နို၀င်ဘာ-၂၅၊၂၀၂၆။ဇော်၀င်း/People’s Spring
မလေးရှားနိုင်ငံအခြေစိုက်ပင်လယ်စာ စားသောက်ဆိုင်လုပ်ငန်း The Manhattan FISH MARKET ကမြန်မာနိုင်ငံမှာရှိတဲ့ဆိုင်ခွဲအားလုံးကို ပိတ်တော့မယ်လို့ ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
၂၀၁၄ ခုနှစ်ကတည်းက မြန်မာဈေးကွက်ထဲကို ၀င်ရောက်ခဲ့တဲ့ The Manhattan FISH MARKET(MFM) ဟာ မနက်ဖြန်( နိုဝင်ဘာလ ၂၆ ရက်)နေ့မှာ Myanmar Plaza ဆိုင်ခွဲကို အပြီးတိုင်ပိတ်သိမ်းမယ်လို့အသိပေးပါတယ်။
ဒါ့အပြင် MFM ဆိုင်ခွဲအားလုံးကို အပြီးတိုင် ပိတ်သိမ်းတော့မှာဖြစ်တယ်လို့လည်း အသိပေးထားပေမယ့် ထွက်ခွာရတဲ့ အခြေအနေအသေးစိတ်ကို ထုတ်ပြန်ချက်မှာဖော်ပြမထားပါဘူး။

Public Service Announcement
လွန်ခဲ့တဲ့ ၁၂ နှစ်က ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်းက MMG Tower မှာ The Manhattan FISH MARKET ပထမဆုံးဆိုင်ခွဲကို စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
မူရင်းအခြေစိုက်ရာနိုင်ငံဖြစ်တဲ့ မလေးရှား နဲ့ အင်ဒိုနီးရှား၊ဘရူနိုင်း၊ဘင်္ဂလားဒေ့ရှ်၊သီရိလင်္ကာ၊မော်လ်ဒိုက်၊ အရှေ့အလယ်ပိုင်း က အာရပ်စော်ဘွားများပြည် ထောင်စု (UAE)၊ကာတာ အိုမန် နဲ့ ဂျော်ဒန် နိုင်ငံတွေမှာ The Manhattan FISH MARKET ဆိုင်ခွဲတွေ ရှိပါတယ်။
အခုလပိုင်းအတွင်းမှာမြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံတကာကုမ္ပဏီ ကြီးတွေ လုပ်ငန်းတွေရပ်နားမယ်လို့ ဆက်တိုက်ကြေညာလာကြပါတယ် ။
ဗြိတိန်အခြေစိုက်စားသောက်ကုန် လုပ်ငန်းစုကြီး Unilever ကပါ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့လုပ်ငန်း ရှယ်ယာတွေကိုရောင်းချပြီး မြန်မာ့ ဈေးကွက်ကနေ ရုပ်သိမ်းမယ်လို့ အသီးသီး ထုတ်ပြန်ထားပါတယ်။
အလားတူပဲ လန်ဒန် အခြေစိုက် ကမ္ဘာ့ အကြီးဆုံး စာရင်းကိုင်နဲ့ စီးပွားရေး အကြံပေး ဝန်ဆောင်မှု လုပ်ငန်းကွန်ရက် PricewaterhouseCoopers (PwC) မြန်မာကပါ ထွက်ခွာမယ်လို့ အောက်တိုဘာ တတိယပါတ်က အသိပေးထားပါတယ်။
ဂျပန်ကုန်သွယ်ရေးကုမ္ပဏီကြီး Itochu Corporationလက်အောက်ခံ Isuzuမော်တော်ယာဉ်လုပ်ငန်းက ထရပ်ကားထုတ်လုပ်မှုရပ်ဆိုင်းကြောင်းကြေညာသလို ၊ စင်ကာပူအစိုးရလက်အောက်ခံမြို့ပြစီမံကိန်း၊အင် ဂျင်နီယာနဲ့အတိုင်ပင်ခံSurbana International Consultants ကုမ္ပဏီကလည်းထွက်ခွာမယ်လို့ ကြေညာထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့လကတည်းက ပြည်တွင်း၊ပြည်ပ ကုမ္ပဏီလုပ်ငန်းတွေရပ်ဆိုင်းမှု ကြေ ညာချက်တွေက နေ့စဉ်ထုတ်သတင်းစာတွေထဲမှာ နို၀င်ဘာ ၂၀ ရက်နေ့အထိ အမြဲမပြတ်ပါရှိခဲ့ပါတယ်။
“လုပ်ငန်းတွေ ရပ်ဆိုင်ကြတယ်ဆိုတာ ဘယ်လိုမှ တောင့်မခံနိုင်ကြတော့လို့ပါ။ အခြေခိုင်ပြီးသား ပြည်တွင်း စီးပွားရေးလုပ်ငန်းစုကြီးတွေကတော့ ဟန်မပျက်ပေမယ့် ကြားရသလောက်သူတို့လည်း အခက်အခဲတွေရှိနေတယ်။သွင်းကုန်ပိတ်လိုက်တော့ အစစအရာရာ ဈေးတက်ကုန်တာ။ပစ္စည်းထပ်ထုတ်မမရတာမျိုးတွေရှိတယ်။ကုန်ထုတ်လုပ်ငန်းတချို့ဆို ဒီအတိုင်းရပ်ထားရတာတွေ ရှိနေတယ်”လို့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက လူထုနွေဦးကို ပြောပါတယ်။
ဒေါ်လာငွေ ထိန်းချုပ်ထားတဲ့ စစ်ကောင်စီရဲ့ သွင်းကုန်ထုတ်ကုန် ကန့်သတ်ချက်တွေ၊ငွေကြေးဖောင်းပွမှု (ကုန်ဈေးနှုန်းမြင့်တက်မှု)နဲ့ စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးလာတာတွေ က စီပွားရေးလုပ်ငန်းတွေ ပြိုလဲရမှုအတွက် အဓိကအကြောင်းအရာဖြစ် နေတယ်လို့ လုပ်ငန်းရှင်တွေက အသိပေးထားပါတယ်။
























































