Connect with us

Hi, what are you looking for?

သတင်း

အိုးဘိုထောင် အလုပ်ရုံနှင့် အမျိုးသမီးဆောင်ပြိုကျ၍ ၃ဦးသေဆုံးပြီး ၁၁ ဦးထိခိုက်

ငလျင်ကြီးဒဏ်သင့် မန္တလေးမြို့၊ အိုးဘိုအကျဥ်းထောင်တွင်း အမျိုးသားအလုပ်ရုံနှင့် အမျိုးသမီးဆောင်ပြိုကျ၍ ၃ဦးသေဆုံးကာ ၁၁ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယနေ့ အသိပေးထုတ်ပြန်သည်။

မန္တလေးအိုးဘိုထောင်ကို Google Earth မှ တွေ့ရစဥ်

ဧပြီ ၁၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ငလျင်ကြီးဒဏ်သင့် မန္တလေးမြို့၊ အိုးဘိုအကျဥ်းထောင်တွင်း အမျိုးသားအလုပ်ရုံနှင့် အမျိုးသမီးဆောင်ပြိုကျ၍ ၃ဦးသေဆုံးကာ ၁၁ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယနေ့ အသိပေးထုတ်ပြန်သည်။

အဆိုပါ အကျဥ်းထောင်တွင်း ထိခိုက်သေဆုံးသည့် ဦးရေသည် စစ်ကောင်စီထုတ်ပြန်သော ငလျင်ဘေးထိခိုက်သေဆုံးစာရင်း၌ ထည့်သွင်းတွက်ချက်ထားခြင်း ရှိ၊ မရှိ မေးခွန်းထုတ်စရာဖြစ်ကြောင်းလည်း PPNM က ထောက်ပြသည်။

အိုးဘိုထောင်တွင်းရှိ အမျိုးသားဆောင် အလုပ်ရုံပြိုကျမှုတွင် အမျိုးသား တစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အဆောင်များကြားတွင် ကာရန်ထားသည့် အုတ်ရိုးများပြိုကျမှုလည်း ရှိခဲ့သည်ဟု PPNMက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အလားတူ အမျိုးသမီးအဆောင်(၁)နှင့် အဆောင်(၂)ပြိုကျ၍ အမျိုးသမီး အနည်းဆုံးနှစ်ဦးသေဆုံးမှု အတည်ပြုထားပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ဦးခန့်ရှိခဲ့ကြောင်း အတည်ပြုထားကြောင်း အသိပေးသည်။

“ကျနော်တို့ ခုချိန်ထိတော့ ကျား၊ မ ပဲခွဲလို့ရပြီးတော့ ဒါဟာ ရိုးရိုးအကျဥ်းသူလား၊ နိုင်ငံရေးအကျဥ်းသူလား၊ ထောင်ဝန်ထမ်းလားဆိုတာတော့ ခွဲနိုင်တဲ့အခြေအနေ မရှိသေးဘူး။ အနည်းဆုံးတော့ အမျိုးသား ကျားတစ်ဦးနဲ့ အမျိုးသမီး မ နှစ်ဦးသေဆုံးတယ်ဆိုတာကိုတော့ အတည်ပြုထားနိုင်ပြီ။ ကျနော်တို့ ရရှိထားတဲ့ အချက်အလက်တွေအရ ကျား/မ လေးဦးသေဆုံးတာကိုပြောနိုင်ပြီး မြေပြင်မှာ ဒီထက်ပိုများနိုင်ပါတယ်ခင်ဗျ”ဟု PPNM မှ ပြောခွင့်ရသူ ကိုသိုက်ထွန်းဦးက လူထုနွေဦးသို့ ပြောသည်။

ထပ်မံအတည်ပြုနေဆဲ သေဆုံးခဲ့သူ(၈)ဦး၏ အချက်အလက်အပါအဝင် သေဆုံးသူ စုစုပေါင်း(၁၂)ဦးအထိ ငလျင်ကြောင့် သေဆုံးကြောင်း ကနဦးသိရှိထားရမှုအား မိဘပြည်သူနှင့် အိုးဘိုအကျဉ်းထောင်တွင်း အကျဉ်းချခံထားရသည့် အကျဉ်းသား၊အကျဉ်းသူများ၏ မိသားစုဝင်များအား အသိပေးအပ်ပါသည်ဟု PPNM က ထုတ်ပြန်ထားသည်။

“တစ်ဆောင်နဲ့ တစ်ဆောင် ကူးသန်းသွားလာခွင့်တွေ ပိတ်ပင်ခံထားရသလို ဘာ်အဆောင်မှာ ဘာဖြစ်နေတယ်ဆိုတာ သိဖို့ခဲယင်းတဲ့ အခြေအနေဖြစ်တယ်။ ဒါကြောင့်မို့လို့ မြေပြင်အခြေအနေတွေကို ရှင်းရှင်းလင်းလင်းနဲ့ တိတိကျကျထုတ်ပြန်ပေးဖို့ လိုအပ်တယ်။ ပြီးတော့ ပြည်သူတွေရော အကျဥ်းသားမိသားစုဝင်တွေရော စိုးရိမ်ပူပန်နေရတဲ့ကာလာမို့ ဖြစ်စဥ်အမှန်ကို တိတိကျကျထုတ်ပြန်ပေးဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်”ဟု PPNM ပြောခွင့်ရသူ ကိုသိုက်ထွန်းဦးက မှတ်ချက်ပေးသည်။

​မြေငလျင်ကြီးကြောင့် ရမည်းသင်းအကျဉ်းထောင်တွင်လည်း အဆောက်အအုံပြိုကျခဲ့ပြီး အကျဉ်းသားထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုအခြေအနေများအား ဆက်လက်စုံစမ်းနေကြောင်း PPNMက မတ်လ ၃၀ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဒိုက်ဦးထောင်၊ ညောင်ဦးထောင်၊ ပုသိမ်ထောင်၊ မိတ္ထီလာထောင်၊ သာယာဝတီထောင်၊ အင်းစိန်ထောင်၊ သရက်ထောင်၊ မအူပင်ထောင်၊ တောင်ငူထောင်၊ ကလေးထောင်တို့တွင် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများအပါအဝင် အကျဉ်းသားအားလုံး ထိခိုက်မှုမရှိဟု ထုတ်ပြန်ထားသည်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြီးကြောင့် လူထိခိုက်သေဆုံးမှုနှင့် အဆောက်အအုံပြုကျပျက်စီးမှု အများဆုံးများမြို့များတွင် မန္တလေးသည် တစ်မြို့အပါအဝင်ဖြစ်ပြီး ငလျင်ကြီးလှုပ်ခတ်ပြီး လေးရက်မြောက်အထိ ငလျင်ကြောင့်သေဆုံးသူ ၂၃၉၅ ဦးရှိပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ လူသားစာနာဌာနက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံ တွေကပြောပါတယ်။