မတ် ၂၆၊ ၂၀၂၅။ ဟန်နွေ/People’s Spring
ထိုင်းနိုင်ငံမှ ဖမ်းမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့်ပတ်သက်၍ လုံး၀ စပ်ဆိုင်ပတ်သက်မှုမရှိကြောင်း ကရင်အမျိုသားအစည်းအရုံး(KNU)၏ တပ်ဖွဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) စစ်ရုံးချုပ်က ယနေ့ သဘောထား ထုတ်ပြန်သည်။
မတ်လ ၂၁ရက်က ထိုင်းနိုင်ငံအတွင်း၌ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုဖြစ်စဉ်နှင့်ပတ်သက်၍ ကရင်အဖွဲ့အစည်း တခုခုနှင့် ပတ်သက်သည်ဟူသော သတင်းများ ထွက်နေ၍ ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်ရှင်းလင်းရခြင်းဖြစ်ဟု KNLA စစ်ရုံးချုပ် တာဝန်ရှိသူက ပြောသည်။
“ထိုင်းနိုင်ငံထဲမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ဖမ်းမိတဲ့ကိစ္စက တချို့ကတော့ ကရင်အဖွဲ့အစည်းတခုခုနဲ့ ဆက်စပ်ပတ်သက်တယ်ဆိုတဲ့ အဲဒီလို သတင်းတွေ ထွက်တဲ့အပေါ်မှာ ကရင့်အဖွဲ့အစည်းဆိုတာမှာ ကျနော်တို့ KNU/KNLAနဲ့ လုံး၀ ပတ်သက်မှု မရှိကြောင်း ဆက်စပ်ပတ်သက်မှု လုံး၀ မရှိကြောင်းဆိုတာ အားလုံးသိအောင် ဒီစတိတ်မန့်ကို ထုတ်ပြန်ရခြင်းဖြစ်ပါတယ်” ဟု KNLA စစ်ရုံးချုပ် တာဝန်ရှိသူက ပြောသည်။

Public Service Announcement
နယ်စပ်ဒေသများ၌ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ရောင်းဝယ်ဖြန့်ဖြူးခြင်းများ ယခင်ကတည်းက ကြာမြင့်စွာ ရှိနေကြောင်း၊ ဝိသမလောဘကြောင့် ငွေရလွယ်သည့် လမ်းကို လိုက်ရင်း မူးယစ်ဆေးဝါးသည် စျေးကွက်စီးပွားရေးတခုကဲ့သို့ ဖြစ်နေသည့် အနေအထားဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။
KNLA၏ ထုတ်ပြန်ချက်တွင် မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းရောင်းဝယ်ဖောက်ကားခြင်းလုပ်ငန်းများကို နိုင်ငံတကာမှ ဆန့်ကျင်ရှုတ်ချသည်နှင့်အမျှ KNU/KNLA မှလည်း မူလမ်းစဉ်အရ လုံးဝအားပေးထောက်ခံခြင်းမရှိဘဲ နိုင်ငံတကာနှင့်အတူ ဆန့်ကျင့်ရှုတ်ချကြောင်း ဖော်ပြသည်။
ထို့ပြင် KNLA – ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်သည် KNU – ကရင်အမျိုးသားအစည်းအရုံး၏ နိုင်ငံရေးဦးဆောင်မှုကိုအမြဲခံယူ ကျင့်သုံးနေသည့်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ KNU/KNLA သည် တော်လှန်ရေးသမိုင်းတလျှောက် ကင်းရှင်းစွာ ရပ်တည်လာခဲ့သည့်အဖွဲ့အစည်းလည်းဖြစ်ကြောင်း ထုတ်ပြန်သည်။
KNU အုပ်ချုပ်မှုနယ်မြေအတွင်း မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်သူ များကို အဖွဲ့၏ တည်ဆဲဥပဒေများနှင့်အညီအရေးယူသွားမည်ဖြစ်ကြောင်း အသိပေးသည်။

















































