မတ်-၂၉၊၂၀၂၅။ဟန်နွေ၊သတိုး/People’s Spring
စစ်ကိုင်းမြို့နယ်၊ ရွှေဘိုမြို့နယ်နှင့် စဉ့်ကူးမြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ စိုးမိုးအုပ်ချုပ်နယ်မြေများအတွင်း ငလျင်ဒဏ်ကြောင့် ပြည်သူ ၄၁ဦးသေဆုံးခဲ့ကြောင်း NUG၏ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးသည်။
ယနေ့ (မတ်လ ၂၉ရက်) နေ့လည်ပိုင်းအထိ ရရှိထားသော စာရင်းများအရ စစ်ကိုင်းမြို့နယ်အတွင်း (မြို့ပေါ်မပါ) ၁၈ဦး၊ ရွှေဘိုမြို့နယ်အတွင်း နှစ်ဦးနှင့် စဉ့်ကူးမြို့နယ်အတွင်း ၂၁ဦး စုစုပေါင်း ၄၁ဦးငလျင်ဒဏ်ကြောင့် သေဆုံးခဲ့ရသည်ဟု ဝန်ကြီးဦးရည်မွန်က ၎င်း၏ ဖေ့စ်ဘွတ်ခ်မှ အသိပေးဖော်ပြသည်။
ထို့အပြင် ထိခိုက်ဒဏ်ရာရသူများ၊ ပျောက်ဆုံးနေသူများလည်းရှိနေကြောင်း အသိပေးထားပြီး အရေအတွက် ဖော်ပြမထားပေ။

Public Service Announcement
” ပြည်သူချင်း စောင့်ရှောက်ရမယ့်အချိန်ပါပဲ။ ငလျင်ဒဏ်သင့် ပြည်သူတွေကို တက်နိုင်တာ ကူညီစောင့်ရှောက်ပေးကြဖို့ နှိုးဆော်ပါတယ်”ဟု ဝန်ကြီးက တိုက်တွန်းထားသည်။
NUG ကာကွယ်ရေးဝန်ကြီးသည် ငလျင်ဘေးသင့် ပြည်သူများကို တက်စွမ်းသမျှ အစွမ်းကုန်ကူညီပေးရန် မတ်လ ၂၈ရက်ကတည်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ရဲဘော်များအား ညွှန်ကြားထားသည်။
ထို့အပြင် NUGကလည်း ငလျင်ဘေးသင့် ပြည်သူမျာအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်များနှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲဝင်များက စစ်ကိုင်းတိုင်းအတွင်း ကူညီရေးဆောင်ရွက်ပေးနေသည့် မှတ်တမ်းဓာတ်ပုံများ ယနေ့ ထုတ်ပြန်ခဲ့သည်။
” တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထိခိုက်မှုတွေ သေဆုံးမှုတွေ ပျောက်ဆုံးမှုတွေ ဒါတွေကိုတော့ MOHADM အနေနဲ့ ကနဦး ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့စိုးမိုးထိန်းချုပ်နယ်မြေတွေမှာရှိတဲ့ သေဆုံး ထိခိုက် ပျက်စီးစာရင်းကိုလည်း အသေးစိတ်သိရဖို့ ပြုစုနေတာရှိပါတယ်။ အကုန်
လုံးတော့ စာရင်းတွေက စုံလင်တဲ့ အခြေအနေတော့မရှိသေးပါဘူး။လက်ရှိအခြေအနေအရ ဖုန်းလိုင်းတွေပြတ်တောက်တာတွေ အင်တာနက်လိုင်း ပြတ်တောက်တာတွေဒါတွေလည်းရှိနေတဲ့အတွက်
စာရင်းတွေကောက်ယူနေတုန်းရှိပါသေးတယ်”ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြော
သည်။
NUG၏ ယမန်နေ့ ထုတ်ပြန်ချက်တွင်လည်း စိုးမိုးထိန်းချုပ်နယ်မြေများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်နေရာချထားရေးနှင့် ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ရန်၊ အခြား ငလျင်ဒဏ်ခံ ဒေသရှိ လူထုအခြေပြု အဖွဲများနှင့် ပြည်သူများ အနေဖြင့်လည်း အချင်းချင်း စာနာဖေးမ အပြန်အလှန် ကူညီစောင့်ရှောက်ရန် မေတ္တာရပ်ခံထားသည်။
NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေဖြင့်လည်း လတ်တလောငလျင်ဘေးဒဏ်ကြောင့် အရေးပေါ် အထောက်အပံ့ အကူအညီ လိုအပ်လျက်ရှိသော နေရာဒေသအသီးသီးမှ ဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေး၊ စားနပ်ရိက္ခာထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေးကိစ္စများ အစွမ်းကုန် ကြိုးစားနေကြောင်း ယနေ့ ထုတ်ပြန်သည်။
အဆိုပါ ကိစ္စရပ်များအတွက် ပြည်သူများအနေဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း အသိပေးထားပြီး လက်ခံရရှိသော ကယ်ဆယ်ရေး အလှူငွေများကို ငလျင်ဘေးဒဏ်သင့် ပြည်သူများထံ မြေပြင်ရှိ တိုက်ရိုက်ကူညီဆောင်ရွက်ပေးနေသော အဖွဲအစည်းများနှင့်ချိတ်ဆက် ထောက်ပံ့ပေးသွားမည်ဟုလည်း အသိပေးထားသည်။
















































