ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။
ပါလာဝမ် ပြည်နယ်ထဲက ကမ္ဘာလှည့် ခရီးသွားတွေကြား ထင်ရှားရာ ကိုရွန် ကမ်းခြေဧရိယာမှာ စက်တင်ဘာ ၉ ရက် ညပိုင်းတုန်းက M/V June Aster ကူးတို့ရေယာဉ် မီးလောင်ခဲ့တာပါ။ မီးလောင်မှုအတွင်း ရေယာဉ်ကိုယ်ထည် တစ်ခုလုံး မီးကျွမ်းပြီး ပျက်စီးသွားခဲ့ပါတယ်။
ရေယာဉ်ပေါ် ပါလာသူတွေထဲက ၅ ဦး သေဆုံးပြီး ၄၃ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ ပျောက်ဆုံးနေသူ ၈၄ ဦးရှိကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ကယ်ဆယ်ရရှိသူတွေထဲက အများအပြားကိုလည်း ဆေးရုံတင်ထားရပါတယ်။
မီးကို ငြှိမ်းသတ်ပြီးတဲ့တိုင် ရေယာဉ်ပျက်ရဲ့ ကိုယ်ထည်ထဲကနေ အဆိပ်အတောက် ဓာတ်ငွေ့ပါတဲ့ မီးခိုးတွေ ဆက်ပြီး ထွက်ပေါ်နေတာကြောင့် ကယ်ဆယ်ရေး အဖွဲ့တွေဟာ ထပ်ပြီး စောင့်ခဲ့ရပါသေးတယ်။ ရေယာဉ်ပျက်ရဲ့ ကိုယ်ထည်က အပူချိန် အရမ်းမြင့်နေဆဲ ဖြစ်သလို အဆိပ်အတောက် ဓာတ်ငွေ့တွေကြောင့်လည်း ချဉ်းကပ်ဖို့ ခက်နေခဲ့ကြောင်း ကမ်းခြေစောင့်တပ် တာဝန်ရှိသူတွေက ဆိုပါတယ်။

Public Service Announcement
စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းမှာတော့ ရေယာဉ်ပျက်ရဲ့ အခြေအနေက အတော်လေး အန္တရာယ် လျော့ကျသွားပြီလို့ ယုံကြည်ရတာကြောင့် ကယ်ဆယ်ရေး အဖွဲ့တွေ စတင်တက်ရောက် ရှာဖွေခဲ့ပါတယ်။ ရေယာဉ်မီးလောင်မှုကနေ ထွက်တဲ့ ကာဘွန်မိုနော့ဆိုက် ဓာတ်ငွေ့တွေဟာ လူ့အသက် ဆုံးရှုံးစေလောက်တဲ့ထိ ပမာဏ များပြားခဲ့တယ်လို့ ဆိုပါတယ်။
မူလက ရေယာဉ်ရဲ့ ခရီးသည်နဲ့ အမှုထမ်း စာရင်းကို အခြေခံပြီး ပျောက်ဆုံးသူ ၈၆ ဦးလို့ တွက်ချက်ခဲ့ပေမယ့် ၂ ဦးက ခရီးစဉ်မှာ မလိုက်ပါဖြစ်ခဲ့ကြောင်း သိရှိလာတဲ့နောက် ၈၄ ဦးလို့ ပြင်ဆင် သတ်မှတ်ခဲ့ပါတယ်။
ရေယာဉ်ပျက် ကိုယ်ထည်ထဲမှာ စတင်ရှာဖွေနေသလို အနီးတဝိုက် ပင်လယ်ပြင်မှာလည်း ရေငုပ်သမားတွေ အလုပ်များနေကြပါတယ်။
မြို့တော် မနီလာကနေ စတင်ထွက်ခွာလာတဲ့ ရေယာဉ်ဟာ ကိုရွန်ကျွန်းနား အရောက်မှာ မီးလောင်ခဲ့တာပါ။ မီးစတင် လောင်ကျွမ်းရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ၂၀၀၂ ခုနှစ်မှာ စတင်အသုံးပြုခဲ့တဲ့ ရေယာဉ်မှာ မတ်လတုန်းက မီးဘေးနဲ့ တခြားလုံခြုံရေးဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး စံနှုန်းတွေနဲ့ ကိုက်ညီမှုရှိကြောင်း အသိအမှတ်ပြု ခံထားရပါတယ်။
လောလောဆယ်မှာတော့ တာဝန်ရှိသူတွေက တင်ဆောင်လာတဲ့ ကုန်အမျိုးအစားတွေနဲ့ တခြားအချက်လက်တွေကိုပါ စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။
ကိုးကား: BBC



















































