Connect with us

Hi, what are you looking for?

သတင်း

AA၏ အမ်းမြို့သိမ်းတိုက်ပွဲအတွင်း နပခတိုင်းမှူးရော၊ ဒုတိုင်းမှူးပါ ထွက်ပြေး

AA၏ ၁၀၂၇ စစ်ဆင်​ရေးတွင် ရခိုင်ပြည်နယ်မှ မြို့နယ်အချို့ လက်လွှတ်ရပြီးနောက် နပခတိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦးကို စစ်ကောင်စီက ရာထူးမှထုတ်ပယ်ကာ ဗိုလ်ချုပ်ကျော်စွာဦးကိုအစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။

AA တပ်ဖွဲ့ဝင်များ
AA တပ်ဖွဲ့ဝင်များ

အိမ်သွင်/People’s Spring

အာရက္ခတပ်တော်(AA)ထိုးစစ်ဆင်တိုက်ခိုက်နေသည့် အမ်းမြို့သိမ်းတိုက်ပွဲတွင် မြေပြင်၌ တိုက်ရိုက်ကွပ်ကဲမည့် စစ်ကောင်စီထိပ်တန်းအရာရှိများစွန့်ခွာထွက်ပြေးနေကြပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)တိုင်းမှူးဗိုလ်ချုပ်ကျော်စွာဦးသည် ကျောက်ဖြူမြို့၌ရောက်ရှိနေသလို ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနှင့် အခြားအရာရှိများသည် မကွေးမြို့သို့ စစ်ရဟတ်ယာဉ်ဖြင့် ထွက်ပြေးသွားကြောင်းစုံစမ်းသိရသည်။

“ဗိုလ်မှူးချုပ်သောင်းထွန်းရယ်၊ ဒဏ်ရာရတဲ့ ခမရ(၃၇၂)တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးနဲ့အရာရှိကြီး‌တွေ၊ ထွေအုပ်မှာရှိတဲ့ ဒုညွှန်မှူးအဆင့်ကနေဒုဦးစီးအဆင့်အထိရဟတ်ယာဉ်နဲ့ခေါ်ထုတ်သွားတယ်။ ခေါ်သွားတဲ့အထဲမှာ ဒဏ်ရာရသူတွေပါတယ်” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

ရခိုင်ပြည်နယ်စစ်​ရေးအ​ခြေအ​နေပြ အင်ဖိုဂရပ်
ရခိုင်ပြည်နယ်စစ်​ရေးအ​ခြေအ​နေပြ အင်ဖိုဂရပ်

နိုဝင်လာလ ၄ရက်နေ့က နပခထဲရှိ ရဟတ်ယာဉ်ကွင်းသို့ စစ်ရဟတ်ယာဉ် ၂စီးဆင်းသက်ခဲ့ပြီး ရိက္ခာနှင့် လူအင်အား ပို့ဆောင်ကာ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းဦးဆောင်သည့် ၂ဝဦးခန့်ကို မကွေးမြို့တပ်မ(၈‌‌၈)သို့ ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

“တိုင်းမှူးက အမ်းမှာမရှိဘူး။ နောက်ဆုံးသတင်းရတာက ကျောက်ဖြူကို ရောက်နေတယ်။ သူလည်း အမ်းကျမှာသိလို့ ကျောက်ဖြူက တရုတ်စီမံကိန်းတွေလုံခြုံရေး အကြောင်းပြပြီး ထွက်ပြေးတာ လို့သိရတယ်”ဟု AAနှင့် နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးကပြောသည်။

AA၏ ၁၀၂၇ စစ်ဆင်​ရေးတွင် ရခိုင်ပြည်နယ်မှ မြို့နယ်အချို့ လက်လွှတ်ရပြီးနောက် နပခတိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦးကို စစ်ကောင်စီက ရာထူးမှထုတ်ပယ်ကာ ဗိုလ်ချုပ်ကျော်စွာဦးကိုအစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် တိုင်းစစ်ဦးစီးမှူးယာယီဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ဗိုလ်မှူးကြီးအောင်ရွှေ‌တို့ အမ်း၌ ရှိနေပြီး နပခထဲတွင် ရှိနေသည်ဟု သတင်းရ‌ထားကြောင်းAAနှင့် နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးက​သောကြာ်​နေ့ (နိုဝင်ဘာလ ၈ရက်) နံနက်တွင်ပြောသည်။

တိုင်းမှူးဗိုလ်ချုပ်​ကျော်စွာဦး
တိုင်းမှူးဗိုလ်ချုပ်​ကျော်စွာဦး

ယာယီဗိုလ်မှူးချုပ်ကျော်ကျော်သန်းသည် AAက နိုဝင်ဘာ ၅ရက်နေ့မှစသည့် နပခအနီးရှိ အမြောက်ကြီးတပ်နှင့် အရိုးတောင်လက်နက်ကြီးစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်သည့် တိုက်ပွဲ၌ ဒဏ်ရာရပြီး သေဆုံးသွားခဲ့သည်ဟု စစ်ရေးသတင်းအရင်းမြစ်တစ်ခုကို ကိုးကား၍ နိရဉ္စရာသတင်းဌာနကရေးသားထားသည်။ ထိုဖြစ်စဉ်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

လက်ရှိ အမ်းတိုက်ပွဲသည် နပခအနီး အနီးကပ်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေခြင်းဟု ဒေသခံတဦးကပြောသည်။

“စစ်ကောင်စီက လေကြောင်းအားပဲ ယူပစ်နေတာပါ။ စစ်တပ်ထဲမှာ အရာရှိတွေပါသေတယ်ဆိုတဲ့သတင်းတွေ တော်တော်လေးကိုထွက်နေပါတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

အတွဲလိုက် ပစ်ခတ်နိုင်သည့် ဒုံးကျည်များတပ်ဆင်ထားသည့် အမြောက်ကြီးတပ်နှင့် အရိုးတောင်လက်နက်ကြီးစခန်းကုန်းကို AAက နိုဝင်ဘာလ ၇ရက်တွင် ထပ်မံသိမ်းပိုက်လိုက်ကြောင်း ဒေသခံများနှင့် AAနှင့် နီးစပ်သောစစ်ရေးသတင်းရင်းမြစ်ကပြောသည်။

အမ်းမြို့တွင် ခမရ(၃၇၁) ၊(၃၇၂) ၊(၃၇၃) ၊ အမှတ် (၃၇၄ )အမြောက်တပ်ရင်း၊ အမှတ်(၂ )ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ၊ အမှတ် ၉၄၆ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ၊ အမှတ် (၃၄၅) စက်လက်နက်ပစ္စည်းတပ်ခွဲ၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (နပခ)၊ အမှတ် ၈ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် ၉၂၆ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲ၊ အမှတ် ၉၁၉ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမ်းတောင်အုပ်စုတွင် အမှတ် ၇၅၇ အလုပ်ရုံတပ်ခွဲ (လျှပ်စစ်)၊ အမှတ် ၁၀ တပ်ထိန်းတပ် စသည့် အခြေစိုက်တပ်ဖွဲ့များ ရှိသည့်အပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့အခြေစိုက် အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် (စကခ) ၁၀ လက်အောက်ခံ အမှတ် ၃၆၂ ခြေမြန်တပ်ရင်း၊ အမှတ် ၃၆၅ ခြေမြန်တပ်ရင်း၊ အမှတ် ၃၆၉ ခြေမြန်တပ်ရင်းများပါ ရှိနေသည်။

နပခ ဆိုင်းဘုတ်
နပခ ဆိုင်းဘုတ်

AA သည် ခမရ(၃၇၃)၊ခမရ (၃၇၁)၊ ခမရ(၃၇၂) ကုတင်၃၀၀ဆေးတပ်၊ တပ်ရင်းများ ဖြန့်ခွဲတပ်စွဲထားသည့် ကံ့ကော်တစ်ထောင်ဘုရား၊ပူလောင်တောင်ဘုရားကုန်း၊စရဖတပ်၊ နပခအနီးရှိမိုက်ကရိုဝှေ့တောင်ကုန်း၊ အမှတ်(၈) တိုက်စည်းကျောင်း၊ BEတပ်ရင်း၊သရက်ပင်တပ်စခန်း၊နတလဂိတ်၊ အမြောက်ကြီးတပ်နှင့် အရိုးတောင်လက်နက်ကြီးစခန်းကုန်းများကိုသိမ်းပိုက်ထားပြီဟု ဒေသခံများ၊ ဒေသအခြေစိုက်သတင်းဌာနများ၊ မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ထုတ်ဖော်ပြောကြားထားသည်။ တိုက်ပွဲနှင့်ပတ်သက်၍ AAက တရားဝင်သတင်းထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း အမ်းမြို့ကိုသိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ပြီးခဲ့သည့်အောက်တိုဘာလကသတင်းထုတ်ပြန်ခဲ့သည်။

နပခကို AA သိမ်းပိုက်နိုင်ပါက စစ်ကောင်စီအတွက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ပြီးလျှင် ဒုတိယမြောက် လက်လွှတ်ရမည့် စစ်တိုင်းဖြစ် လာမည်ဖြစ်သည်။ လားရှိုးမြို့အခြေစိုက်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAAက ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။