Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယားရဲ့ ပထမဆုံး ပြည်တွင်းဖြစ် တိုက်လေယာဉ်ရဲ့ ပထမဆုံး တစ်စီးကို လေတပ်ဆီ လွှဲအပ်

တောင်ကိုရီးယားရဲ့ ပထမဆုံး ပြည်တွင်းဖြစ် တိုက်လေယာဉ်ဖြစ်တဲ့ KF-21 Boramaeရဲ့ ပထမဆုံး တစ်စီးကို အောင်အောင်မြင်မြင် ထုတ်လုပ်ပြီး လေတပ်ဆီ လွှဲအပ်ပေးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - KAI

တောင်ကိုရီးယားရဲ့ ပထမဆုံး ပြည်တွင်းဖြစ် တိုက်လေယာဉ်ဖြစ်တဲ့ KF-21 Boramaeရဲ့ ပထမဆုံး တစ်စီးကို အောင်အောင်မြင်မြင် ထုတ်လုပ်ပြီး လေတပ်ဆီ လွှဲအပ်ပေးခဲ့ကြောင်း သိရပါတယ်။

စက်တင်ဘာ ၂၂ ရက်နေ့တုန်းက အဲဒီ တိုက်လေယာဉ်ဟာ ဆာချွန်းမြို့မှာရှိတဲ့ Korea Aerospace Industries (KAI)ရဲ့ တပ်ဆင် ထုတ်လုပ်ရေး စက်ရုံကနေ ယီချွန်းမှာရှိတဲ့ စစ်စခန်း တစ်ခုဆီ ပျံသန်းလာခဲ့ပါတယ်။ KF-21နဲ့အတူ T-50 အပေါ့စား လေ့ကျင့်ရေး တိုက်လေယာဉ်ငယ် တချို့လည်း ယီချွန်းကို အတူရောက်ရှိလာခဲ့ပါတယ်။

KAIဟာ အပေါ့စား အမောင်းသင် လေယာဉ်ဖြစ်တဲ့ T-50၊ အဲဒီလေယာဉ်ပေါ် အခြေခံပြီး မွမ်းမံထားတဲ့ တိုက်လေယာဉ် FA-50တွေကို ပြည်တွင်းမှာ ထုတ်လုပ်ပြီး ပြည်ပနိုင်ငံ တချို့ကိုပါ တင်ပို့ရောင်းချထားပါတယ်။ ဒါပေမဲ့ KF-21ကတော့ တောင်ကိုရီးယားမှာ တင်းပြည့်ကျပ်ပြည့် တိုက်လေယာဉ် စစ်စစ်အဖြစ် တောင်ကိုရီးယားရဲ့ ပထမဆုံး ထုတ်ကုန် အနေနဲ့ မှတ်တမ်းဝင်လာပါတယ်။

စမ်းသပ်ဆဲအဆင့်တွေကို ဖြတ်သန်းပြီး နောက်ဆုံး အတည်ပြုလိုက်တဲ့ KF-21 တိုက်လေယာဉ်ကို ၂၀၂၄ ခုနှစ် ဇွန်လမှာ ထုတ်လုပ်မှု စီမံကိန်း စတင်ခဲ့ပါတယ်။ အခုတော့ ပထမဆုံး တိုက်လေယာဉ်က အမှန်တကယ် ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီ တိုက်လေယာဉ် အသစ်တွေကို အသုံးပြုဖို့အတွက် တောင်ကိုရီးယား လေတပ်ဟာ အရင်က ဖျက်သိမ်းထားတဲ့ တိုက်လေယာဉ်အုပ် ၁၅၆ ကို ဇွန်လမှာ ပြန်လည် အသက်သွင်းခဲ့ပါတယ်။ အရင်တုန်းက အဲဒီ တိုက်လေယာဉ်အုပ်ဟာ အမေရိကန်လုပ် F-4E Phantom တိုက်လေယာဉ်တွေကို ပျံသန်းစေခဲ့ပြီး လွန်ခဲ့တဲ့ ၁၄ နှစ်မှာ ဖျက်သိမ်းခဲ့တာပါ။

Public Service Announcement

Public Service Announcement

တောင်ကိုရီးယားဟာ အင်ဒိုနီးရှားနဲ့ ပူးပေါင်း အကောင်အထည်ဖော်မယ့် KF-21 စီမံကိန်းကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလမှာ စတင် ကြေညာခဲ့ပါတယ်။ နောက်တော့ အင်ဒိုနီးရှားက စီမံကိန်းကနေ ဆုတ်ခွာသွားပေမယ့် အနာဂတ်မှာ အဲဒီတိုက်လေယာဉ်တွေကို ဝယ်ယူလိုတဲ့ မိတ်ဖက်နိုင်ငံအဖြစ် ဆက်ပြီး ရှိနေခဲ့ပါတယ်။ KAIဟာ သက်တမ်းအိုမင်းနေပြီး ခေတ်မမီတော့တဲ့ F-4နဲ့ F-5 တိုက်လေယာဉ်တွေရဲ့ နေရာမှာ စူပါဆောနစ် မြန်နှုန်းနဲ့ ပျံသန်းနိုင်ပြီး ခေတ်မီ လက်နက်နဲ့ နည်းပညာတွေ တပ်ဆင်ထားတဲ့ ပြည်တွင်းဖြစ် အမျိုးအစားသစ်နဲ့ အစားထိုးဖို့ ရည်ရွယ်ထားခဲ့ပါတယ်။

Boramae ဆိုတဲ့ နာမည်ဟာ စွန်ရဲပျိုလို့ အဓိပ္ပါယ် ရပါတယ်။ KIAက KF-21တွေကို မျိုးဆက် ၄.၅ အဆင့် သတ်မှတ်ပါတယ်။ ဒါဟာ ကမ္ဘာတစ်ဝှမ်းမှာ အသုံးများတဲ့ စတုတ္ထမျိုးဆက် တိုက်လေယာဉ်တွေထက် နည်းပညာပိုင်း ခေတ်ရှေ့ပြေးပြီး ပဉ္စမမမျိုးဆက် တိုက်လေယာဉ်တွေလို ရေဒါကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် (stealth)စွမ်းရည် အပြည့်အဝ မပိုင်ဆိုင်သေးဘူးဆိုတဲ့ အဓိပ္ပါယ်ပါ။ ဒါပေမဲ့ KAIက KF-21ကို ပဉ္စမမျိုးဆက် အဆင့်ထိ မြှင့်တင်ဖို့ ရည်ရွယ်ထားပါတယ်။

လက်ရှိ ပထမဆုံး ထုတ်လုပ်တဲ့ တိုက်လေယာဉ်တွေကိုတော့ Block I အဆင့်လို့ သတ်မှတ်ထားပြီး လေကြောင်းစိုးမိုးရေး မစ်ရှင်တွေ အတွက်ပဲ အဓိက ရည်ရွယ်ထားပါတယ်။ တစ်နည်းအားဖြင့် ရန်သူ့လေယာဉ်တွေနဲ့ ဝေဟင် စီးချင်းထိုး တိုက်ခိုက်မှုတွေမှာပဲ အသုံးပြုနိုင်မှာပါ။ အခုနှစ်မှာ Block Iတွေကို စတင်ထုတ်လုပ်ပြီး နောက်ထပ် ၂ နှစ် အကြာမှာတော့ Block II အဆင့်ကို မြှင့်တင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ Block IIတွေကတော့ မြေပြင်ပစ်မှတ်တွေကိုပါ တိုက်ခိုက်နိုင်တဲ့ ဘက်စုံသုံး တိုက်လေယာဉ်တွေ ဖြစ်လာမှာပါ။

အဲဒီကနေတဆင့် နောင်တစ်ချိန်မှာတော့ ကိုယ်ပျောက် စွမ်းရည်ကိုပါ ပေါင်းစပ်နိုင်တဲ့ Block III အဆင့်ထိ မြှင့်တင်ဖို့ ရည်ရွယ်ထားပါတယ်။ နောက်ဆက်တွဲ မွမ်းမံ အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်နိုင်အောင်လည်း လေယာဉ်ကိုယ်ထည် ဒီဇိုင်း တည်ဆောက်ချိန် ကတည်းက ကြိုတင်ထည့်သွင်း စဉ်းစားထားကြောင်း KAIက ပြောပါတယ်။ Block III အဆင့်မှာတော့ ရေဒါလှိုင်းတွေကို စုပ်ယူ ဖျောက်ဖျက်ပစ်နိုင်မယ့် ဓာတ်ပစ္စည်းတွေပါ ဖြည့်တင်းပြီး ရေဒါနဲ့ လေယာဉ်ထိန်းချုပ် စနစ်တွေကိုလည်း ပဉ္စမမျိုးဆက်လွန် နည်းပညာတွေ ပေါင်းစပ်ဖို့ စဉ်းစားထားပါတယ်။ အဲဒီအခါ KF-21 Block IIIဟာ မျိုးဆက် ၅.၅ အဆင့်ထိ ခေတ်မီလာမယ်လို့ ကုမ္ပဏီက ပြောပါတယ်။

တောင်ကိုရီးယား လေတပ်ဟာ KF-21 တိုက်လေယာဉ် အစီး ၄၀ ထိ မှာယူထားပြီး စစ်ဆင်ရေး လိုအပ်ချက်အပေါ် မူတည်ပြီး အရေအတွက် ထပ်မံချဲ့ထွင် ဝယ်ယူဖို့လည်း စီစဉ်ထားကြောင်း သိရပါတယ်။

ကိုးကား: Aerospace Global

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား လက်နက်တွေ ထုတ်လုပ်မှုကို မတားမြစ်ဘူးဆိုရင် နောင်တစ်ချိန် စျေးကွက်ထဲ အဲဒီလက်နက်တွေ ရောင်းချတဲ့ အန္တရာယ်မျိုး ဖြစ်လာနိုင်ကြောင်း တောင်ကိုရီးယား သမ္မတက သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ နယ်စပ်က ညှိနှိုင်းရေးရုံး အဆောက်အအုံကို ဗုံးခွဲ ဖျက်ဆီးခဲ့မှုအတွက် မြောက်ကိုရီးယားက တောင်ကိုရီးယားဆီ နစ်နာကြေးပေးဖို့ တောင်ကိုရီးယား တရားရုံး တစ်ခုက အမိန့် စီရင်ချက် ချမှတ်ခဲ့ပါတယ်။

Facebook