Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဒဏ်သင့် အ်ိမ်နှင့်အဆောက်အအုံများ ကိုယ်ထူကိုယ်ထဖြင့် စတင်ဖြိုချ၊ ဖြိုချခ ကျပ်သိန်းထောင်ချီ ပေါက်ဈေးရှိနေ

ငလျင်ကြောင့်ပြိုကျပျက်စီးသွားသည့် ဒေသများ​၏ တိုက်အိမ်များကို အိမ်ပိုင်ရှင်များက စတင်ဖြိုချနေပြီး တိုက်အိမ်အမျိုးအစားလိုက် ဖြိုချခ ကျပ်သိန်းထောင်ချီ ပေါက်ဈေးရှိနေသည်။

ငလျင်ကြောင့်ပြိုကျခဲ့သည့် အဆောက်အဦးများအား ဖြိုကျဖယ်ရှားရန် လုပ်ဆောင်နေစဉ်။ ဓာတ်ပုံ - CJ

ဧပြီ ၃၊၂၀၂၅။ဇော်ရမ်း/People’s Spring

ငလျင်ကြောင့်ပြိုကျပျက်စီးသွားသည့် ဒေသများ​၏ တိုက်အိမ်များကို အိမ်ပိုင်ရှင်များက စတင်ဖြိုချနေပြီး တိုက်အိမ်အမျိုးအစားလိုက် ဖြိုချခ ကျပ်သိန်းထောင်ချီ ပေါက်ဈေးရှိနေသည်။

ပျက်စီးနေသည့်အိမ်ဖြိုချရန် ပုဂ္ဂလိကဆောက်လုပ်ရေးကုမ္ပဏီတစ်ခုထံဆက်သွယ် မေးမြန်းခဲ့သည့် စစ်ကိုင်းမြို့ခံတစ်ဦးက “နှစ်ထပ်ခွဲတိုက်ကို သိန်းလေးရာတောင်းတယ်ဗျ။ မလွယ်ဘူးလေ။ ဘယ်လိုဆက်လုပ်ရမှန်းမသိဘူး”ဟု ပြောသည်။

စစ်ကိုင်းမြို့သည် တစ်မြို့လုံး၏ အဆောက်အအုံ ၉၀ရာခိုင်နှုန်းနီးပါး ပျက်စီးခဲ့ခဲ့ပြီး လူထိခိုက်သေဆုံးမှုလည်းများပြားခဲ့သည်။

Public Service Announcement

Public Service Announcement

အလောင်းရှာဖွေနိုင်ခြင်းမရှိတော့သည့် နေအိမ်များကို ဖြိုချရှင်းလင်းမှသာ အနံ့အသက်ပြဿနာဖြေရှင်းနိုင်လိမ့်မည်ဟု ဒေသခံအချို့က ပြောသည်။

ထို့ကြောင့် ဒေသခံများသည် စက်ယန္တရားများကိုငှားရမ်း၍ ကိုယ်ထူကိုယ်ထအစီအစဉ်ဖြင့် အဆောက်အအုံများကို စတင်ဖြိုချရှင်းလင်းနေခြင်းဖြစ်သည်။

” လေးထပ်တိုက်ကြီး ကျွံကျသွားတော့ အခု ပြန်ဖြိုချတာ သိန်းတစ်ထောင်နီးပါး ကုန်တယ်။ ပြေလည်တဲ့သူအနည်းစုကတော့ အလုပ်နိုင်တယ်။ အများစုကတော့ဘယ်လိုလုပ်ရမလဲမသိသေးဘူး”ဟု မန္တလေးမြို့ အောင်မြေသာစံမြို့ခံတစ်ဦးက ပြောသည်။

အဆောက်အအုံများသည် ကြံ့ခိုင်မှုစိတ်မချရတော့ဘဲ ဖြိုချရှင်းလင်းပစ်မှာသာ အန္တရာယ်ကင်းမည်ဟု မြို့ခံများက ပြောသည်။

“စက်တွေကတစ်နာရီစာကို သိန်းချီတောင်းနေတယ်။မဖျက်လို့ကလည်းမရ။ ရင်နာနာနဲ့ဖျက်နေရတဲ့ဘဝတွေပါ။ အားလုံး ဝိုင်းကူပေးပါ”ဟု အမရပူရမြို့ခံတစ်ဦးက ပြောသည်။

သို့သော် ဖြိုချသည့်စရိတ်ကြီးမားသောကြောင့် လူမှုကူညီရေးအဖွဲ့များ၏အကူအညီကို ရယူရန် စောင့်ဆိုင်းနေသည်ဟု ငလျင်ဘေးသင့်ပြည်သူတစ်ဦးက ပြောသည်။

တိုက်အိမ်များအားဖြိုချသည့် ဝန်ဆောင်မှုကို ဆောက်လုပ်ရေးကုမ္ပဏီများနှင့် ဝန်ချီကရိန်းဝန်ဆောင်မှုလုပ်ငန်းများက လုပ်ဆောင်နေပြီး တစ်တပ်တိုက်အိမ်တစ်လုံးကို သိန်း ၁၅၀ ခန့်မှ အထပ်မြင့်အဆောက်အအုံအလိုက် ကျပ်သိန်းထောင်ချီရှိကြောင်း သတင်းရရှ်ိသည်။

စစ်ကောင်စီသည် ငလျင်ကြောင့်သေဆုံးသူများအားရှာဖွေကယ်ဆယ်ရေးကိုပင် လုံလောက် အောင်မလုပ်ဆောင်နိုင်သလို ရှင်းလင်း‌ရေးလုပ်ငန်းများကိုလည်း လုပ်မပေး၍ အိမ်ပိုင်ရှင်များက ကိုယ့်အစီအစဉ်ဖြစ်ကို စတင်ဖယ်ရှားနေခြင်းဟုသတင်းရရှိသည်။

” သိန်းရာချီကုန်ရမယ့်ကိစ္စက တော်ရုံမတတ်နိုင်ကြဘူး။ ကျနော်ကတော့ လူမှုရေးအဖွဲ့တွေ၊ လှူဒါန်းရေးအဖွဲ့တွေအနေနဲ့ အဲဒီကိစ္စကိုဦးစားပေးပြီးဖြေရှင်းပေးစေချင်တယ်။ တိုက်တွေကဖြိုချမှာကိုရမှာ။ ဆယ်ပေါင်တူတွေ အများကြီးလိုတယ်”ဟု ကျောက်ဆည်မြို့ခံတစ်ဦးကပြောသည်။

ထိခိုက်ပျက်စီးမှုအလွန်များပြားခဲ့သော ပျဥ်းမနားမြို့တွင်လည်း နေအိမ်များအား ဖြိုချရေးအတွက် လုပ်အားအကူအညီလိုအပ်နေပြီး အလုပ်လိုအပ်သူများကို နေ့စားခပေးမည်ဖြစ်ပြီး လာရောက်ကူညီကြရန် ‌ဒေသခံများက အကူအညီတောင်းသည်။ ပရဟိတအဖွဲ့များကလည်း Volunteer လုပ်သားများ ခေါ်နေသည်။

ငလျင်ဘေး ကယ်ဆယ်ရေးနှင့် အပျက်အစီးများရှင်းလင်းရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များသည် အရေးတကြီးလိုအပ်နေကြောင်း ဘေးဒဏ်သင့်ပြည်သူများနှင့် လူမှုကူညီကယ်ဆယ်အဖွဲ့များက ပြောသည်။

ငလျင်ဘေးသင့်ပြည်သူများကို ကူညီကယ်ဆယ် ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရက မတ်လ ၂၉ရက်၌ ပထမဆုံးယာယီအပစ်ရပ်ကြေညာခဲ့သည်။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဧပြီလ ၁ရက်၊ စစ်ကောင်စီက ဧပြီလ ၂ရက်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဧပြီလ ၂ရက်၌ ကြေညာခဲ့သည်။

ပြန်လည်ထူထောင်ရေးသည် ရေရှည်လုပ်ရမည်ဖြစ်ပြီး အပစ်ရပ်ကြေညာချက်များကို အားလုံးကလိုက်နာရမည်ဟု KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က မှတ်ချက်ပြုထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။