Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံမြို့အရှေ့ခြမ်းကို စစ်ကောင်စီ လေကြောင်းမှ ပေါင် ၅၀၀ ဗုံးများကြဲ တိုက်ခိုက်

ကယားပြည်နယ်နေ့အခမ်းအနား ဒုချုပ်စိုးဝင်းတက်ရောက်မည်ဖြစ်၍ လွိုင်ကော်မြို့ကို လုံခြုံရေးတင်းကြပ်

ယနေ့ နံနက်ပိုင်းက ဖယ်ခုံမြို့အရှေ့ခြမ်းကို စစ်ကောင်စီ လေကြောင်းမှဗုံးကြဲပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ - Khun Thein Oo

ရဲခေါင်/People’s Spring

ရှမ်း – ကရင်နီပြည်နယ်အစပ် ဖယ်ခုံမြို့အရှေ့ခြမ်းကို စစ်ကောင်စီက လေကြောင်းမှ ပေါင် ၅၀၀ဗုံးများကြဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်း မြစ်များက ပြောသည်။

ယနေ့ (ဇန်နဝါရီ ၁၂ရက်) နံနက် ၁၁နာရီခွဲခန့်တွင် လေယာဥ်နှစ်စီးဖြင့် ပေါင် ၅၀၀ဗုံးများကြဲတိုက်ခိုက်မှုတွင် အဆောက်အဦးအချို့ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

“လအိရွာနဲ့ ဟန်ဘူးရွာ ကိုလာကြဲတာ။ကံကောင်းတာ ရွာအပြင်ဘက်ကို ဗုံးသီးတွေကြသွားတာ။လူထိခိုက်မှု မရှိဘူး။ဟန်ဘူးရွာဆို စစ်ဘေးရှောင်တွေများတယ်”ဟု ဖယ်ခုံမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မိုးဗြဲမြို့အနောက်ဘက်ရှိ ဖယ်ခုံမြို့နယ်ရှိ နေရာနှစ်ခုကို စစ်ကောင်စီက တပြိုင်တည်း ပေါင် ၅၀၀ ဗုံးသီးများအသုံးပြု၍ တိုက်ခိုက်သွားကြောင်းလည်း မိုးဗြဲ PDF တပ်ဖွဲ့ဝင် ကိုခွန်သိန်းဦးက ၎င်း၏ လူမှုကွန်ယက်မှတဆင့် အသိပေးထားသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူများအနေဖြင့် လူစု၊လူဝေး ရှောင်ရှားရန်နှင့် လုံခြုံရေးအထူးဂရုစိုက်ရန်လည်း ၎င်းက တိုက်တွန်းသည်။

စစ်ကောင်စီဝါဒဖြန့်သူများကမူ လအိကျေးရွာနှင့် ဟန်ဘူးရွာတို့တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၏ တပ်ရင်းဌာနချုပ်စခန်းများရှိ၍ ဗုံးကြဲခြင်းဟု ဝါဒဖြန့်လျက်ရှိသည်။

၂၀၂၄ နှစ်သစ်ကူးရက် ညနေပိုင်းတွင် လွိုင်ကော်မြို့အရှေ့ဖက်ရှိ စစ်ရှောင်စခန်းကိုလည်း စစ်ကောင်စီက လေကြောင်းမှဗုံးကြဲမှုတွင်လည်း (၁)နှစ်ကျော်အရွယ်ကလေးငယ်နှင့် ၎င်း၏ မိခင်အပါအဝင် သုံးဦးသေဆုံးခဲ့ရသည်။

ထို့အပြင် ဇန်နဝါရီ ၉ရက်ကလည်း လွိုင်လင်လေးအခြေစိုက် ခမရ (၅၃၀)တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးထိမှန်မှုကြောင့် လွိုင်ကော်မြို့၊ အိုင်စန့်ကျေးရွာမှ (၁၂)နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး သေဆုံးပြီး ငါးလသားအရွယ် ကလေးငယ်တစ်ဦး လက်ပြတ်ဒဏ်ရာရခဲ့သည်။

ထို့အပြင် စစ်ကောင်စီကျင်းပမည့် ကယားပြည်နယ်နေ့အခမ်းအနားကို ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်မည်ဖြစ်၍ လွိုင်ကော်မြို့ကို လုံခြုံရေးတင်းကြပ်ကာ အခမ်းအနားကို ဒေသခံပြည်သူများ မဖြစ်မနေတက်ရောက်ရန် အမိန့်ပေးကြောင်း လွိုင်ကော်မြို့ဒေသခံအချို့က လူထုနွေဦး သို့ပြောသည်။

စစ်ကောင်စီက ကယားပြည်နယ်နေ့(ကယားဒေး)အခမ်းအနားကို လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ လာမည့် ဇန်နဝါရီ ၁၅ ရက်တွင် ပြုလုပ်ရန်စီစဥ်ထားသည်ဟု ဆိုသည်။

“ဝန်ထမ်းတွေရော ၊ ဒေသခံတွေပါမဖြစ်မနေ လာပေးရမယ်ဆိုပြီး ရပ်ကွက်အုပ်ကြီး လိုက်ပြောတယ်။ ဗိုလ်ချုပ်ကြီးစိုးဝင်းလာမှာမို့လို့ အခက်အခဲတွေအားလုံးတင်ပြနိုင်တယ်ဆိုပြီး ပြောတယ်”ဟု လွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် ယနေ့(ဇန်နဝါရီ ၁၂ ရက်)ကစ၍ လွိုင်ကော် မြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီက လုံခြုံရေး တိုးမြှင့်ချထားကြောင်းလည်း ၎င်းက ဆိုသည်။

၂၀၂၃က စစ်ကောင်စီကျင်းပသည့် ကယားပြည်နယ်နေ့အခမ်းအနားကို ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး တစ်ဦးသေဆုံးပြီး ရှစ်ဦးထိခိုက်ဒဏ်ရာရရှိသည့် ဖြစ်စဥ်ရှိခဲ့သည်။

“စိုးဝင်းလာမယ်ဆိုတာတော့ သတင်းသံသဲ့သဲ့ ကြားထားရတယ်။လာဖို့လည်းများတယ်။အဲဒါကြောင့် လည်း ကယားဒေးပွဲကို ဒေသခံတွေပါ မဖြစ်မနေ တက်ဖို့ စုရုံးနေတာ။စည်းကားအောင်လည်းပါသလို လူထု တံတိုင်းလည်း ဖြစ်သွားအောင် ကြံစည်ထားတာ”ဟု ကရင်နီစစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

၂၀၂၄ စက်တင်ဘာ ၄ ရက်က လွိုင်ကော်မြို့သို့ လာရောက်ခဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အဖွဲ့ကို ကရင်နီတပ်ပေါင်းစုက လက်နက်ကြီးဖြင့် တိုက်ခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။