Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုနှင့် ကန်ပက်လက်မြို့ကို စစ်ကောင်စီထပ်မံ လေကြောင်းတိုက်ခိုက်

စစ်ကောင်စီက နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်သော်လည်း နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုများဆက်လုပ်နေ

နောင်ချိုမြို့နယ်ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ - TNLA

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နှင့် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အနီးကို စစ်ကောင်စီက ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်နှင့် တအာင်းတပ်မတော်(TNLA)တို့က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်များ စွန့်ခွာသွား၍ ၂၀၂၄ ဒီဇင်ဘာ ၂၂ရက်က ချင်းညီနောင်မဟာမိတ်များက သိမ်းပိုက်ထားသည့် ကန်ပက်လက်မြို့ကို စစ်ကောင်စီက ယနေ့(ဧပြီ ၁ရက်) တိုက်ပွဲမရှိဘဲ ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

” တိုက်ပွဲက မဖြစ်တာ ကြာပြီ။ ထိခိုက်မှုတော့ မရှိဘူးကြားတယ်။ မနက်က တောက်လျှောက် ကြားနေရတာ။ ၉နာရီကျော်ကတည်းက ဆက်တိုက် ပဲ”ဟု ဒေသသတင်းရင်းမြစ်က စစ်ကောင်စီတပ် ၏ ကန်ပက်လက်သို့ လေကြောင်းတိုက်ခိုက်မှု အခြေအနေကို ပြောသည်။

Public Service Announcement

Public Service Announcement

ယခု စစ်ကောင်စီ ဗုံးကြဲခဲ့သည့် နေရာသည် ကန်ပက်လက်မြို့ပေါ်နှင့် လွန်ဒုံရွာကြားဟု သိရကြောင်း ၎င်းက ဆိုသည်။

” အဲဒီဘက်ကို သူတို့ ပစ်မှတ်ထားနေတာ ။ မြို့ပေါ် မဟုတ်ဘဲ မြို့နား ပတ်လည်က လူတွေများများ ခိုနိုင်မဲ့နေရာမျိုးကို လိုက်ရှာနေတာလို့ ထင်ပါတယ်။ ပထတခါ(ပြီးခဲ့သည့် ရက်ပိုင်းအတွင်း)က ကန်ပက်လက်မြို့နားက မကျောက် အားနဲ့ လွန်ဒုံရွာနားတွေကျတယ်လို့ကြားတယ်”ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

TNLA၏ သတင်းထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်သည် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် သတ်မှတ်ကြေညာသော်လည်း PSLF/TNLA အုပ်ချုပ်သော နောင်ချိုမြိုနယ်၊တောင်လှရွာနှင့် ဂေါ်ရခါးကျေးရွာကို ဒရုန်း၊ ဂျတ်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ဟု ဖော်ပြသည်။

ယနေ့ (ဧပြီ ၁ရက်) နံနက် ၁၁နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မှ အုမ္မတီ-ဆမ္မကျေးရွာကြားရှိ တောင်လှရွာနှင့် ဂေါ်ရခါးရွာကို ဒရုန်းဖြင့် (၁)ကြိမ်၊ ဂျတ်ဖိုက်တာဖြင့် (၁)ကြိမ်လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ (၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်(၂)လုံး ဗုံးစထိမှန်ပျက်စီးခဲ့ဟု အသိပေးသည်။

ပြီးခဲ့သည့် မတ်လ ၃၁ရက်ကလည်း စစ်ကောင်စီတပ်က (၁၂၀)မမ ဗုံးသီးသယ်ဆောင်လာသည့်ဒရုန်းဖြင့် နောင်ချိုမြိုနယ်၊ ကျောက်ကြမ်းကျေးရွာကို လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

ထို့အပြင် မတ်လ ၂၈ရက်တွင် နိုင်ငံတွင် ပြင်းအား ၇.၇ရှိသည့် ငလျင်လှုပ်ခတ်ချိန် နေ့လယ်က နောင်လင်ကျေးရွာအတွင်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံနေအိမ် (၃)လုံးနှင့် စာသင်ကျောင်း (၂)ကျောင်း ထိမှန်ပျက်စီးခဲ့ဟု အသိပေးသည်။

စစ်ကောင်စီသည် မတ်လ ၃၁ရက်မှ ဧပြီ ၆ရက်အထိ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် သတ်မှတ်ကြေညာသော်လည်း အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဦးတည်ဗုံးကြဲတိုက်ခိုက်နေကြောင်း TNLAက ထုတ်ပြန်သည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း TNLAက ထပ်မံ သတိပေးသည်။

စစ်ကောင်စီတပ်သည် မတ်လ ၃၁ရက် ညနေပိုင်းကလည်း မိုးညှင်းခရိုင် KIA တပ်မဟာ(၈) ဧရိယာ တနေရာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၃၈ဦး ဒဏ်ရာရသူ ၂၀ကျော်ရှိခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီသည် နိုင်ငံ၌ ငလျင်ဘေးကျရောက်နေစဉ် ကချင်၊ ရှမ်းမြောက်၊ ကရင်၊ ရက္ခိုင်၊ ချင်း နှင့်အညာဒေသ အပါအဝင် နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုများအရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့စစ်ကူပေးမယ့် စစ်တပ်စစ်ကြောင်းဟာ ဆောမြို့ကို ဦးတည်လာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နဲ့ မန္တလေးတိုင်း၊ စဥ်ကူးမြို့တို့မှာ ဒီကနေ့ မနက်က ငလျင် ၂ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့လူမှုရေးရာ၊အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းက ကန်ပက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု သုံးရက်ဆက် ပြုလုပ်ခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို ထိုးစစ်ဆင်နေတဲ့ စစ်တပ်ကို ခုခံတိုက်ခိုက်ထားနိုင်တဲ့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) ရဲဘော်တွေနဲ့ မဟာမိတ်တွေကို လေးစားဂုဏ်ယူကြောင်း CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောပါတယ်။