Connect with us

Hi, what are you looking for?

ဝတ္ထုတို

‘ဟိုးတောင်ပေါ်မြိုင်တကြောဆီ ယိုင်ပေါတဲ့ ရာသီ’

◼️ ငြိမ်းကိုငြိမ်း

၁။

ဒီတနှစ်မိုးကတော့ ကောင်းဆဲ။ တောင်ပေါ်ဒေသလည်းဖြစ်တာမို့ ရွာရင်လည်း လေးငါးရက်ဆက်တိုက် မစဲတော့။ တခါတရံ နေကျဲကျဲပူတာမို့ ကျောင်းကို ထီးမယူဖြစ်တော့ဘဲ သွား​မိတဲ့အခါမျိုး ရှိဖူးတယ်။ တောင်ပေါ်မိုးက အစိုးမရရယ်။ နေကျဲကျဲပူရာက ချက်ချင်းဆိုသလို အုံ့ဆိုင်းမှုန်မှိုင်းလာပြီး ဗြုန်းဆို မစဲဘဲ သည်းသည်းထန်ထန်ရွာချတတ်တာမျိုး။ အထူးသဖြင့် ကျောင်းဆင်းချိန် ညနေပိုင်းတွေမှာ အဲလိုရွာတတ်တာများတော့ မိုးချိန်ဆို ကျောင်းသွားပြီဆိုတာနဲ့ ထီးကို မဖြစ်မနေတခုတ်တရ ယူသွားရတယ်။

ကျနော်တို့အဖို့ ကျောင်းသွားကျောင်းပြန် မိုးတစိုစိုတအိအိနဲ့လည်းဖြစ်ပြန် တခါတလေ မိုးတအားများလွန်းတဲ့အခါ ကျောင်းနဲ့ နေတဲ့အိမ်ကြား ဝါးနှစ်ပြန်မကရှိတဲ့ ရေအိုင်ကြီးကို ဖြတ်ရနဲ့ မိုးခါဆို အတော်ဒုက္ခများတယ်ဆိုရမယ်။ ကျောင်းကလည်း ရွာအပြင် တောင်ကုန်းမို့မို့လေးပေါ်ဆိုတော့ကာ တောင်ပေါ်လေအေးတဖြူးဖြူးမှာ စိမ့်အေးနေတာရောမို့ အနွေးထည်ကို မချွတ်တမ်းဝတ်ထားရတာမျိုး။ ဒီဒေသမှာက နွေမရှိဘူးဘဲ ဆိုရမလို။ မိုးပြီးရင် ဆောင်း၊ ဆောင်းပြီးရင် မိုး။ အအေးဓာတ်က တနှစ်ပတ်လုံး အတိုးချလို့။

Public Service Announcement

Public Service Announcement

၂။

မိုးရာသီရောက်ပြီဆိုတာနဲ့ ကိုယ်တွေ စိတ်ညစ်သလောက် သူတို့တွေက ပျော်ကြတယ်ရယ်။ မိုးဦးကျပြီဆိုတာနဲ့ တောင်ယာစပါးစိုက်၊ ပြောင်း၊ ဖရုံ၊ သခွား၊ မုန်လာ၊ ချဥ်ပေါင်၊ ဂေါ်ရခါး စသဖြင့် သီးနှံမျိုးစုံစိုက်ကြနဲ့။ တအာင်းပလောင်တိုင်းရင်းသားတွေဟာ ရိုးသားကြိုးစားပြီး ရောင့်ရဲစိတ်ရှိတဲ့ လူမျိုးတွေလို့ပဲ ဆိုရမယ်။ မိုးဦးကျချိန် စပါးနဲ့သီးနှံမျိုးစုံ စိုက်ကြပျိုးကြတယ်ဆိုရာမှာလည်း စီးပွားဖြစ်အတွက် စိုက်ပျိုးကြတာမျိုး မဟုတ်ဘဲ ကိုယ့်အိမ်ကိုယ့်မိသားစုတွေအတွက် တနှစ်စာရိက္ခာ ဖူလုံတယ်ဆိုရုံ။ ပိုပိုလျှံလျှံထွက်ရှိလာရင်တောင် ဆွေမျိုးမိတ်ဆွေတွေဆီ လှည့်လည်ပေးကမ်း ဝေမျှကြတာမျိုး။

နှစ်ပေါက်စာ ဖူလုံရုံ တနိုင်တပိုင်စိုက်ကြတာမျိုးပဲ ဆိုပါစို့။ မိုးခါမှာ မအားလပ်ကြသလောက် ကျန်တဲ့ရာသီချိန်ခါတွေမှာ အားလပ်နေကြတော့ နီးစပ်ရာ လက်လှမ်းမီရာမြို့ရွာဒေသတွေဆီ ဝင်ငွေရလမ်းအတွက် အလုပ်ထွက်ရှာ ထွက်လုပ်လေ့ရှိကြတယ်။

ခေတ်ဆိုးခေတ်ပျက်ကြီးလည်း ဖြစ်ပြန်၊ စစ်ရေးနိုင်ငံရေးအခြေအနေက တနေ့ရွှေ တနေ့ငွေဖြစ်နေပြန်တော့ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးရှားပါးမှု ပြဿနာဟာ တစထက်တစ ကြီးထွားလို့လာတယ်။ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု၊ ဝင်ငွေနည်းပါးမှုနဲ့ ကုန်စျေးနှုန်းကြီးထွား မြင့်မားမှုတွေကြားမှာ ကြပ်တည်းခက်ခဲလာတဲ့ စားဝတ်နေမှုတွေနဲ့ ရုန်းကန်ရှင်သန်ကြရရှာတယ်။ ဆိုရရင် မိုးဦးကျပြီးနောက် မှိုတွေလှိုင်လှိုင်ထွက်လာချိန်ဟာ သူတို့တွေရဲ့ အသက်ရှူချောင်လို့ ဆိုရမယ်။ တောထဲတောင်ထဲ ကလေးလူကြီး ယောကျာ်းမိန်းမမကျန် မှိုရှာထွက်ကြ။ မှိုတပိဿာ ၂ သောင်းခွဲကျော် ဆိုတော့ကာ တချို့ဆို တနေ့တည်းနဲ့ ရှစ်သောင်းတသိန်း တွက်ခြေကိုက်ကြတယ်လို့ ပြန်ကြားသိရ။

၃။

ခက်တာက ကျနော်တို့အတွက်ပါပဲ။ စီးပွားရေး စားဝတ်နေရေးအရ မှိုရှာထွက်ကြတယ်ဆိုပေမယ့် ကလေးတွေ ကျောင်းပျက်ရက်တွေ ဆက်လာ။ ဘယ်သူကျောင်းမလာဘူးလား ဆိုလိုက်ရင် တောထဲမှိုရှာထွက်ကြတယ်ဆရာနဲ့။ ကျောင်းပျက်ရက်များသလောက် ကလေးတွေ သင်ခန်းစာတွေလိုက်မမီမှာ စိုးရတာကတမျိုးနဲ့။ ဒီရာသီချိန်လေးပဲ ခါတော်မီဝင်ငွေရှာကြတာဆိုတော့လည်း ကျနော်တို့အဖို့မှာ ကျောင်းမပျက်ကြဖို့ ပြောဖို့ရာမှာလည်း အခက်။ သူတို့တွေရဲ့ အခက်အခဲကို သိသိရဲ့နဲ့လည်း မဖြစ်မနေ ကျောင်းတက်ဖို့လည်း ဇွတ်မပြောချင်။ သူတို့အတွက် မိသားစုအရေးမှာ တယောက်ဆိုလည်း တအားပေမို့ ကလေးတွေအတွက် သက်ပြင်းမောတွေ တလှိုက်လှိုက်ရှိုက်နေရုံမှ တပါးပါပဲ။

ဒီလိုနဲ့ အချိန်တွေဟာ တရွေ့ရွေ့။ မိုးဦးကျမှသည် မိုးလယ်၊ မိုးလယ်ကနေ မိုးနှောင်း။ မိုးနှောင်းပိုင်း ရောက်စပြုပြီဆိုတာနဲ့ သူတို့ဝမ်းစာရေးမှာ ခါချိန်မီ ရာသီစာဝင်ငွေအတွက် “အယိုင်” ပေါချိန်ရောက်လေပြီ။

တအာင်းပလောင်စကားနဲ့ဆို “ကုယာည်” လို့ခေါ်ကြတာပေါ့။ “ယိုင်”ဆိုတာက ပုစဥ်းရင်ကွဲကို ခေါ်တာပါ။ ပုစဥ်းရင်ကွဲတွေဟာ ကျယ်လောင်စူးရှတဲ့အော်သံပြုတတ်တဲ့ အင်းဆက်တမျိုးးပါ။ ပုစဥ်းရင်ကွဲ အထီးကောင်တွေဟာ ရာသီဥတုသာယာကြောင်း တကောင်နဲ့တကောင် ဆက်သွယ်ပြောဆိုဖို့၊ အမတွေနဲ့ မိတ်လိုက်တဲ့အခါ ဆွဲဆောင်ဖို့နဲ့ အန္တရာယ်တစုံတရာ ကျရောက်လာတဲ့အခါ အသိပေးကြဖို့ အော်သံပြုတတ်ကြပါတယ်။ သူတို့တွေ မိတ်လိုက်ပြီးသွားကြတဲ့အခါ ပုစဥ်းရင်ကွဲအမတွေဟာ သစ်ပင်သစ်ခေါက်တွေကြားမှာ ဥတွေ ဥချထားခဲ့တတ်ကြတယ်။ အဲဒီဥတွေကနေမှ သားလောင်းတွေပေါက်လာ။ ပေါက်လာတဲ့သားလောင်းလေးတွေကလည်း မြေကြီးထဲကို ဝင်သွားပြီး ရှင်သန်ကြီးထွားလာကြ။ ကြီးထွားဖွံ့ဖြိုးလာချိန်မှာ မြေပြင်ပေါ်ကို တက်လာပြီး သစ်ပင်တွေမှာ တွယ်ကပ်နေထိုင်တတ်ကြတယ်။

ပြီးရင်တော့ သူတို့ရဲ့အပေါ်ယံအရေခွံကို ခွာချပြီး အတောင်ပံတွေမာကျောလာတဲ့အခါ ပီဘိပုစဥ်းရင်ကွဲတကောင်အဖြစ် ဆက်လက်ရှင်သန် ကျင်လည်ကြတော့တာပါပဲ။ သူတို့ ခွဲထွက်လာခဲ့ကြတဲ့ ရင်ကွဲအခွံလေးတွေကို တောတောင်ထဲက သစ်ပင်သစ်ခေါက်တွေကြားမှာ လိုက်လံစုဆောင်းရှာဖွေကြပြီး ပွဲစားတွေဆီ တဆင့်ပြန်ရောင်းချကြတာပါ။ အဲဒီပုစဥ်းရင်ကွဲအခွံကို တပိဿာ နှစ်သိန်းခွဲကနေ သုံးသိန်းကြား ပေါက်တယ်။ တရုတ်ဘက်ကနေ ရောင်းသလောက်ဝယ်ကြတယ်။ ပွဲစားတွေက ယိုင်ရှာထွက်သူတွေဆီကနေ စျေးတမျိုးနဲ့ပြန်ကောက်ပြီး တရုတ်ဘက်ကိုရောင်းကြတာမျိုးပေါ့။ ဘယ်လိုနေရာမှာ အသုံးဝင်ပြီး ဘာအတွက်ဝယ်တယ်ဆိုတာ သေချာမသိရပေမယ့် ယိုင်များများရှာရနိုင်လေ ဝင်ငွေကောင်းလေမို့ သူ့ထက်ငါ အလုအယက်အပြေးအလွှား တောထဲတောင်ထဲ ရှာကြဖွေကြရပြန်တာပေါ့။

၄။

ဒီရာသီခါဆိုလည်း ကျနော်တို့တွေ စိတ်မောရပြန်တာပါပဲ။ ယိုင်ရှာထွက်ကြချိန်ဆိုတော့ ကလေးတွေ ကျောင်းပျက်ရက်တွေ ဆက်လာပြန်။ ကျောင်းမလာလို့ မေးလိုက်တိုင်း သူတို့ အယိုင်သွားရှာကြတယ်ဆရာ၊ သူတို့ အမဲလိုက်ထွက်ကြတယ်ဆရာနဲ့။ မိသားစုစားဝတ်နေရေးစရိတ်အတွက် အပိုဝင်ငွေ​ကို ခါတော်မီ မြိုးမြိုးမြက်မြက်လေးရချိန်ဆိုတော့ ကလေးတွေအတွက် ပညာရေးထက် ယိုင်များများရှာလို့ရနိုင်ရေးသည်သာ အရေးပါချိန်ပေါ့။

လွမ်းရေးထက် ဝမ်းရေးခက်လို့ပဲ ဆိုရလေမလား။ အခြေအနေအကြောင်းစုံကို သိမြင်နေသော ကျနော်တို့အဖို့ ကျောင်းပျက်ရက်တွေ တရက်ပြီး တရက်၊ တပတ်ပြီး တပတ် ဆက်လာနေတဲ့ ကလေးတွေကို အပြစ်မတင်ရက်အား။ သနားကရုဏာစိတ်ဖြင့်သာ မချင့်မရဲ သက်​ပြင်းကိုပဲ ခိုးခိုးရှိုက်နေရ။ ဖြစ်နိုင်ရင် ကျောင်းမှန်မှန်တက်ကြပါ ကလေးတို့ရယ်လို့ ပြောထွက်ချင်မိသည်။ စိတ်ကူးသည် စိတ်ကူးမျှသာ။

ရင်နှင့်မမျှသော စကားလုံးတို့သည် ရင်ထဲမှာတင် ကြပ်သိပ်ကျစ်ခဲလို့။ လစ်ဟာနေသောကွက်လပ်လေးတွေကို တတ်အားသမျှဖြည့်ပေးချင်မိတဲ့ အချို့အချို့သော စိတ်ကူးတို့သည် လက်တွေ့သဘောတရားမှာ အခိုးအငွေ့လို့ အငွေ့ပျံပျောက်ကွယ်။

ဒီချိန်ဒီခါရောက်လေတိုင်း ကျနော့်ရဲ့ ကျောင်းသွားကျောင်းပြန် ခြေလှမ်းများဟာ လေးကန်ဖင့်နွဲ့လို့။ အတန်းတတန်းကို ဝင်လိုက်တိုင်း လစ်ဟာနေသော ခုံနေရာလေးတွေကို စိတ်မြင်ကွင်းထဲက ဖျောက်ဖျက်မရနိုင်ခဲ့။ ကလေးတွေ အစုံအလင်မလာရောက်နိုင်သော စာသင်ခန်းသည် အနာဂတ်အတွက် အမှောင်တခြမ်းကျချိန်ပေါ့။

၅။

ကျောင်းဖွင့်ရက် တရက်မှာ ကျနော့်ရုံးခန်းထဲ ကလေးတွေ အလျှိုလျှိုရောက်လာကြသည်။ လက်ထဲမှာ ငါးထောင်တန်၊ တသောင်းတန် ငွေစက္ကူလေးတွေကိုင်လို့။

“ဆရာကြီး … ကျောင်းလခသွင်းမလို့” တဲ့ …

ဒီဘက်ဒေသပညာရေးအဖွဲ့အစည်းက ကလေးတွေ ကျောင်းလခအတွက် တနှစ်ကို တသိန်းကျပ် ပေးသွင်းဖို့ သတ်မှတ်ထား။ အစစ ချို့တဲ့ကြပ်တည်းသော တောင်ပေါ်ရွာကျောင်းလေးမို့ ကျောင်းလခအတွက် ကလေးတွေအပေါ် ကျနော်ဖိအားမပေးချင်၊ ဖိအားမပေးရက်ခဲ့။ ကျောင်းသား တရာ့နှစ်ဆယ်နီးပါး ရှိသော ကျနော့်ကျောင်းကလေးမှာ ကျောင်းလခပေးသွင်းဖို့ ခက်​ခဲသော ကလေးတွေက သုံးပုံနှစ်ပုံမက။ ဒီလိုအခြေအနေအရပ်ရပ်ကို မြင်သိခံစားနေရသော ကျနော့်အဖို့ ကျောင်းလခကိစ္စအတွက် ကလေးတွေကို ဘယ်လိုပြောထွက်ရက်ပါ့မတဲ့လဲ။

ကိုယ့်ဝမ်းစာ ကိုယ်တိုင်ရှာဆိုသလို လူလားမမြောက်တဲ့ ကလေးငယ်လေးတွေက ခါချိန်မီ ယိုင်ရှာထွက်လို့ရတဲ့ ငွေကြေးလေးတွေထဲက တချို့ကို မိဘအပ်၊ တချို့ကို ကျောင်းလခလာသွင်းရှာကြ။ ငွေစကြေးစလေးတွေ လှိုင်ချိန်မို့ သူတို့မျက်နှာလေးတွေ ရွှင်ပျနေသလောက် ကျနော့်ရင်တွင်းမှာ အုံ့ဆိုင်းလို့။ သူတို့လေးတွေကိုယ်တိုင် ယိုင်ရှာရောင်းလို့ရလာတဲ့ ငွေလေးတွေနဲ့ ကျောင်းလခလေးတွေလာပေးနိုင်ကြလို့ ပြုံးပျော်ရွှင်နေကြလေရဲ့။ ကျနော့်အဖို့မှာတော့ သူတို့လေးတွေ ပေးသွားတဲ့ တွန့်ကြေလိပ်နေတဲ့ငွေစက္ကူလေးတွေကို အစီအရီဖြန့်ထပ်နေမိရင်း အတွေးတွေ အစီအရီဖြန့်ကျက်နေမိ။ ကျောင်းရုံးခန်းရှေ့တည့်တည့်မှာ ​အမြဲမြင်တွေ့နေရတဲ့ မြင့်မားမတ်စောက်ပြီး သစ်တောတွေထူထပ်အုံ့ဆိုင်းနေတဲ့ တောင်တန်းများဆီ ​တွေဝေငေးမောနေမိရင်း။

ယိုင်ပေါတဲ့ရာသီချိန်လေ။

ဟိုးတောင်ပေါ် မြိုင်တကြောဆီမှာ

ငါ့ကလေးလေးတွေ ယိုင်ရှာထွက်နေလေကြရှာမှာပဲဆိုပြီး…။ ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ငြိမ်းကိုငြိမ်း’ရေးဖွဲ့တဲ့ “​ဟိုးတောင်ပေါ်မြိုင်တကြောဆီ ယိုင်ပေါတဲ့ ရာသီ” ဝတ္ထုတိုကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

●ထွင် စစ်အာဏာရှင်၏လက်ထက်တွင်အဖြစ်အပျက်တို့သည်ကသောင်းကနင်း၊ ကပြောင်းကပြန် ဖြစ်ကုန်သည်။ မျက်စိတမှိတ်အတွင်းမှာပင် လက်မောင်းပေါ် လာကိုက်သော ခြင်တကောင်ကဲ့သို့ မရိုက်မီမှာပင် ဖျတ်ကနဲ့ ပျောက်ကွယ်သွားတတ်သည်။ မနေ့က ဘေးချင်းယှဥ်ထိုင်ပြီး ဂိမ်းအတူဆော့ခဲ့သော ထွန်းပြည့်စုံဆိုသည့် ပီဒီအက်ဖ်ကလေးက ရန်သူ့ဒရုန်းထိမှန်ပြီး မနေ့ညကပဲ မြေအောက်ထဲ ရောက်သွားခဲ့ပြီ။ ယခုပဲ မိသားစုလက်ဆုံ စားနေသည့် ထမင်းဝိုင်းကလေးဟာ...

ရသစာတမ်းငယ်

အသက် အမျက်အငြိုးပြည့်နှက်နေသော ကမ္ဘာမြေကြီးပါလား။မိုးကော၊ ပိတောက်ကော နောက်ကျသည်။ သည်ကြားထဲ မုန်တိုင်းများက ဝင်ရန်ရှိကြောင်း သတင်းထွက်လာသေး၏။ မတတ်နိုင်တော့… ဒီကာလများ၌ ငါပျော်ခဲ့ဖူးတာ အရက်ဝိုင်းတခုသာရှိသည်။ အတွေးများသည့်၊ စကားလုံးတွေလျှံထွက်နေသည့်အပြင် မျက်နှာများစုံသည့်နေရာလည်းဖြစ်ပြန်သည်။ ငါ့မှာ ပိုက်ဆံမရှိပေ။ ဝိုင်းထဲ လူခြောက်ယောက်ရှိပြီး ငါးယောက်မှာ ဟိုခြစ်ခြစ်ဒီခြစ်ခြစ်နဲ့ မျက်နှာငယ်များဖြင့်တောင်းခံနေရသည်။ ကျန်တဦးကား...

ဝတ္ထုတို

လမ်းတံတားတွေပြုပြင် တိုးချဲ့တာက ကောင်းတော့ကောင်းပါရဲ့။ ဒါပေမဲ့ လမ်းဘေးအရိပ်ရပင်တွေ လုံးပါးပါးကုန်ပြီး ခုလိုနွေနေ့လယ်မျိုးဆို မြင်မြင်ရာဝန်းကျင်က ကွန်ကရစ်ပင်လယ်ပြင်ကြီးလို ဖြစ်နေသည်။ အရင်ကဆို ဒီလမ်းမကြီးက မဟော်ဂနီပင်ညိုရိပ်တွေအောက်မှာ လျောင်းစက်နေတဲ့ လမ်းမကြီးပေပဲ။

သတင်း

ခွန်းနီ ဒီနေ့ပြီးရင်ဒီနေ့လိုနေ့တွေပဲ ထပ်ရောက်လာညဆိုရင်လည်းလကတစ်ခြမ်းပဲ သာတော့တယ်အဝေးကြီးကနေရာကိုအဝေးကကြည့်နေရတာဘယ်သူပျော်မလဲ။ အမှောင်ထုထဲအရောင်တွေကလည်း ဖျော့နေလိုက်တာစိတ်ကူးကိုနည်းနည်းမှ မလျှော့နိူင်ဘူးငါဟာညတိုင်း အိမ်ပြန်လာနေကျအိမ်ရှေ့က သရက်ပင်ကြီးအောက်အရိပ်တစ်ခုထိုးကျနေတာ ငါပေါ့။ အမေ့ရဲ့ဆူငေါက်သံအဖေ့ရဲ့ကြိမ်းဝါးသံနောက်ပြီး တံခါးထဖွင့်ပေးသံအဲ့ဒီလိုနောက်ကျတတ်တဲ့အိမ်အပြန်တွေအခုတော့အရိပ်ယောင်ဆောင်ထားတဲ့အတိတ်တွေပဲ ငါပြန်ရတော့တယ်။ Public Service Announcement စောက်စနစ်ကဆိုးဝါးတော့ငါတို့လူငယ်တွေဟာစစ်ကြီးထဲလုံးလားထွေးလားပေါ့။ ပင်ပင်ပန်းပန်းသင်ယူရကျိုးကျိုးနွံနွံဆည်းပူးရခက်ခက်ခဲခဲတည်ဆောက်ရအပူတပြင်းအသားကျရမောကြီးပန်းကြီးရှေ့ဆက်ရမနိူင်မနင်းထမ်းပိုးခဲ့ရစနစ်တကျနဲ့လူငယ်ဘဝကိုဆုတ်ခွာပေးခဲ့ရအတူတူချီတက်ရင်းတချို့သူငယ်ချင်းတွေလွယ်လွယ်ကူကူသေပေးလိုက်ရ။ ဒီစစ်ကြီးထဲမယ်ရှင်ကျန်နေတဲ့ကောင်တွေအဖို့နှလုံးသားဟာ ဒဏ်ရာအရဆုံးပဲ။ ဆိုလိုရင်းကိုပြန်ဆက်ရရင်အိမ်ပြန်ဖို့ဆိုတဲ့အသိကလူငယ်တွေအားလုံးမှာရှိတယ်။ အတွေးတွေနဲ့ပိလာတဲ့ညဟာမိုးလင်းသွားပေမဲ့အာရုံထဲတော့စာသားတစ်ကြောင်းငြိနေတယ်။ အားလုံးကိုကျော်ဖြတ်ရမယ်ဆိုတဲ့စာသားဟာနေခြည်နွေးနု ပွင့်လုလုမနက်ခင်းအထိငါနဲ့အတူရှိနေတယ်...

Facebook