Connect with us

Hi, what are you looking for?

ဆောင်းပါး

နွံကန်ကပြို စစ်တပ်ကဗုံးကြဲ၊ ဖားကန့်အသဲကွဲ​တဲ့​ အ​မေများနေ့

“အဲ့ဒါ အဲ့ဒါ ကျတော့်သမီးလေး။ သူ အသက်ရှိနေအုံးမှာ။ ကျတော်ကိုယ်တိုင် ဆွဲထုတ်ပါရစေဗျာ”

ကဖေး/People’s Spring

“အဲ့ဒါ အဲ့ဒါ ကျတော့်သမီးလေး။ သူ အသက်ရှိနေအုံးမှာ။ ကျတော်ကိုယ်တိုင် ဆွဲထုတ်ပါရစေဗျာ”

အမျိုးသားတစ်ယောက်ရဲ့ ဝမ်းခေါင်းသံကြီးနဲ့ ငိုသံပါအော်လိုက်သံကြီးက ကယ်ဆယ်ရေးစက်ယန္တရားအသံတွေကို ဖုံးသွားတဲ့အထိ ထွက်ပေါ်လာတာပါ။ အဲ့ဒီနေရာရဲ့ မလှမ်းမကမ်းမှာလည်း နွံတွေ ဖုံးနေတဲ့ အိမ်အမိုးကိုင်း ကို ကိုင်ရင်း ဆယ်ကျော်သက်အမျိုးသမီးငယ်တစ်‌ယောက် ကြိတ်ငိုနေရှာပါတယ်။

“သမီးပြန်အလာကို မစောင့်တော့တဲ့ အဖေရေ။ သမီးမှားတာတွေရှိရင် တမလွန်ကနေ ခွင့်လွှတ်ပါ”

Public Service Announcement

Public Service Announcement

နာရီ‌ ပေါင်းများစွာ ငိုထားလို့ မျက်လုံး‌တွေ မို့မောက်၊ မျက်နှာတွေ ပြည့်အစ်နေတဲ့ အဆိုပါ အမျိုးသမီးဟာ ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်တော့ပဲ အော်ဟစ် ငိုကြွေးနေတာပါ။

သူတို့ရှိတဲ့နေရာရဲ့ ပတ်ဝန်းကျင်မှာလည်း ကယ်ဆယ်ရေးစက်ယန္တရားအသံတွေနဲ့ သားပျောက်၊ သမီးပျောက်၊ အဖေအမေပျောက်ဆုံးသွားသူတွေရဲ့ ငိုသံတွေဟာ ရောထွေးနေပါတယ်။

ဖားကန့်မြို့နယ် စပေါ့ကျေးရွာရဲ့ ဇန်နဝါရီလ ၁၃ရက် နေ့လယ်ပိုင်း မြင်ကွင်းဖြစ်ပါတယ်။ အဲ့ဒီနေ့ မနက် အစောပိုင်းမှာ စပေါ့ရွာက နွံကန်ကြီး ပြိုကျပြီး အိမ်တွေကို နွံတွေက ဖုံးအုပ်သွားတာပါ။

တစ်ချိန်တည်းမှာပဲ စ​ပေါ့ရွာနဲ့ ၉ မိုင်ခန့်​သာ​ဝေးတဲ့ ဆန်ခါရွာနဲ့ ဆိပ်မူရွာ လမ်းမပေါ်မှ သွေးအိုင်ထဲလဲကျသေဆုံးနေသူတချို့ဘေးနာမှာ ငိုသံတွေလွှမ်းနေခဲ့ပြန်ပါတယ်။

ည အိပ်မောကျနေချိန် ဆူနာမီလှိုင်းလို ရွှံ့နွံတွေဖုံးလွှမ်းတိုက်စားပြီး အရှင်လတ်လတ် မြေမြှုပ်ခံလိုက်ရသူတွေကို ကယ်ဆယ်ရေးနေတုန်း ဆိပ်မူနဲ့ မဇွပ်ယန်ရွာကို စစ်‌ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဖားကန့်တနယ်လုံး ထိတ်လန့်တုန်လှုပ်ခဲ့ရတာပါ။

စ‌ပေါ့ရွာနွံကန်ပြိုကျတဲ့ဖြစ်စဉ်မှာ အိမ်၅၀ ကျော်ကို နွံ တွေဖုံးလွမ်းသွားပါတယ်။ ညအိပ်မောကျချိန် ကြုံရတဲ့ဒီဖြစ်ရပ်ဆိုးမှာ သေဆုံးသူရာချီရှိနိုင်တယ်လို့ ဒေသခံတွေကမှန်းဆပြီး စက်ယန္တရားတွေရဲ့အကူအညီနဲ့ ရှာဖွေကယ်ဆယ်ရေး အား

ချင်းလုပ်ခဲ့ကြပါတယ်။ မြေ‌အောက်ပိနေသူတွေရဲ့အသက်ကို ခက်ခက်ခဲခဲလုယူနေတုန်းမှာပဲ စစ်​ကောင်စီကဘဖားကန့်ကို အင်အားပြင်းဗုံးတွေနဲ့ လေကြောင်းကနေ ဗုံးကြဲခဲ့တာပါ။

ဒေသခံလူမှုကူညီရေးအဖွဲ့တွေဟာ နွံကန်ပြိုကျမှုမှာ ပျောက်ဆုံးနေသူတွေကိုရှာဖွေနေရင်း ဆိပ်မူနဲ့ မဇွပ်ယန်လမ်းမပေါ်က သေဆုံးသူတွေ၊ ဒဏ်ရာရသူတွေဆီ လူစုခွဲပြီး ကယ်ဆယ်ရေးလုပ်ခဲ့ရပြန်ပါတယ်။ဒေသခံတွေရော လူမှုရေးအဖွဲ့တွေပါ တကယ့်ကိုပဲ အရူးမီးဝိုင်းနေခဲ့ပါတယ်။

နွံကန်ပြိုကျတဲ့ဖြစ်စဉ်မှာ အသက်ရှင်နေတဲ့ကယ်ဆယ်နိုင်သူ တစ်ဦးမှမရှိခဲ့ဘဲ ဖြစ်စဉ်အပြီး ၃ ရက်နာရီအတွင်းမှာ ရုပ်အလောင်း ၃၁ လောင်း ရှာဖွေတွေ့ရှိထားပါတယ်။ သေဆုံးသွားသူတွေထဲမှာ အသက် ၁၀ နှင့်အောက်ကလေးငယ်တွေလည်း ပါပါတယ်။

ဇန်နဝါရီ၁၃ရက်နေ့ကနွံကန်ပြိုကျတာမှာ သေဆုံးသူ ၃၁ဦးဖြစ်ပြီး ဗုံးကြဲခံရလို့သေဆုံးမှုမှာ ၁၃ဦးဖြစ်တာကြောင့် အဲ့ဒီနေ့ဟာ ဖားကန့်အတွက်တော့ ကံဆိုးမိုးမှောင်ကျတဲ့နေ့လို့ ဒေသခံတွေက ငြီးတွားပါတယ်။ ဒီလို ကံဆိုးမိုးမှောင်ကျတဲ့ဖြစ်ရပ်ကို ဖန်တီးတဲ့ နတ်ဆိုးက မင်းအောင်လှိုင် နဲ့ စစ်အာဏာရှင်တစုလို့ ဆိုကြပါတယ်။

“ညဘက် အလုပ်ဆင်းသူတွေဆိုရင် တစ်အိမ်လုံး သူတစ်ယောက်ပဲ ကျန်တယ်ဗျာ။ ဒီလိုအခြေအနေတွေကြားမှာ ဖားကန့်က လေကြောင်းကနေပါ ဗုံးကြဲခံရတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

လေကြောင်းကနေတိုက်ခိုက်တဲ့ဖြစ်စဉ်မှာတော့ အမျိုးသမီးအချို့အပါအဝင် အရပ်သား ၁၃ဦး သေဆုံးခဲ့ပါတယ်။ ‌သေဆုံးသူတွေထဲမှာ ရေမဆေး ကျောက်ရှာဖွေသူတွေလည်းပါပါတယ်။ ကျောက်တူးနေတဲ့နေရာကို ပစ်မှတ်ထားပြီးတိုက်ခိုက်တာလို့ ဒေသခံတွေကပြောပါတယ်။

မိနစ်ပိုင်းသာကြာတဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အရပ်သား ၁၃ဦးရဲ့အသက်ကို လွယ်လွယ်ကူကူနှုတ်ယူသွားခဲ့ပါတယ်။ မိခင်များနေ့လို့ အထူးတလည်ဂုဏ်ပြုသတ်မှတ်ခဲ့တဲ့ ပြာသိုလပြည့်နေ့မှာ အမိမဲ့သားတွေ၊ သားမဲ့မိခင်တွေအဖြစ်ကို စစ်ကောင်စီက တွန်းပို့ခဲ့ပါတယ်။

“လပြည့်နေ့၊ မိခင်များနေ့ ဟုတ်ပါတယ်။ဖားကန့်က မိခင်တွေ ရက်ကွဲပက်လက် ငိုရတဲ့ မိခင်များနေ့ပါ”လို့ ဖားကန့်က ရေမဆေးကျောက်ရှာဖွေတဲ့လူငယ်တဦးက သူ့ရင်တွင်းခံစားမှုကို လူမှုကွန်ရက်ပေါ် ရေးတင်ခဲ့ပါတယ်။

ဖားကန့်ရဲ့ဒဏ်ရာဒဏ်ချက်တွေဟာ ဒီနေရာမှာတင် မရပ်တန့်‌သေးပါဘူး။ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုမှာ မပေါက်ကွဲသေးတဲ့ ဗုံးသီးတွေဟာ ဆိပ်မူ နဲ့ မဇွန်ယန်ရွာမှာ ရှိနေပြန်ပါတယ်။ စစ်လက်နက်နဲ့ပတ်သက်လို့ နကန်းတစ်လုံးမှနားမလည်ဘဲ ဗုံးသီးတွေနဲ့အတူ ယှဉ်တွဲနေထိုင်ရတဲ့အဖြစ်ကိုရောက်နေပြီလို့ ဒေသခံတွေကပြောပါတယ်။

နွံကန်ပြိုကျမှုမှာလည်း အသက်ရှင်လျက်ကယ်ဆယ်နိုင်မယ်လို့ မျှော်လင့်ချက် ရေးရေးမျှမရှိတဲ့တိုင်အောင် ပျောက်ဆုံးနေသူတွေရဲ့မိသားစုဝင်တွေဟာ နေပူပူအောက်မှာ ဆက်လက်စောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့ စက်ယန္တရားကြီးကြီးတွေရဲ့ တဂျုံးဂျုံး တဂျိုင်းဂျိုင်းထွက်ပေါ်နေတဲ့အသံဟာ စပေါ့ရွာနီးချုပ်စပ်မှာ ထွက်ပေါ်နေပါတယ်။တစ်ဖက်မှာလည်းနောက်ထပ်လေကြောင်းတိုက်ခိုက်ခံရမယ့် အခြေအနေကို စိုးရိမ်ထိတ်လန့်နေကြရပြန်ပါတယ်။

နွံကန်ပြိုကျပြီးမြေကြီးထဲ အရှင်လတ်လတ် မြုပ်သွားသူတွေကို အသက်လု ကယ်ဆယ်ရေးနေတုန်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့ စစ်ကောင်စီရဲ့လုပ်ရပ်အပေါ် ဖားကန့်ဒေသခံတွေက အလွန်တရာနာကျည်းမုန်းတီးနေကြပါတယ်။

“ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုတဲ့ စကားပုံက သဘာဝကျသေးတယ်။ အခုကယုတ်မာတာဗျ” လို့ ဖားကန့်ဒေသခံတစ်ဦးက ဆိုပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

ရေဘေးကြုံတွေ့နေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မှာ နေအိမ်တစ်လုံးပေါ်ကို မြေပြိုကျပြီး အမျိုးသားတစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ရေကြီးနစ်မြုပ်မှု ရက်သတ္တပတ်တစ်ပတ်ကျော်လာပြီဖြစ်ပြီး မိုးဆက်ရွာနေသလို ဥရာချောင်းလည်း ရေလျှံပြီး ရေဘေးအခြေအနေပိုဆိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဖျက်အားပြင်း ဗုံးတွေအပါအဝင် ဗုံးအလုံး ၆၀ ကျော်ကြဲချ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့