Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတိုင်း မြို့နယ် ၇ ခုကိုပါ ခရီးသွားလာခြင်းမပြုရန် ဗြိတိန်ထပ်တိုးသတိပေး

ရက္ခိုင်ပြည်နယ်နယ်စပ်တလျှောက်ရှိ ဧရာဝတီတိုင်း မြို့နယ် ၇ခုကို ခရီးသွားလာခြင်းမပြုရန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့(ဇန်နဝါရီ ၂၂ရက်)ထုတ်ပြန်ကြေညာသည်။

အီယိုရီ/People’s Spring

ရက္ခိုင်ပြည်နယ်နယ်စပ်တလျှောက်ရှိ ဧရာဝတီတိုင်း မြို့နယ် ၇ခုကို ခရီးသွားလာခြင်းမပြုရန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့(ဇန်နဝါရီ ၂၂ရက်)ထုတ်ပြန်ကြေညာသည်။

တိုင်းနှင့်ပြည်နယ် ၁၂ ခုကို ခရီးသွားလာခြင်းမပြုရန် တားမြစ်သတိပေးထားသော ဗြိတိန် နိုင်ငံခြားရေး၊ ဓနသဟာရနှင့် ဖွံ့ဖြိုးရေးရုံး(FCDO)က ဧရာဝတီတိုင်းမှ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည်၊ သာပေါင်း၊ ပုသိမ်စသည့် မြို့နယ် ၇ခုကိုပါ မဖြစ်မနေ ခရီးသွားလာခြင်းမှလွဲ၍ ခရီးသွားလာမှုအားလုံး မပြုလုပ်သင့်ကြောင်း ထပ်တိုးအကြံပြုလိုက်ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံ ပဋိပက္ခက ပိုမိုမတည်ငြိမ်မှုဖြစ်လာနေပါတယ်။ လုံခြုံရေးအခြေအနေက အချိန်တိုအတွင်း ဆိုးရွားနိုင်ပြီး စစ်ကောင်စီက ဘယ်အချိန်ကိုမဆို ခရီးသွားလာခွင့်ကန့်သတ်တာတွေ လုပ်နိုင်ပါတယ်။ သင်တို့ ခရီးစဥ်အစီအစဥ်ကို သေချာဂရုတစိုက် စဥ်းစားပါ” ဟု FCDO က သတိပေးသည်။

Public Service Announcement

Public Service Announcement

အာရက္ခတပ်တော်(AA)သည် ရက္ခိုင်ပြည်နယ်အတွင်းရှိ ၁၇ မြို့နယ် အနက် ၁၄ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ပြီးဖြစ်ပြီး ဧရာဝတီတိုင်းနှင့်ဆက်စပ်နေသော ဂွမြို့နယ်လည်း အပါအဝင်ဖြစ်သည်။ AA က ဂွမြို့နယ်ကို သိမ်းပိုက်ပြီးနောက် နယ်မြေချင်းထိစပ်နေသော ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့ကိုပါ လက်ရှိအချိန်တွင် စစ်ရေးကျယ်ပြန့်လာနေသည်။

စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နှင့် အမ်း၊ တောင်ကုတ်၊ ဂွမြို့ များမှ ၎င်းတို့၏ စစ်စခန်းများအားလုံးကို တစ်ခုမကျန် လက်လွှတ်လိုက်ရပြီးနောက်တွင် ရက္ခိုင်ရိုးမ နှင့် နယ်နိမိတ် ထိစပ်လျက်ရှိသော ရိုးမတောင်တန်းနှင့် ရက္ခိုင်-ပဲခူးအစပ်၊ ရက္ခိုင်-မကွေးအစပ်၊ ရက္ခိုင်-ဧရာဝတီတိုင်း အစပ် နှင့် ရက္ခိုင်ရိုးမ-ဧရာဝတီတိုင်းအစပ်တို့တွင် ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီ နှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့ကြောင်း AA က ဇန်နဝါရီ ၂၀ရက်တွင် ထုတ်ပြန်သည်။

ရက္ခိုင်-ဧရာဝတီတိုင်းအစပ်၏ နေရာအချို့၊ ပွိုင့် (၃၆၉) ကုန်း နှင့် ဧရာဝတီတိုင်း၊ ရေကြည်မြို့၊ ချင်းစုကျေးရွာအနီးတွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွါးနေခဲ့ကြောင်းဖော်ပြသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သည် AAတပ်ဖွဲ့ဝင်များရှိရာသို့ အကြိမ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း အထိအခိုက် အကျအဆုံးများစွာဖြင့် ဆုတ်ခွါထွက်ပြေးရကြောင်း AA အသိပေးသည်။ ထို့အပြင် ပြီးခဲ့သည့် တစ်ပတ်ကျော်ကြာတိုက်ပွဲများအတွင်း ရန်သူ့အလောင်းအမြောက်အမြားကို သိမ်းဆည်းရမိသကဲ့သို့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားတို့ကိုလည်း သိမ်းဆည်းရမိခဲ့ပြီး ရန်သူသုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း AA က မှတ်တမ်းဓာတ်ပုံများနှင့်အတူ ထုတ်ပြန်ထားသည်။

ဗြိတိန်၏ FCDO က ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယား(ကရင်နီ)ပြည်နယ်၊ မွန်ပြည်နယ်၊ ရက္ခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းမြောက်ပိုင်း၊ ပဲခူးတိုင်း ရန်ကုန်-မန္တလေးအဝေးပြေး အရှေ့ခြမ်း ဒေသများကို ခရီးသွားလာခွင့် ပိတ်ပင်ထားသည်။ ယင်းနောက် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီမြို့နယ် တောင်ပိုင်းဒေသ၊ ပဲခူးတိုင်း ကျန်ဒေသများ၊ အထက်ပါ ဧရာဝတီတိုင်း ၇ မြို့နယ်တို့ကို မဖြစ်မနေမှ လွဲ၍ ခရီးသွားလာခြင်းမပြုသင့်ကြောင်း FCDO က အကြံပြုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဗြိတိန်နိုင်ငံမှာ ရထားနှစ်စီး တိုက်မိမှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၉၀ နီးပါး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။