Connect with us

Hi, what are you looking for?

သတင်း

ကုန်သွယ်ရေး လျှို့ဝှက်ချက်တွေ Huawei ခိုးယူခဲ့တယ်လို့ အမေရိကန် တရားရုံး ဆုံးဖြတ်

တရုတ်ရဲ့ ဆက်သွယ်ရေး နည်းပညာ လုပ်ငန်းစုကြီး Huaweiဟာ အမေရိကန် ကုမ္ပဏီဆီက ကုန်သွယ်ရေး လျှို့ဝှက်ချက်တွေ ခိုးယူခဲ့ကြောင်း စွပ်စွဲချက်အတွက် အပြစ်ရှိတယ်လို့ အမေရိကန် တရားရုံး တစ်ခုက ဆုံးဖြတ်ခဲ့ပါတယ်။

ဓာတ်ပုံ - Getty

တရုတ်ရဲ့ ဆက်သွယ်ရေး နည်းပညာ လုပ်ငန်းစုကြီး Huaweiဟာ အမေရိကန် ကုမ္ပဏီဆီက ကုန်သွယ်ရေး လျှို့ဝှက်ချက်တွေ ခိုးယူခဲ့ကြောင်း စွပ်စွဲချက်အတွက် အပြစ်ရှိတယ်လို့ အမေရိကန် တရားရုံး တစ်ခုက ဆုံးဖြတ်ခဲ့ပါတယ်။

နိုဝင်ဘာ ၂၄ ရက်နေ့က နယူးယောက်မြို့၊ ဘရွတ်ကလင်းမြို့မှာ ရှိနေတဲ့ ဖက်ဒရယ် တရားရုံးရဲ့ ဂျူရီအဖွဲ့က Huaweiအပေါ် စွဲချက်တင်ထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ Huaweiဟာ အမေရိကန် ကုမ္ပဏီတွေဆီက ကုန်သွယ်ရေး လျှို့ဝှက်ချက်တွေကို ခိုးယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အပြင် ပိတ်ဆို့ အရေးယူ ခံထားရတဲ့ အီရန်နိုင်ငံထဲမှာ အခြေချတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်လို့လည်း အချက်အလက် မှန်တွေကို ဘဏ်တွေဆီ မတင်ပြဘဲ လိမ်လည်ခဲ့ကြောင်း စွပ်စွဲချက်မှာပါ ပြစ်မှု ထင်ရှားတယ်လို့ ဂျူရီ အဖွဲ့က သတ်မှတ်ခဲ့ပါတယ်။

ဒါပေမဲ့ Huaweiဟာ ရာဇဝတ်ဂိုဏ်း တစ်ခုလိုမျိုး လုပ်ငန်းလည်ပတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်မှာတော့ အပြစ်ကင်းတယ်လို့ ဂျူရီအဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။ တရားရုံး စီရင်ချက် ထွက်ပေါ်လာတဲ့နောက် အမေရိကန် ရှေ့နေချုပ် တော့ဒ် ဘလန်ချေးက ဘယ်သူဘယ်ဝါ၊ ဘယ်အဖွဲ့အစည်း၊ ဘယ်ကုမ္ပဏီမှ ဥပဒေရဲ့ အထက်မှာ ရပ်တည်လို့ မရဘူးလို့ ပြောကြားခဲ့ပါတယ်။

အမေရိကန် အစိုးရဟာ အမျိုးသား လုံခြုံရေးအတွက် အန္တရာယ်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်ကို ကိုင်ဆွဲပြီး Huawei ကုမ္ပဏီကို နှစ်အတော်ကြာအောင် ပစ်မှတ်ထားခဲ့ပါတယ်။ အဆင့်မြှင့်တင်ထားတဲ့ 5G အင်တာနက် ကွန်ရက် စနစ်တွေ တပ်ဆင်တဲ့ အခါမှာလည်း Huaweiရဲ့ အခြေခံ အဆောက်အအုံတွေကို မသုံးဖို့ မိတ်ဖက် နိုင်ငံတွေကို အမေရိကန်က တိုက်တွန်းခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

ဘလန်ချေးက Huaweiနဲ့ လက်အောက်ခံ ကုမ္ပဏီ သုံးခုတို့ဟာ လိမ်လည်မှု၊ အချက်အလက် ခိုးယူမှုတွေကို အခြေခံပြီး အမေရိကန်မှာ ဆယ်စုနှစ်တွေနဲ့ချီ လုပ်ငန်း လည်ပတ်နေခဲ့တာ ဖြစ်တယ်လို့လည်း စွပ်စွဲ ပြောကြားခဲ့ပါတယ်။

Huaweiအပေါ် ရာဇဝတ်မှုဆိုင်ရာ စွပ်စွဲချက်တွေကို ၂၀၁၈ ခုနှစ်မှာ စတင်ခဲ့ပြီး နောက်တစ်နှစ်မှာတော့ အမေရိကန် အစိုးရဟာ ကုမ္ပဏီကို ကုန်သွယ်ရေး ပိတ်ဆို့စာရင်းထဲမှာ ထည့်သွင်း သတ်မှတ်ခဲ့ပါတယ်။ အကျိုးဆက်အဖြစ် Huaweiဟာ အမေရိကန်ရဲ့ နည်းပညာတွေကို ရယူ အသုံးပြုရာမှာ ကန့်သတ်မှုတွေနဲ့ ကြုံတွေ့ခဲ့ပါတယ်။

ဒါပေမဲ့ လေ့လာသူတွေကတော့ အမေရိကန်ဆီက အခုလို ထိုးနှက်မှုတွေကြောင့် Huaweiရဲ့ လုပ်ငန်းလည်ပတ်မှုတွေမှာ သိသာတဲ့ ယိမ်းယိုင်မှုမျိုး မရှိခဲ့ဘူးလို့ သုံးသပ်ကြပါတယ်။ နောက်ပိုင်းနှစ်တွေမှာ Huaweiဟာ ကုမ္ပဏီရဲ့ လုပ်ငန်းနယ်ပယ်တွေကို ထပ်ချဲ့ခဲ့သလို ဉာဏ်ရည်တု (AI) နည်းပညာ မြှင့်တင်ရေး တရုတ်အစိုးရရဲ့ အားထုတ်မှုတွေမှာ အဓိက ထောက်တိုင် တစ်ခုအဖြစ် ပံ့ပိုးပေးနေပါတယ်။

Huaweiဟာ ဝန်ထမ်း ၂ သိန်းကျော် ခန့်အပ်ထားပြီး နိုင်ငံပေါင်း ၁၇၀ မှာ လုပ်ငန်းတွေ ဖြန့်ကျက်ထားပါတယ်။ အခုအမှုအတွက် တရားရုံး ဆုံးဖြတ်ချက် ထွက်မလာခင် နှစ်လလောက် ကြားနာမှုတွေကို လုပ်ဆောင်ခဲ့ပြီး အမေရိကန် အစိုးရ ရှေ့နေတွေ တင်သွင်းတဲ့ သက်သေ ၆၀ ကျော်နဲ့ Huaweiဖက်က တင်ပြတဲ့ သက်သေ ၁၅ ဦးရဲ့ ထွက်ဆိုချက်တွေကိုလည်း ရယူခဲ့ပါတယ်။

Huawei ကုမ္ပဏီကတော့ တရားရုံးရဲ့ စီရင်ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပြီး ဥပဒေကြောင်းအရ ခိုင်မာမှု မရှိတဲ့ စီရင်ထုံးတစ်ခုလို့ စွပ်စွဲခဲ့ပါတယ်။ နောက်ပြီး ကုမ္ပဏီရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ဥပဒေရေးရာ တုံ့ပြန်နိုင်စွမ်း ရှိသမျှ အားလုံးကို လုပ်ဆောင်သွားမယ်လို့လည်း Huaweiက ဆိုပါတယ်။

ဒီအမှုဟာ ၂၀၁၈ နှစ်ကုန်ပိုင်းတုန်းက Huaweiရဲ့ ဘဏ္ဍာရေး အရာရှိချုပ်လည်းဖြစ်၊ ကုမ္ပဏီ ထူထောင်သူရဲ့ သမီးလည်းဖြစ်တဲ့ မန်ဝူကျူး အဖမ်းခံမှု နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ ပြဿနာ တစ်ခုပါ။ အဲဒီတုန်းက အမေရိကန်ရဲ့ ဖမ်းဝရမ်းနဲ့ မန်ကို ကနေဒါ နိုင်ငံမှာ ဖမ်းဆီးခဲ့တာကြောင့် တရုတ်နဲ့ ကနေဒါ အစိုးရတွေကြား သံတမန်ရေး တင်းမာမှုတွေပါ ပေါ်ပေါက်လာခဲ့ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ