Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်အုပ်ချုပ်ရေး ကြေညာမှု ဂယက်အပြီး တောင်ကိုရီးယား ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖွယ်ရှိနေ

သမ္မတက အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ရုတ်တရက် ကြေညာခဲ့တဲ့ ဖြစ်ရပ်အပြီး တောင်ကိုရီးယားမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ပြီး သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေကို ကန့်သတ်ဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

Reuters

သမ္မတက အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ရုတ်တရက် ကြေညာခဲ့တဲ့ ဖြစ်ရပ်အပြီး တောင်ကိုရီးယားမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ပြီး သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေကို ကန့်သတ်ဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

ဇွန်လ ၃ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်မှာ တောင်ကိုရီးယားရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ သမ္မတရဲ့ လုပ်ပိုင်ခွင့် သတ်မှတ်ချက်တွေကို ပြန်ပြင်သင့် မပြင်သင့် ဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးငြင်းခုံမှုတွေ မြင့်တက်နေပါတယ်။

ဒီဇင်ဘာလ ၃ ရက်နေ့တုန်းက တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောဟာ လွှတ်တော်ထဲမှာ မြောက်ကိုရီးယား အားပေးထောက်ခံတဲ့ အင်အားစုတွေ အသာရနေကြောင်း စွပ်စွဲပြီး အရေးပေါ် စစ်အုပ်ချုပ်ရေး အမိန့်ကို ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ လူထုရဲ့ ဆန့်ကျင်မှုနဲ့ လွှတ်တော် အမတ်တွေက အမြန်ဆုံး လူစုပြီး မဲခွဲ ဆုံးဖြတ်မှုတွေကြောင့် သမ္မတရဲ့ စစ်အုပ်ချုပ်ရေး အမိန့်ဟာ ၆ နာရီကျော်သာ သက်တမ်း ကြာမြင့်ခဲ့ပြီး ပြန်လည် ရုပ်သိမ်းလိုက်ရပါတယ်။ နောက်တော့ အဲဒီကိစ္စကို အကြောင်းပြုပြီး ယွန်ဟာလည်း သမ္မတ ရာထူးကို စွန့်လွှတ်ခဲ့ရပါတယ်။

သူ့ကို သမ္မတ နေရာကနေ ဖယ်ရှားဖို့ သင့်မသင့် အခြေခံ ဥပဒေ ခုံရုံးက စိစစ်နေတဲ့ အတောအတွင်း ယွန်က အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခွင့် ဆိုတာဟာ သမ္မတ လုပ်ပိုင်ခွင့်ထဲမှာ ပါဝင်ကြောင်း၊ သူဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖောက်တာမျိုး လုံးဝ မရှိခဲ့ကြောင်း တောက်လျှောက် ခုခံ ပြောဆိုသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ အခြေအနေမှာတော့ တောင်ကိုရီးယားရဲ့ အားကောင်းတဲ့ နိုင်ငံရေး ပါတီကြီးတွေဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေကို ပြင်ဆင် ကန့်သတ်ဖို့ အများကြီး အလေးအနက် စဉ်းစားနေကြပြီလို့ ဆိုပါတယ်။

လက်ရှိ အခြေအနေဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဖြစ်နိုင်ခြေနဲ့ ပတ်သက်ရင် အလားအလာ အကောင်းဆုံး အချိန်ကာလ တစ်ခုလို့ ချောင်ဂီ တက္ကသိုလ်ရဲ့ ပြည်သူ့ စီမံရေးဌာန ပါမောက္ခ ချေဂျင်ဝန်းက မှတ်ချက်ပေးခဲ့ပါတယ်။

တောင်ကိုရီးယား ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို နောက်ဆုံး ပြင်ဆင်ခဲ့တာဟာ ၁၉၈၇ ခုနှစ်ကဖြစ်ပြီး သမ္မတကို တိုက်ရိုက် ရွေးကောက် တင်မြှောက်ပိုင်ခွင့်နဲ့ ၅ နှစ်သက်တမ်း ၁ ကြိမ်သာ ထားရှိ ကန့်သတ်ခွင့်တွေကို ထည့်သွင်း သတ်မှတ်ခဲ့ပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ထိပ်ဆုံးက ရေပန်းစားနေသူ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း လီဂျေမြောင်က ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေးဆွဲမယ်ဆိုရင် သမ္မတ သက်တမ်းကို ၄ နှစ်ထိ ပြန်လျှော့ချပေမယ့် သက်တမ်းနှစ်ကြိမ် တာဝန်ယူခွင့် ပြုဖို့ကိုလည်း ထည့်စဉ်းစားသင့်ကြောင်း အကြံပြုထားပါတယ်။

သမ္မတက တာဝန်ယူရတဲ့ အခန်းကဏ္ဍတွေ ပိုမိုအားကောင်းဖို့ လိုအပ်ပြီး တစ်ဖက်မှာတော့ အာဏာကို ဗဟိုချက်က ချုပ်ကိုင်ထားမှုကို လျှော့ချဖို့လိုကြောင်း သူက ပြောပါတယ်။ နောက်ထပ် နိုင်ငံရေး ပါတီ တစ်ခုဖြစ်တဲ့ ပြည်သူ့အင်အား ပါတီရဲ့ သမ္မတလောင်း ကင်မွန်ဆူးကလည်း အနာဂတ် သမ္မတတွေဟာ ၄ နှစ် သက်တမ်း ၂ ကြိမ် တာဝန်ယူခွင့် ရှိသင့်တယ်ဆိုတဲ့ သဘောထားကို ထောက်ခံထားပါတယ်။ နောက်ပြီး သမ္မတတွေဟာ ပြစ်မှုပြစ်ဒဏ် အများစုက ကင်းလွတ်ခွင့် ရထားတဲ့ အခွင့်ထူး သတ်မှတ်ချက်ကို ဖယ်ရှားသင့်တယ်လို့လည်း သူက ပြောပါတယ်။

တကယ်လို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို နိုင်ငံရေး ပါတီတွေ ညှိနှိုင်း သဘောတူညီပြီးပြီဆိုရင် ဘယ်အချက်တွေကို ပြင်ဆင်မလဲ ဆိုတဲ့အပေါ် လွှတ်တော်မှာ မဲခွဲဆုံးဖြတ် အတည်ပြုချက် ယူရမှာပါ။ အဲဒီအဆင့်ကို ကျော်ဖြတ်နိုင်ပြီ ဆိုရင်တော့ အသစ်တက်လာမယ့် သမ္မတရဲ့ သက်တမ်းအတွင်း လူထုဆန္ဒ ခံယူပွဲတစ်ခု ကျင်းပပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို တရားဝင် အတည်ပြုနိုင်အောင် ဆက်လက် လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပျောက်ဆုံးနေတဲ့ ရေတပ်သား တစ်ဦးကို ကူညီ ရှာဖွေပေးဖို့ တောင်ကိုရီးယားက မြောက်ကိုရီးယားဆီ ဆက်သွယ် အကူအညီ တောင်းခံထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တားဆီး တုံ့ပြန်နိုင်ဖို့အတွက် ဒရုန်းစစ်သည် ၅ သိန်းလောက်ကို လေ့ကျင့်ပေးသွားမယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။

နိုင်ငံတကာ

လူသိများတဲ့ တောင်ကိုရီးယား KPop အမျိုးသား ဂီတကြယ်ပွင့်ရဲ့ နေအိမ်ထိ အကြိမ်ကြိမ် သွားရောက် နှောင့်ယှက်ခဲ့တဲ့ ဘရာဇီး အမျိုးသမီး တစ်ဦးကို တောင်ကိုရီးယားက နယ်နှင်ဒဏ်ပေးဖို့ စီစဉ်နေပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။