Connect with us

Hi, what are you looking for?

Short Story

လေယာဉ်သံမကြောက်ရတဲ့ ကလေးများနေ့

ကုက္ကိုလ်ပင်ကြီးအောက်မှာ ကလေးတွေ ပျော်ရွှင်နေကြတယ်။ ကုက္ကိုလ်ပင်ကြီးက သက်တမ်းအားဖြင့် နှစ် ရာနဲ့ချီ ရှိလောက်ပါပြီ။ လက်ချင်းဆက်ပြီး အပင်ကြီးရဲ့လုံးပတ်ကို တိုင်းကြည့်ရင် လူကြီးအရွယ် ဆယ်ယောက်လောက် ဆက်ရမှာပါ။

◼️တာပလု

ကုက္ကိုလ်ပင်ကြီးအောက်မှာ ကလေးတွေ ပျော်ရွှင်နေကြတယ်။ ကုက္ကိုလ်ပင်ကြီးက သက်တမ်းအားဖြင့် နှစ် ရာနဲ့ချီ ရှိလောက်ပါပြီ။ လက်ချင်းဆက်ပြီး အပင်ကြီးရဲ့လုံးပတ်ကို တိုင်းကြည့်ရင် လူကြီးအရွယ် ဆယ်ယောက်လောက် ဆက်ရမှာပါ။

ဒီနိုင်ငံမှာ ကုက္ကိုလ်ပင်တွေကို နေရာအတော်များများမှာ တွေ့ရတယ်။ အခုလို နှစ်ရှည်ပင်တွေကို ထိန်းသိမ်းတဲ့စနစ် ကောင်းကောင်းရှိလို့နေမှာပါ။ ထိုင်းနိုင်ငံက မြန်မာနိုင်ငံထက်စောပြီး သစ်တောပြုန်းတီးတာနဲ့ ကြုံရတယ်လို့ ပြောကြတယ်။ ဒီလိုအခြေအနေကို ပြန်ကာမိဖို့အတွက် စီမံချက် ပြန်ချမှတ်ပြီး ဆောင်ရွက်လာတာ အခုတော့ သစ်တောပြုန်းတီးမှုကို ကာဗာပြန်ဖြစ်လာတဲ့ အခြေအနေမျိုး ရောက်လာတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်နေကြသူတွေရဲ့ ပြောဆိုချက်ကိုလဲ ကြားရပါတယ်။

ကလေးတွေက ကုက္ကိုလ်ပင်ကြီးအောက်မှာ ပျော်နေကြတယ်။ ထိုင်းနိုင်ငံမှာ ကလေးများနေ့အတွက် နိုင်ငံတော်စီမံချက်နဲ့ ဆောင်ရွက်ပေးတာပါ။ နှစ်စဉ်နှစ်တိုင်း ဆောင်ရွက်ပေးတာပါ။

Public Service Announcement

Public Service Announcement

ကုက္ကိုလ်ပင်ကြီးအောက်မှာ စတိတ်စင်အသေးတခုရှိတယ်။ စင်ရှေ့မှာတော့ မြေကွက်လပ်ကလေးတခုရှိတယ်။ မြေကွက်လပ်ကလေးပြီးရင် ထိုင်ခုံတွေ ချပေးထားတယ်။ ကလေးတိုင်းရဲ့ လက်ဖမိုး အရည်ပြားပေါ်မှာတော့ ဂဏန်းတွေကို အင်္ဂလိပ်လို အမှတ်စဉ် ရေးပေးထားတယ်။

ဒီဂဏန်းနံပါတ်တွေက ကံစမ်းမဲ နံပါတ်တွေပါ။ စတိတ်စင်ပေါ်က ရွေးခြယ်လိုက်တဲ့ နံပါတ်နဲ့ ကလေးတွေရဲ့လက်မှာ ရေးပေးထားတဲ့ နံပါတ်တူရင် အဲဒိကလေးက မဲနှိုက်ခွင့်ရတယ်။ စတိတ်စင်ပေါ်က မဲနံပါတ် ဖတ်ပြလိုက်တာနဲ့ နံပါတ် တူမတူကို ကိုယ့်လက်ဖမိုးပေါ်က နံပါတ်ကို ကြည့်လိုက်ရုံပါပဲ။

စတိတ်စင်ပေါ်မှာတော့ ဂျိုကာပုံစံဝတ်ပြီး တောင်ဝှေးကိုင်ထားသူတဦး၊ မူကြိုကျောင်းသူဝတ်စုံဝတ်ပြီး ကျောပိုးအိတ်သေးသေးလေး လွယ်ထားတဲ့ အမျိုးသားတဦးနဲ့ လူငယ်အမျိုးသမီးတဦးတို့က ကလေးများနေ့ကို အစီအစဉ်တကျ ကျင်းပပေးကြတယ်။ စတိတ်စင်ပေါ်မှာ အစီအစဉ်ဆောင်ရွက်နေသူတွေနဲ့ ကလေးတွေအတွက် ကံစမ်းမဲဖောက်ပေးမယ့် ပစ္စည်းတွေကို အစီအရီ ထားရှိပါတယ်။

ကလေးတွေဆိုတာ နောင်တချိန်မှာ လူကြီးဖြစ်လာကြမယ့်သူတွေပါ။ ကလေးတွေဟာ နိုင်ငံတော်ရဲ့အနာဂတ် လူ့စွမ်းအား အရင်းအမြစ်တွေပါ။ အနာဂတ်အရင်းအမြစ်တွေကို အလေးထား ဆောင်ရွက်ပေးကြတဲ့ အစီအစဉ်ထက်ကောင်းတာ ဘာများရှိဦးမှာလဲ။

စင်ဘေးတနေရာမှာတော့ တခေါင်းလုံး ဆံပင်ဖြူနေတဲ့ အဘိုးအိုအရွယ် အမျိုးသားကြီးတွေ ထိုင်နေကြတယ်။သူတို့တွေက ပျော်ရွှင်နေကြတဲ့ ကလေးတွေကို ထိုင်ကြည့်နေကြတာပါ။ သူတို့ထဲက တယောက်ကတော့ ရပ်ကွက် လူကြီးဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံရဲ့ ရပ်ကွက်ကလေးတခုမှာအရင်နှစ်‌တွေက ကလေးများနေ့ကို ကြုံဖူးတဲ့ မြန်မာနိုင်ငံသူ ကလေးမိခင်တယောက်က အခုလိုပဲ ပြောပြပါတယ်။

“ဒါ နှစ်တိုင်းလုပ်ပေးတဲ့ အစီအစဉ်ပါ။ နိုင်ငံတော်ကနေချပေးတဲ့ ဘတ်ဂျက် နဲ့ လုပ်တာပါ။ ကလေးတွေအတွက် သီးသန့်လုပ်ပေးတဲ့ အစီအစဉ်ပါ။ ဒီနှစ်က ပစ္စည်းတွေ နည်းနည်း နည်းသွားတယ်။ ဒီနှစ်က စီးပွားရေးထိခိုက်တဲ့ အခြေအနေမျိုးရှိတယ်။ အရင်နှစ်တွေကဆို မဲဖောက်ပေးတဲ့ ပစ္စည်းတွေက အများကြီးပဲ။ ကျမကလေးတွေဆို ဒီလိုနေ့မျိုးမှာ မဲပေါက်လို့ရတဲ့ ဗလာစာအုပ်၊ ခဲတံတွေနဲ့ ကျောင်းမှာ တနှစ်ပတ် လုံး ရေးဖို့ရသွားတယ်။ ကလေးတွေအတွက်တော့ ပျော်စရာတခု ဖန်တီးပေးသလိုပါပဲ”

ညက အချမ်းနည်းနည်းပိုလာတယ်။ ကလေးတွေကတော့ စတိတ်စင်မြင့်ပေါ်က အစီအစဉ် တင်ဆက်ကြသူတွေရဲ့ ပြောဆိုချက်အတိုင်း ဂိမ်းက

စားနေကြသူတွေရှိသလို စင်အောက်မှာ တချိန်လုံး ကနေတဲ့ ဖားရုပ်နဲ့အတူ လိုက်ကနေကြတဲ့ ကလေးတွေလည်းရှိတယ်။

ဖားဆိုတာ အေးချမ်းခြင်းရဲ့ လက္ခဏာတခုပါ။ ဖားတွေဟာ ရေထဲမှာ အနေများတာဖြစ်လို့ အအေးကြိုက်သူတွေလို့ သတ်မှတ်ကြပါတယ်။

ကလေးများနေ့မှာ ကပြပေးနေတဲ့ ရယ်နေတဲ့ ဖားရုပ်ကလေးကိုကြည့်ပြီး အေးချမ်းခြင်း၊ ပျော်ရွှင်ခြင်း အရသာကို ရစေပါတယ်။ ရယ်နေတဲ့ ဖားဝတ်ရုံထဲက လူတယောက်ကတော့ ကလေးတွေ ပျော်ရွှင်ဖို့အတွက် မမောနိုင်မပမ်းနိုင် ကပြပေးနေတာပါ။

ကလေးတွေက ရယ်နေတဲ့ဖားရုပ်ကြီး ဘေးနားမှာ ကခုန်နေကြသူတွေရှိသလို ရယ်နေတဲ့ ဖားရုပ်ကြီးကို တယောက်တလှည့် ပွေ့ဖက်ကြသူတွေလည်း ရှိပါတယ်။ တချို့ကလေးတွေက ရယ်နေတဲ့ ဖားရုပ်ကြီးရဲ့လက်နဲ့ သူတို့ရဲ့ လက်ဖဝါးလေးတွေကို ထိကပ်ပြီး Hi Five လုပ်နေကြသူတွေလည်း ရှိပါတယ်။ ရယ်နေတဲ့ ဖားကြီးက မမောနိုင်မပမ်းနိုင် ကလေးတယောက်ချင်းစီကို သူ့လက်ဖဝါးနဲ့ ဟိုက်ဖိုက်လုပ်ပေးပါတယ်။

စတိတ်စင်ပေါ်က ကံစမ်းမဲနံပါတ်ကို နားစွင့်နေကြသူတွေလည်း ရှိပါတယ်။ ကိုယ့်လက်ပေါ်က နံပါတ်ကို ခေါ်လေမလားဆိုတဲ့ ရင်ခုန် စိတ်လှုပ်ရှားနေကြတဲ့ ကလေးတွေလည်း ရှိပါတယ်။လက်ဖမိုးပေါ်က နံပါတ်ကို ခေါ်လိုက်တာနဲ့ စင်ပေါ်ပြေးတက်သွားကြတဲ့ ကလေးတွေရှိသလို နောက်ဆုံးတလုံး လွဲသွားလို့ ဟင်ကနဲ ဟာကနဲ ဖြစ်သွားကြသူတွေလည်း ရှိပါတယ်။

ကံစမ်းမဲကို စိတ်မဝင်စားကြတဲ့ ကလေးတွေ၊ ရယ်နေတဲ့ ဖားရုပ်ကြီးကို စိတ်မဝင်စားတဲ့ ကလေးတွေလည်း ရှိပါတယ်။ ကုက္ကိုလ်ပင်ကြီးရဲ့ ကြီးမားလှတဲ့ အမြစ်ဆုံကြီးကို အကာအကွယ်ယူပြီး ပြေးတမ်းလိုက်တမ်း ကစားနေကြသူတွေ၊ စုံ၊ စမ်၊ စိ ကစားနေကြသူတွေလည်း ရှိတယ်။ ကလေးတွေက လူကြီးတွေဖန်တီးပေးတဲ့ ကစားနည်းတွေကို ကစားကြသူတွေ ရှိသလို ကလေးအချင်းချင်း ကိုယ်ကြိုက်ရာ ကစားနည်းတွေကို ကစားကြသူတွေလည်း ရှိပါတယ်။

သစ်တပင်ကောင်းရင် ငှက်တသောင်း နားနိုင်တယ်လို့ ပြောကြတယ်။ သစ်တပင်ကောင်းရင် ကလေးတွေလည်း ပျော်ရွှင်ခွင့် ရကြမှာပါ။ ကလေးတွေအားလုံးက ဒီကုက္ကိုလ်ပင်ကြီးရဲ့ အရိပ်အောက်မှာ စုရပ်ဆုံရပ်လုပ်ကြပြီးသူတို့စိတ်ကြိုက် လွတ်လပ်ပျော်ရွှင်စွာနဲ့ ကစားခွင့်ရတဲ့နေရာလည်း ဖြစ်ပါတယ်။နိုင်ငံတနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းခြင်း သရုပ်သကန်ကို မျက်ဝါးထင်ထင် မြင်တွေ့ရခြင်းပါ။

ကျနော်တို့နိုင်ငံမှာတော့ သစ်ပင်တပင်အောက်ဆိုတာ အသက်အန္တရာယ် လုံခြုံရာအရပ်လည်း မည်ပါပေတယ်။ ဘယ်အချိန်မှာများ လေကြောင်းကနေ ပစ်လိုက်လေမလဲဆိုတဲ့ စိုးရိမ်ချက်တွေ ရှိနေတာပါ။ ကလေးတွေကလည်း ကလေးသူငယ်အခွင့်အရေးကို ဆုံးရှုံးနေကြတာပါ။

ထိုင်းနိုင်ငံရဲ့ ဝေဟင်ပေါ်မှာ လေယာဉ်ပျံသန်းပါတယ်။ သာမန်နေ့တွေထက် ထူးခြားနေလို့ မေးခွန်းထုတ်ကြသူတွေလည်း ရှိပါတယ်။ အခြေအနေကို သိကြသူတွေက ပြန်ဖြေပေးကြပါတယ်။ ကလေးများနေ့၊ ထိုင်းနိုင်ငံမှာ ကလေးများနေ့ပါ။ ကလေးများနေ့ဖြစ်တဲ့အတွက် ကောင်းကင်ယံမှာ လေယာဉ်ပျံတွေ ပျံသန်းမောင်းနှင်ပြတာပါလို့ ဆိုကြပါတယ်။

ဒီနေ့ဟာ ကလေးများနေ့ ဖြစ်တဲ့အကြောင်း မိဘတွေက ပြောပြထားကြမှာပါ။ ဒီနေ့ဟာ အပေါင်းအသင်းတွေ တနေရာမှာ စုရပ်ဆုံရပ် စုကြပြီး ပျော်ကြပါးကြ ကစားကြရမယ်ဆိုတာကိုလည်း ကလေးတွေ တယောက်ချင်းစီက သိထားနှင့်ကြမှာပါ။ ကောင်းကင်ပေါ်က လေယာဉ်အသံဟာလည်း ကလေးတွေအတွက် ပျော်ရွှင်စရာနေ့ဆိုတဲ့ အချက်ပြသံလည်း ဖြစ်မှာပါ။

သူတို့ဆီက ကလေးတွေ လေယာဉ်ပျံသံကြားလို့ ပျော်ရမယ်ဆိုတာ သိထားကြမယ်ထင်ပါတယ်။ ကျနော်တို့ဆီက ကလေးတွေမှာတော့ လေယာဉ်သံကြားလို့ ကြောက်နေကြရတာပါ။ လေယာဉ်သံကို ထရော်မာရနေကြတဲ့ ကလေးတွေ အများအပြားရှိပါတယ်။ လေယာဉ်သံ ကြားလိုက်တာနဲ့ ငါ အသက်ဆက်ရှင်ခွင့် ရှိပါ့မလားဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာမျိုး ရှိနေကြမှာပါ။

ယောဒေသက ကလေးဖခင်တဦးရဲ့ ပြောသံ နားထဲကကို မထွက်ပါဘူး။

“လေယာဉ်သံကြားရင် ကျနော့်သားနဲ့ အိမ်ကခွေးတကောင်နေစရာနေရာမရှိကြတော့ဘူး။ ကြောက်နေကြတာဗျာ”

ဒီနိုင်ငံမှာက ကုက္ကိုလ်ပင်အောက်မှာ ကလေး‌တွေ အန္တရာယ်ကင်းကင်း လွတ်လွတ်လပ်လပ် ပျော်ရွှင်စွာနဲ့ ဆော့ကစား နေကြပါတယ်။ ဒီနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ နယ်မြေချင်း ထိစပ် နေတဲ့ နိုင်ငံနှစ်ခုက အခြေအနေချင်း အစစအရာရာ ကွာခြားလွန်းလှပါတယ်။ နိုင်ငံတနိုင်ငံက ကလေးတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံနေရပြီး တခြားတနိုင်ငံကတော့ ကလေးတွေ လုံခြုံစွာနဲ့ သွားလာနေထိုင် ကစားခွင့်ရတဲ့နိုင်ငံ ဖြစ်ပါတယ်။

တနေ့နေ့ တချိန်ချိန်မှာတော့ ကုက္ကိုလ်ပင်ကြီး အရိပ်အောက်မှာ လေယာဉ်သံကို ကြောက်စရာမလိုဘဲ ကျနော်တို့နိုင်ငံက ကလေးတွေ လွတ်လပ်လုံခြုံစွာနဲ့ ကခုန် မြူးထူး ပျော်ပါးကြမယ့်မြင်ကွင်းကို မျက်ဝါးထင်ထင် မြင်တွေ့ရဖို့ အားတင်း ရှေ့ဆက်နေကြရဆဲ ဖြစ်ပါတယ်။

အဲဒီနေ့ဟာ ကလေးများအားလုံး ပျော်ရွှင်ရတဲ့နေ့။ အဲဒိနေ့ဟာ နယ်ခြားစည်းမျဉ်းတွေကို ကန့်သတ်ချက်ဘောင် ကျော်ပြီး ကလေးများအားလုံး ပျော်ရွှင်တဲ့နေ့။ အဲဒိနေ့ဟာ စည်းတားထားလို့မရတဲ့ ကလေးများအားလုံး ပျော်ရွှင်တဲ့နေ့။

(The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ‘​တာပလု’ ရဲ့ “​လေယာဉ်သံမကြောက်ရတဲ့ ကလေးများနေ့” ဝတ္ထုတိုကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

အလင်းထက် မြန် တဲ့ အမြစ်တွေနောက် သစ်အိုပင်ဟာ မလိုက်နိုင်တော့ဘူး။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ခြောက်ဦးအပါအဝင် ပြည်သူ၂၇ဦး သေဆုံးပြီး ၃၈ဦး ဒဏ်ရာရခဲ့သည့် စစ်ကောင်စီ ၏ ကျူးလွန်မှုများအား အပြစ်ပေးအရေးယူနိုင်ရေးအစွမ်းကုန်ဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)​၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်သည်။

ဆောင်းပါး

ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညနေပိုင်းက ချောင်းဦးမြို့နယ်၊ ကျေးရွာတရွာက နေအိမ်တအိမ်မှာ မိသားစုဝင်တွေ ထမင်းလက်ဆုံစားနေကြတယ်။ ကလေးတစ်ယောက်နဲ့လူကြီးနှစ်ယောက်က ထမင်းအရင်စားပြီးလို့ ထမင်းဝိုင်းကထွက်သွားကြပြီ။ ပန်းကန်ဆေးသူကဆေးနေပြီ။

Short Story

အလုပ်မရှိတာ နှစ်ပတ်ကျော်ပြီ။ ဆန်က ရှိသေးသည်ဆိုတော့ သိပ်တော့ ကိစ္စမရှိ။ ကိစ္စရှိသည်က ဟင်းချက်စရာဖြစ်သည်။ ဒီရက်ပိုင်း ပဲဟင်းတလှည့်၊ အသားတုတလှည့်ဆိုတော့ လျှာရင်းက မမြက်သည်မှာ ကြာပြီလေ။ ကိုက်လန်လေးနဲ့ ဝက်သားလေးကို ပါးပါးလှီးပြီး ကြော်စားလိုက်ရင်ကွာ ဆိုတဲ့အသိက ဦးနှောက်ကို သတင်းပို့တော့ ဗိုက်တွေပါ ဆာလာသည်။