရဲ့ ခြေလျင်တပ်ရင်း တစ်ခုမှာ အမှုထမ်းခဲ့ဖူးပါတယ်။ သူ့ရဲ့ စစ်မှုထမ်း ကာလအတွင်း အာဖဂန် နစ္စတန်မှာ ၇ လလောက် တပ်ဖြန့်ခဲ့ရဖူးပါတယ်။ သူဟာ ရှေ့တန်း စစ်မြေပြင်မှာ သီတင်း ၈ ပတ်လောက် ပါဝင်တိုက်ခိုက်ခဲ့ဖူးတဲ့နောက် ဧပြီနှောင်းပိုင်းမှာ မြန်မာနိုင်ငံ အရှေ့ပိုင်းကို ပြန်ရောက်လာတယ်လို့ ပြောပြပါတယ်။ ဂျေဆန် ဆိုတာက သူ့နာမည် အရင်းတော့ မဟုတ်ပါဘူး။ လုံခြုံရေးအရ သူ့နာမည်ကိုတော့ လျှို့ဝှက်ထားပါတယ်။
“တော်လှန်ရေး အဖွဲ့တွေက သူတို့ယုံကြည်တဲ့ အရာအတွက် သေဖို့ စိတ်ပိုင်းဖြတ်ပြီးသား သူတွေဗျ”လို့ စစ်တပ်ကို ကျားကုတ်ကျားခဲ ခုခံရင်ဆိုင်နေတဲ့ လက်နက်ကိုင် လှုပ်ရှားမှုအပေါ် သူ့အမြင်ကို ဂျေဆန်က ပြောပြပါတယ်။
“ကျွန်တော်စစ်တိုက်ခဲ့ဖူးတဲ့တခြားနေရာတွေလိုမျိုးကြောက်နေတဲ့ မျက်လုံးတွေကို မြင်နေရတာမျိုး ဒီမှာတော့ မဟုတ်ဘူးဗျ။ တကယ် ရဲတဲ့လူတွေပဲ”လို့ ဂျေဆန်က ဆိုတယ်။
မြန်မာနိုင်ငံမှာ၊ အထူးသဖြင့် နယ်စပ်ဒေသတွေမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေဟာ မြန်မာ စစ်တပ်ကို ဆယ်စုနှစ်တွေနဲ့ချီ ခုခံ တိုက်ခိုက်နေခဲ့ကြပြီး ဖြစ်ပါတယ်။ အဲဒီ စစ်ပွဲတွေမှာ တိုင်းရင်းသားဖက်က စေတနာ့ဝန်ထမ်း ကူညီပေးတဲ့ နိုင်ငံခြားသားတွေလည်း ရှိခဲ့ဖူးပါတယ်။
ဒါပေမဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်း လုံးဝခြားနားတဲ့ သွင်ပြင်လက္ခဏာ အသစ်တွေဆီကို ဦးတည်သွားပါတော့တယ်။ စစ်တပ်ရဲ့ ကြမ်းကြုတ် ရက်စက်မှုတွေကို နယ်စပ်နဲ့ တိုင်းရင်းသား နယ်မြေတွေမှာသာ မကဘဲ အလယ်ပိုင်း ဒေသတွေမှာပါ မျက်ဝါးထင်ထင် မြင်လာရတယ်။ ရုရှားလုပ် စစ်လေယာဉ် အများစုကို အသုံးပြုပြီး စစ်တပ်ဟာ အရပ်သား ဧရိယာတွေကိုပါ မရှောင်ဘဲ ဗုံးကြဲ တိုက်ခိုက်တာ၊ စစ်ကြောင်းထိုးပြီး ရွာလုံးကျွတ် မီးရှို့တာတွေကို မြိန်ရည်ယှက်ရည် လုပ်ဆောင်ကြတယ်။ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက စစ်တပ်ရဲ့ လူထုအပေါ် လုပ်ဆောင်နေပုံတွေဟာ စစ်ရာဇဝတ်မှုမြောက်အောင် ဆိုးရွားဖွယ် ရှိတယ်လို့ မှတ်ချက် ပေးထားကြပါတယ်။
ဒီလို ဆိုးယုတ်တဲ့ နည်းတွေကို သုံးနေခဲ့တဲ့တိုင်အောင် စစ်ဗိုလ်ချုပ်တွေဟာ သူတို့အပေါ် ခါးခါးသီးသီး ဖီဆန် တွန်းလှန်နေတဲ့ ပုန်ကန်ခြားနားမှုတွေကို ဘယ်လိုမှ ဦးမချိုးနိုင်တော့ပါဘူး။ နိုင်ငံအနှံ့က တော်လှန်ရေး လှုပ်ရှားမှုတွေဟာ စစ်တပ်ကို ဆက်တိုက် အထိနာအောင် ထိုးနှက်ခဲ့သလို ထိန်းချုပ်နယ်မြေတွေလည်း တိုးပွား ရရှိလာနေပါတယ်။ တရုတ်နဲ့ ရုရှားဆီက ဒေါ်လာဘီလီယံနဲ့ချီ ပေးဝယ်ထားတာတွေကို ဖြည့်ဆည်းထားတဲ့ လက်နက်တိုက်ကြီး ပိုင်ဆိုင်ထားတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ အာဏာသိမ်းမှု နောက်ပိုင်းမှာလေးခွတွေ၊ ဒူးလေးတွေ၊ တူမီးသေနတ်တွေ ကိုင်ဆွဲရင် လက်နက်ကိုင် တော်လှန်ရေး အစပြုခဲ့တာ ဖြစပါတယ်။
တိုင်းရင်းသား တပ်တွေရဲ့ စွမ်းနိုင်သမျှ ကူညီမှုတွေ၊ လူထုရဲ့ လှူဒါန်းမှုတွေ၊ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ဆင်နွှဲတဲ့ ‘၁၀၂၇ စစ်ဆင်ရေး’ အပါအဝင် စစ်ရေးလှုပ်ရှားမှုတွေကနေ သိမ်းဆည်းရမိတဲ့ စစ်လက်နက်ကြောင့် တော်လှန်ရေးဟာ နိုင်ငံတကာ စစ်ရေးထောက်ပံ့မှုတွေ ဘာဆိုဘာမှ မရတာတောင်မှ လက်နက်တပ်ဆင်နိုင်စွမ်း ပိုအားကောင်းလာပြီး အာဏာသိမ်း စစ်တပ်ကို စိန်ခေါ်လာနိုင်ခဲ့ပါတယ်။
ယူကရိန်း နဲ့ ဆီးရီးယားမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေလိုမျိုး နိုင်ငံတကာ စေတနာ့ဝန်ထမ်း တိုက်ခိုက်ရေး အဖွဲ့တွေ အလုံးအရင်း ဝင်ရောက်လာတာမျိုး မြန်မာနိုင်ငံမှာ ဘယ်တုန်းကမှ မကြုံခဲ့ဖူးပါဘူး။ နောက်ပြီး နိုင်ငံခြား တိုက်ခိုက်ရေးသမားတွေရဲ့ အကူအညီတွေကို ရယူဖို့ စနစ်ကျတဲ့ ဖွဲ့စည်းဆောင်ရွက်မှုတွေလည်း မရှိပါဘူး။ ဒါ့အပြင် မြန်မာနိုင်ငံမှာ လက်နက်ကိုင် တော်လှန်ရေး တပ်တွေကလည်း ကျယ်ဝန်းတဲ့ ဧရိယာတွေမှာ ဖြန့်ကျက် အခြေစိုက် လှုပ်ရှားနေကြတာပါ။
ဒါပေမဲ့ အခုအခါမှာ တချို့သော နိုင်ငံခြား တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်တွေဟာ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ မြန်မာနိုင်ငံ အရှေ့ပိုင်းနဲ့ အနောက်ပိုင်း စစ်မြေပြင်တွေဆီ သွားရောက်နေကြပါတယ်။ ဒီလုပ်ရပ်ဟာ သက်ဆိုင်ရာ မိခင်နိုင်ငံတွေမှာ ဥပဒေကြောင်းအရ အရေးယူ ခံရနိုင်တဲ့ အခြေအနေတောင် ဖြစ်နေတာကြောင့် သူတို့ရဲ့ ခရီးစဉ်ကို အထူးတလည် လျှို့ဝှက်ထားရတာ ဖြစ်ပါတယ်။
Al Jazeera သတင်းဌာနဟာ မြန်မာနိုင်ငံ အရှေ့ပိုင်းမှာ တော်လှန်ရေး အင်အားစုတွေနဲ့ လက်တွဲပြီး ဂျေဆန်က တိုက်ပွဲဝင်နေတဲ့ ဓာတ်ပုံနဲ့ ဗီဒီယို မှတ်တမ်းတွေကို ရရှိထားပါတယ်။ သူ့ကို စစ်မြေပြင်မှာ ကိုယ်တိုင် တွေ့ခဲ့ကြောင်း အတည်ပြုထားတဲ့ မျက်မြင်နှစ်ဦးလည်း ရှိပါတယ်။
အဲဒီ ဗြိတိန် စစ်ပြန်ဟောင်းဟာ ရုရှားတပ်တွေ စတင်ကျူးကျော်စ အချိန်လောက်တုန်းက ယူကရိန်းဖက်က ပါဝင် တိုက်ခိုက်ဖူးပြီး အဲဒီ အရှေ့ဥရောပ နိုင်ငံမှာ တစ်နှစ်ခွဲလောက် ဖြတ်သန်းခဲ့ဖူးပါတယ်။
“ကျွန်တော်က ကြေးစားစစ်သား မဟုတ်ပါဘူး။ မှန်ကန်တဲ့ အရာကို လုပ်ဆောင်နေသူတွေလို့ ကျွန်တော်ယုံကြည်တဲ့ဖက်ကို ဝင်ကူတဲ့ သဘောပါပဲ”လို့ ဂျေဆန်က ပြောပါတယ်။
ယူကရိန်း စစ်မြေပြင်မှာ စနစ်တကျ လေ့ကျင့်မှုနဲ့ အတွေ့အကြုံ ဘာမှမရှိဘဲ ရောက်ချလာတဲ့ နိုင်ငံခြားသား တချို့ကို ကိုယ်တိုင် မြင်ခဲ့ဖူးတဲ့ ဂျေဆန်က မြန်မာနိုင်ငံမှာတော့ အလားတူ အခြေအနေတွေ မဖြစ်စေချင်ဘူးလို့ ပြောပါတယ်။
“စစ်ပွဲနဲ့ ပတ်သက်ပြီး ဘာမှမသိတဲ့ သူတွေ ရောက်လာတဲ့ ဒုတိယ ယူကရိန်းလို ပုံစံမျိုး မြန်မာလည်း ဖြစ်လာမှာကို ကျွန်တော် အမြဲတမ်း စိုးရိမ်နေမိတယ်”လို့ သူက ဝန်ခံပါတယ်။ သူဟာ နာမည် ထုတ်မပြောချင်တဲ့ တော်လှန်ရေး တပ်ဖွဲ့တစ်ခုထဲ ချိတ်ဆက် ဝင်ရောက်ခဲ့တယ်လို့လည်း ဂျေဆန်က အတည်ပြုခဲ့ပါတယ်။
လက်ရှိမှာတော့ သူဟာ ဗြိတိန်၊ အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ နိုင်ငံတွေက စစ်ပြန် စစ်မှုထမ်းဟောင်း ၆ ယောက်ကနေ ၁၀ ယောက်လောက်ထိကို စုစည်းပြီး တော်လှန်ရေး အင်အားစုတွေဆီ ပြန်လာနိုင်ဖို့ အစီအစဉ်တွေ ရေးဆွဲနေပါတယ်။
“ကွဲပြားတဲ့ နိုင်ငံစစ်တပ် အသီးသီးကနေ မတူညီတဲ့ အတွေ့အကြုံတွေ ရရှိထားတဲ့အခါ ကျွန်တော်တို့က မြန်မာ့ တော်လှန်ရေး တပ်တွေကို ပြန်လည် ဝေမျှပေးနိုင်မယ်လေ”လို့ သူက ရှင်းပြပါတယ်။
“မြန်မာနိုင်ငံမှာ နေဖြစ်ခဲ့တဲ့ အချိန်တွေအတွင်း ကျွန်တော် သူတို့နဲ့ ပိုပြီး စည်းလုံးမိလာသလို သူတို့ကို ပိုကူညီပေးလာချင်တယ်။ဒီလူတွေကလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီကိုသာ မျှော်လင့်နေကြတာပါ”လို့ ဂျေဆန်က ပြောပါတယ်။
ရက်အတိအကျ မသိရသေးပေမယ့် ဒီနှစ်ကုန်လောက် မြန်မာနိုင်ငံကို ရောက်လာနိုင်မယ်လို့ ခန့်မှန်းရတဲ့ အဲဒီ နိုင်ငံခြား တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်တွေပါတဲ့ ယူနစ်ကို နာမည်တစ်ခုခု သတ်မှတ်ပေးဖို့ကိုတော့ ဂျေဆန်က တွန့်ဆုတ်နေတယ်။
“ကျွန်တော်တို့က ကိုယ်ပိုင် အဖွဲ့တစ်ခု ထူထောင်လိုက်ပြီး လူဖြူ ကယ်တင်ရှင်ကြီးတွေ ပုံစံမျိုး သဘောသက်ရောက်သွားတာ မဖြစ်ချင်ဘူး။ ကျွန်တော်တို့ ဆန္ဒက တော်လှန်ရေး တပ်တွေရဲ့ စနစ်အောက်မှာပဲ ကိုယ်ပိုင် အစုအဖွဲ့နဲ့ လှုပ်ရှားဖို့ပါ။ ကျွန်တော်တို့ ဘာအခကြေးငွေမှလည်း မယူပါဘူး။ ကျွန်တော်တို့ ရှိနေတဲ့အတွက် တခြားသူတွေလည်း အနားရနိုင်တာပေါ့”လို့ ဂျေဆန်က ဆိုတယ်။
ဂျေဆန်ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ ဆန့်ကျင်ဖက် အနောက်ဖက်ခြမ်း၊ အတိအကျ ပြောရရင်တော့ အိန္ဒိယနဲ့ နယ်စပ်နားက ချင်းပြည်နယ်မှာ အဇက်ဒ် ရောက်ရှိနေပါတယ်။ ဇိုလန်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF Zoland)က မေလ ၁၁ ရက်နေ့၊ လူမှုကွန်ရက်ပေါ် ဓာတ်ပုံတစ်ပုံ တင်ထားခဲ့ရာမှာ အမေရိကန် တောင်ပိုင်းနယ်သား အဇက်ဒ်နဲ့အတူ ဗြိတိန် စေတနာ့ဝန်ထမ်း တိုက်ခိုက်ရေးသမား တစ်ဦးကိုပါ တွေ့ခဲ့ရပါတယ်။ ဗြိတိန်က ပုဂ္ဂိုလ်ကတော့ Al Jazeeraဆီ မှတ်ချက်တစ်ခုခုပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။
အဇက်ဒ်က ဇိုလန်း PDF အဖွဲ့ဝင်တွေကို စနိုက်ပါ လက်ဖြောင့်ရိုင်ဖယ် ပစ်ခတ်နည်းနဲ့ ခြေလျင်တပ်သားတွေအတွက် လိုအပ်တဲ့ လေ့ကျင့်မှုတွေ ထောက်ပံ့သင်ကြားပေးရုံသာ မကဘဲ ကင်းထောက်နဲ့ တခြားစစ်ရေး တာဝန်တွေကိုပါ တွဲယူထားတယ်လို့ ဆိုပါတယ်။
“ဒီမှာတော့ စစ်တပ်က မြို့တွေကနေ ဆုတ်ခွာနေရပြီ”လို့ တယ်လီဖုန်း အင်တာဗျူးမှာ ချင်းပြည်နယ်ရဲ့ လက်ရှိ အခြေအနေကို ရည်ညွှန်းပြီး သူက ပြောပြပါတယ်။
“အခုဆိုရင် ကျေးလက်ဧရိယာတွေ အားလုံးလိုလို လွတ်မြောက်နယ်မြေ ဖြစ်လာပြီလို့ ပြောလို့ရတယ်။တော်လှန်ရေးက နောက်ဆိုရင် လူထူထပ်တဲ့ မြို့တွေကိုပါ ထိန်းချုပ်လာနိုင်မယ်ဆိုတာ သံသယ မရှိပါဘူး”လို့ သူက ဆိုတယ်။ PDF Zoland ကတော့ အဇက်ဒ်နဲ့ ပတ်သက်ပြီး သီးခြားမှတ်ချက် မပေးခဲ့ပါဘူး။
သူက အမေရိကန်က ကဖေးတစ်ခုမှာ အလုပ်လုပ်ရင်း နိုင်ငံရေး တက်ကြွလှုပ်ရှားမှုထဲ ပါဝင်လာတာလို့ အဇက်ဒ်က ပြောပြပါတယ်။ သူ့ရဲ့ Generation Z ရဲဘော်ရဲဘက်တွေလိုပဲ အရင်က စစ်တပ်ထဲမှာ အမှုထမ်းခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီ Generation Z လူငယ်တွေကပဲ မြန်မာ့နွေဦး တော်လှန်ရေးရဲ့ အဓိက လောင်စာရင်းမြစ်တွေထဲက တစ်ခု ဖြစ်လာပါတယ်။ သူတာဝန်ယူထားတဲ့ ယူနစ်မှာ အထက်အရာရှိ သူ့ထက် ၂ နှစ်လောက်ပဲကြီးပြီး တပ်ဖွဲ့ဝင် အများစုကလည်း အရင်က တက္ကသိုလ် ကျောင်းသားတွေလို့ အဇက်ဒ်က ပြောပြပါတယ်။
ကာ့ဒ်အနွယ်တွေ၊ အာရပ်တွေနဲ့ တခြားသော လူနည်းစုတွေက ကိုယ်ပိုင် အုပ်ချုပ်ခွင့်အတွက် ဆီးရီးယား မြောက်ပိုင်းမှာ ရုန်းကန် တိုက်ခိုက်နေတာ၊ မြန်မာ့ တော်လှန်ရေး နဲ့ ရုရှားကျူးကျော်မှုကို ယူကရိန်းက တွန်းလှန်နေတာတွေဟာ ပိုမိုကြီးမားတဲ့ နိုင်ငံတကာ ရုန်းကန်လှုပ်ရှားမှုကြီး တစ်ခုထဲက အစိတ်အပိုင်းတွေလို့ အဇက်ဒ်က ရှုမြင်ပါတယ်။
မြန်မာစစ်တပ်နဲ့ ရုရှားကြားမှာ ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိနေပြီး လက်နက်တင်ပို့မှုတွေကို အသွားအပြန် လုပ်ဆောင်နေတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ အဇက်ဒ်ကတော့ ဒီဆက်နွှယ်မှုတွေကြားမှာ အားလုံးက တူညီတဲ့ အကြောင်းတရားအတွက် ရုန်းကန်နေရတယ်လို့ ဆိုတယ်။
သူ့အတွက်ကတော့ မြန်မာနိုင်ငံမှာ စေတနာ့ဝန်ထမ်း ကူညီ တိုက်ခိုက်ပေးနေတယ် ဆိုတာက တစ်သားတည်း စည်းလုံးစွာ ရပ်တည်မှုကို ပြသရင်း လွတ်လပ်ခွင့်အတွက် ရုန်းကန်နေရတဲ့ လှုပ်ရှားမှုတိုင်းဟာ အချင်းချင်း ဆက်စပ်နေတယ် ဆိုတာကို ပြသစေချင်လို့ ဖြစ်တယ်လို့ အဇက်ဒ်က ပြောပါတယ်။
ချင်းပြည်နယ်ကို သူရောက်ရှိနေတာ သုံးလလောက် ရှိပါပြီ။ တော်လှန်ရေးဟာ ကျေးလက်ကို အခြေပြုနေရာကနေ မြို့သိမ်းတိုက်ပွဲတွေ အဆင့်ထိ ဆင့်ကဲ တိုးတက်လာချိန်ကျရင် နောက်ထပ် နိုင်ငံခြား တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်တွေ ထပ်မံ ရောက်ရှိလာဖို့ အဇက်ဒ်က မျှော်လင့်နေပါတယ်။
တော်လှန်ရေး အင်အားစုတွေက ထိန်းချုပ်နယ်မြေတွေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ရရှိလာခြင်းကြောင့် မြန်မာနိုင်ငံရဲ့ နယ်စပ် အဝင်အထွက် လမ်းကြောင်းတွေက တဖြည်းဖြည်းချင်း ပိုလွယ်ကူလာနေသလို ထောက်ပံ့ပို့ဆောင်ရေးလည်း ပိုကောင်းမွန်လာနေကြောင်း၊ ဒီတော့ လူတွေပိုရောက်လာဖို့ မျှော်လင့်နိုင်တာက လက်တွေ့ကျကြောင်းလည်း သူက ရှင်းပြပါတယ်။
မြန်မာ့တော်လှန်ရေးဟာ စစ်ကောင်စီကို ဖြုတ်ချပြီး ဆိုရှယ်လစ်စနစ် အစားထိုး တည်ဆောက်ဖို့ နှိုးဆော်နေတာမျိုး မဟုတ်တော့ဘဲ ၂၁ ရာစု ပြည်သူ့ တော်လှန်ရေးအသွင် ရပ်တည်ချက် ပီပီပြင်ပြင် ရှိနေပြီလို့လည်း သူက ဆိုပါတယ်။
ဒီကလူတွေ အကြောင်းကို သိလာချိန်မှာ တော်တော်လေး အံ့ဩ လေးစားမိတယ်။ သူတို့လက်ထဲမှာ ဘာဆိုဘာမှ မရှိတဲ့ ဗလာဘဝကနေ စစ်တပ်ကို တွန်းလှန်နိုင်တဲ့ အင်အားစု တစ်ခုအဖြစ် စုစည်းနိုင်ခဲ့ကြတာလေ။ သူတို့က အရမ်းရဲရင့်တယ်။ ရန်သူ့စခန်းတွေကို တက်ရှင်းတဲ့ စစ်ဆင်ရေးတွေကျရင် ကိုယ့်ကိုယ်ကိုယ်တောင် အလေးမထားဘဲ သည်းကြီးမည်းကြီး စွန့်စားကြတာ အံ့ဩစရာပဲ”လို့ အဇက်ဒ်က ဆက်ပြောတယ်။
စစ်ဆင်ရေးတွေမှာ ကိုယ်ထိလက်ရောက် ပါဝင်တိုက်ခိုက်ပေးနေတဲ့ နိုင်ငံခြားသားတွေအပြင် ခရစ်ယာန် လူသားချင်း စာနာမှု အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Free Burma Rangers (FBR)ဟာလည်း မြန်မာနိုင်ငံ အရှေ့ပိုင်းက စစ်အာဏာရှင်ကို တော်လှန်နေတဲ့ တိုင်းရင်းသား နယ်မြေတွေမှာ ၁၉၉၀ ပြည့်လွန် နှစ်ကတည်းက နိုင်ငံတကာနဲ့ ပြည်တွင်း စေတနာ့ဝန်ထမ်းတွေကို ခေါ်ယူလာပေးနေခဲ့ပါတယ်။
FBRရဲ့ အကူအညီနဲ့ ရောက်ရှိလာတဲ့ စေတနာ့ဝန်ထမ်းတွေဟာ စစ်ရှောင် လူ့အဖွဲ့အစည်းတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေပေးဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်ဖို့ အဓိက တာဝန်ယူကြပါတယ်။ FBR အဖွဲ့ဝင်တွေ လှုပ်ရှားတဲ့ နယ်မြေတွေဟာ အန္တရာယ် ကြီးတာကြောင့် တချို့သော အဖွဲ့သားတွေက ကိုယ့်ကိုယ်ကိုယ်နဲ့ ဒေသခံ လူ့အဖွဲ့အစည်းကို ကာကွယ်ဖို့ လက်နက်ကိုင်ကြတာမျိုး ရှိခဲ့ပါတယ်။
“လိုလိုလားလား ဆန္ဒရှိတဲ့သူတိုင်းကို ကျွန်တော်တို့က လူသားချင်းစာနာမှု လုပ်ငန်းတွေနဲ့ ပတ်သက်လို့ လေ့ကျင့်ပေးပါတယ်။ ဒါပေမဲ့ စစ်သင်တန်းတော့ မပေးပါဘူး”လို့ ကရင်ပြည်နယ်ကို ရောက်နေတဲ့ FBRထူထောင်သူ အမေရိကန် အထူးတပ်ဖွဲ့ဝင် စစ်မှုထမ်းဟောင်း ဒေးဗစ် အူဘန့်ခ်က Al Jazeeraရဲ့ အင်တာဗျူးကို text messageကနေ ဖြေကြားခဲ့ပါတယ်။ “ကျွန်တော်တို့ဟာ စစ်တပ်မဟုတ်ဘူး။ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းမှလည်း မဟုတ်ဘူး။ ကျွန်တော်တို့က ရှေ့တန်းရောက်နေတဲ့ထောက်ပံ့ကူညီရေး အသင်းအဖွဲ့ တစ်ခုသာ ဖြစ်ပါတယ်”လို့လည်း အူဘန့်ခ်က ရှင်းပြပါတယ်။
တစ်ဖက်ကို ကြည့်ရင်တာ့ စစ်တပ်ဟာ ကျစ်လစ်ပေမယ့် အားကောင်းတဲ့ နိုင်ငံခြား အထောက်အပံ့ ရင်းမြစ်တွေကို အခိုင်အမာ ရရှိနေဆဲပါ။ ဧပြီလတုန်းက အာဏာသိမ်း စစ်တပ် အရာရှိတွေဟာ စစ်သုံးဒရုန်းတွေ ဝယ်ယူဖို့ တရုတ်နဲ့ ရုရှားဆီ သွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မနှစ်တုန်းက ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို ဗလာဒီဗော့စတော့ခ်မြို့မှာ တွေ့ဆုံခဲ့ဖူးတယ်။ မတ်လရောက်တိုင်း ကျင်းပလေ့ရှိတဲ့ တပ်မတော်နေ့ (တော်လှန်ရေးနေ့) အခမ်းအနားတွေမှာလည်း ရုရှား ကိုယ်စားလှယ်တွေကို စစ်တပ်က အထူး မျက်နှာသာပေး ဖိတ်ကြား ဧည့်ခံလေ့ ရှိတယ်။
နောက်ပြီး ရုရှားလုပ် စစ်လက်နက်တွေနဲ့ အကျွမ်းတဝင် ဖြစ်စေဖို့အတွက် ရုရှား စစ်ဘက်ရေးရာ ပညာရှင်တွေကိုယ်တိုင် မြန်မာနိုင်ငံကို လာရောက်ပြီး မြန်မာစစ်သားတွေကို သင်တန်းပို့ချတာတွေ ရှိတယ်လို့ ဆိုတယ်။ လေ့ကျင့်ရေး တာဝန်ယူထားတဲ့ တချို့ ရုရှားစစ်အရာရှိတွေဟာ ရှေ့တန်းစစ်မြေပြင်ထိ ရံဖန်ရံခါ ရောက်လာတတ်တယ်လို့ မြန်မာနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ တော်လှန်ရေး အင်အားစုတွေက ပြောပေမယ့် ဒီကိစ္စကိုတော့ Al Jazeeraက သီးခြား အတည်မပြုနိုင်ပါဘူး။
နာမည်မဖော်လိုတဲ့ မြန်မာ့ တော်လှန်ရေး တပ်မှူးတစ်ဦးကတော့ သူတာဝန်ယူနေတဲ့ ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့မှာ ရုရှား စစ်သင်တန်းမှူး တစ်ဦးကို လွန်ခဲ့တဲ့ လေးလလောက်တုန်းက နောက်ဆုံးအကြိမ် တွေ့ခဲ့ဖူးတယ်လို့ ပြောပြပါတယ်။ “ဒါပေမဲ့ သူရှိနေတဲ့ စခန်းကို ကျွန်တော်တို့ဖက်က ဖိပြီး ထိုးစစ်ဆင်တာနဲ့ အဲဒီ ရုရှား အရာရှိကို ရဟတ်ဧပြီလတုန်းက အာဏာသိမ်း စစ်တပ် အရာရှိတွေဟာ စစ်သုံးဒရုန်းတွေ ဝယ်ယူဖို့ တရုတ်နဲ့ ရုရှားဆီ သွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။ယာဉ်နဲ့ ကမန်းကတမ်း ခေါ်ထုတ်သွားပါတယ်”လို့ သူက ပြောပါတယ်။
(Al Jazeera သတင်းဌာန၏ Western volunteers join the battle against Myanmar’s military regime ဆောင်းပါးကို ဘာသာပြန်ဆိုသည်)
(တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို စစ်ပညာ သင်ပေးရင်း စစ်အာဏာရှင်ကို တိုက်ခိုက်လာကြတဲ့ နိုင်ငံခြားသား စေတနာ့ဝန်ထမ်းတိုက်ခိုက်ရေးသမားတွေ။ ဓါတ်ပုံ-အယ်ဂျာဇီးယား)