Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တူရကီမှာ နှင်းလျှောစီးစခန်းက ဟိုတယ် မီးလောင်လို့ လူ ၇၆ ဦး သေဆုံး

တူရကီနိုင်ငံ မြောက်ပိုင်းက လူသိများတဲ့ နှင်းလျှောစီး စခန်း တစ်ခုမှာ ဟိုတယ်မီးလောင်မှုကြောင့် လူ ၇၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

တူရကီနိုင်ငံ မြောက်ပိုင်းက လူသိများတဲ့ နှင်းလျှောစီး စခန်း တစ်ခုမှာ ဟိုတယ်မီးလောင်မှုကြောင့် လူ ၇၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဆောင်းရာသီ အားလပ်ရက်လည်းဖြစ်၊ နှင်းလျှောစီးလို့ အကောင်းဆုံး ရာသီလည်း ဖြစ်တာကြောင့် ကာတာလ်ကာယာ တောင်ပေါ်မြို့လေးမှာ ဧည့်သည်တွေ ပြည့်နှက်နေတဲ့ အချိန်မျိုးမှာ အခုလို ဆိုးရွားတဲ့ အနိဋ္ဌာရုံ သတင်းမျိုး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၁ ရက်နေ့တုန်းက မီးဟာ ၁၂ ထပ် Grand Kartal ဟိုတယ် အဆောက်အအုံထဲမှာ ပျံ့နှံ့ လောင်ကျွမ်းခဲ့ပြီး မီးခိုးလုံးကြီးတွေ ထွက်ပေါ်နေခဲ့တာကို တွေ့ရပါတယ်။

မီးလောင်မှုကြောင့် ထိတ်လန့်တကြား ဖြစ်နေတဲ့ ဧည့်သည်တချို့ဟာ အထပ်မြင့်တွေကနေ ခုန်ချပြီး သေဆုံးခဲ့တာတွေလည်း ရှိတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ တချို့ကတော့ အိပ်ရာခင်းတွေကို ကြိုးအဖြစ် အသုံးချပြီး တွယ်ဆင်းခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ကံမကောင်းစွာနဲ့ပဲ မီးလောင်မှုကြောင့် သေဆုံးသူ ဦးရေဟာ ၇၆ ဦး ရှိလာပြီဖြစ်ကြောင်း ဇန်နဝါရီ ၂၁ ရက် ညပိုင်းမှာ ပြည်ထဲရေး ဝန်ကြီး အလီ ယာလီကာယာက ပြောကြားခဲ့ပါတယ်။ ဒါဟာ ကနဦး ကြေညာထားတဲ့ အသေအပျောက် စာရင်းထက် ၁၀ ဦး ထပ်တိုးလာတာလည်း ဖြစ်ပါတယ်။

ရုပ်အလောင်း ၅၂ ခုကို ဘယ်သူဘယ်ဝါ ခွဲခြားသိရှိထားပြီး ကျန်တဲ့ အလောင်းတွေကိုလည်း ခွဲခြား သိရှိလာနိုင်အောင် မှုခင်းဆေးပညာရှင်တွေက ကြိုးစားနေကြောင်း၊ အတည်ပြု သိရှိပြီးသား အလောင်းတွေထဲက အများစုကို မိသားစုဆီ လွှဲပြောင်းပေးပြီးဖြစ်ကြောင်း ဝန်ကြီးက ဆက်ပြောပါတယ်။

ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၀၀၀ လောက် အမြင့်မှာ တည်ရှိတဲ့ မြို့ထဲက ဟိုတယ်မှာ အခင်းဖြစ်ချိန်က ဧည့်သည် ၂၃၈ ဦး တည်းခိုနေခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။ ဇန်နဝါရီ ၂၁ ရက်နေ့ ညပိုင်းထိ အခြေအနေအရ အသေအပျောက် ၇၆ ဦးအပြင် ဒဏ်ရာရသူ ၅၁ ဦး ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ အဲဒီထဲက ၁၇ ဦးဟာ ဆေးရုံက ဆင်းသွားပြီး ၃၄ ဦးကတော့ ကုသမှု ခံယူနေဆဲဖြစ်ကြောင်း၊ ဆေးရုံတက်နေသူတွေထဲက ၁ ဦးရဲ့ အခြေအနေက စိုးရိမ်ရကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။

ပြည်ထဲရေး ဝန်ကြီး ယာလီကာယာက မီးလောင်မှုနဲ့ ပတ်သက်ပြီး ဟိုတယ်ပိုင်ရှင် အပါအဝင် ၈ ဦးကို ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးနေကြောင်း ပြောပါတယ်။ မီးစတင်လောင်ကျွမ်းတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပေမယ့် လူသားတွေရဲ့ ပေါ့လျော့မှုတွေ ဆက်စပ် ပါဝင်မယ်လို့ ယုံကြည်ရကြောင်း ယာလီကာယာက ဆိုပါတယ်။

မျက်မြင်တွေရဲ့ အဆိုအရ ပြတင်းပေါက်တွေကနေ ထွက်လာပြီး တွယ်ဆင်းဖို့ ကြိုးစားတဲ့ သူတွေထဲက အနည်းဆုံး ၃ ဦး ပြုတ်ကျ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဟိုတယ်မှာ လောင်ကျွမ်းတဲ့ မီးဟာ စားသောက်ဆိုင် ဧရိယာက စတင်ခဲ့တယ်လို့ ယုံကြည်ရပြီး သစ်သားကိုယ်ထည် မျက်နှာစာနဲ့ ဖုံးအုပ် အလှဆင်ထားတဲ့ ဟိုတယ်ထဲမှာ မြန်မြန်ဆန်ဆန် ပျံ့နှံ့ လောင်ကျွမ်းသွားခဲ့ပါတယ်။

တူရကီ သမ္မတ ရာဂျစ်တာယစ်ပ် အာဒိုဝမ်က ဒီဖြစ်စဉ်ဟာ တစ်နိုင်ငံလုံးအတွက် နက်နက်ရှိုင်းရှိုင်း နာကျင်စရာ ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပြီး ဇန်နဝါရီ ၂၂ ရက်ကို တစ်နိုင်ငံလုံး ဝမ်းနည်းပူဆွေးမှု ကာလအဖြစ် သတ်မှတ် ကြေညာခဲ့ပါတယ်။ သူက ဖြစ်စဉ်နဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေကို သေချာပေါက် ဖော်ထုတ် အရေးယူမယ်လို့လည်း ပြောပါတယ်။

ကမ္ဘာလှည့် ခရီးသွား ဝန်ကြီး နျူရီ အာဆွိုင်က ၂၀၂၄ ခုနှစ်ထဲမှာ အဲဒီဟိုတယ်ကို မီးဘေး လုံခြုံရေး အစီအမံတွေ နှစ်ကြိမ် စစ်ဆေးမှု လုပ်ဆောင်ခဲ့ပြီး သတ်မှတ်ချက်တွေ ပြည့်စုံတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အသက်ရှင် လွတ်မြောက်လာသူတွေကတော့ မီးအန္တရာယ် အချက်ပေး ခေါင်းလောင်းတွေ၊ မီးခိုးလုံးတွေကို အာရုံခံ ထောက်လှမ်းပြီး အချက်ပေးတဲ့ စနစ်မျိုးတွေနဲ့ အရေးပေါ် မီးသတ်ထွက်ပေါက်တွေ ဟိုတယ်မှာ စီစဉ်ထားတာ လုံးဝ မရှိဘူးလို့ စွပ်စွဲ ပြောဆိုထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့ကနေအိမ်တစ်လုံးမှာဒီနေ့ (ဇွန်လ၁၉ ရက်) နေ့ခင်းပိုင်းကမီးလောင်မှုဖြစ်ရာကလေးနှစ်ဦးသေဆုံးသွားပြီးသက်ကြီးပိုင်းအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြ၀တီမီးသတ်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ၊ဒေလီမြို့တော်ကဟိုတယ်နဲ့ စားသောက်ဆိုင် တွဲဖွင့်ထားရာ အဆောက်အအုံတစ်လုံးမှာ မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်မှာ စစ်ကောင်စီရဲ့ယာဥ်ထိန်းရဲကင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။