Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မတ်စ်ခ်နဲ့ထရမ့်ကြား တင်းမာမှုတွေ လူသိရှင်ကြား ပေါက်ကွဲထွက်လာ

နိုင်ငံရေး မဟာမိတ်တွေ ဖြစ်ခဲ့ကြဖူးပေမယ့် အခုတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် အီလွန်မတ်စ်ခ်တို့ကြားက လူသိရှင်ကြား ပဋိပက္ခတွေဟာ ပိုပြီး ဆူပွက်ပြင်းထန်တဲ့ အခြေအနေမျိုးထိ ရောက်ရှိလာပါတယ်။

Reuters

နိုင်ငံရေး မဟာမိတ်တွေ ဖြစ်ခဲ့ကြဖူးပေမယ့် အခုတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် အီလွန်မတ်စ်ခ်တို့ကြားက လူသိရှင်ကြား ပဋိပက္ခတွေဟာ ပိုပြီး ဆူပွက်ပြင်းထန်တဲ့ အခြေအနေမျိုးထိ ရောက်ရှိလာပါတယ်။

ဇွန်လ ၅ ရက်နေ့မှာတော့ ထရမ့်က မတ်စ်ခ်ပိုင်ဆိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ချုပ်ဆိုထားတဲ့ အစိုးရ စာချုပ်တွေကို ဖျက်သိမ်းဖို့ စဉ်းစားနေကြောင်း ခြိမ်းခြောက်ခဲ့ပြီး မတ်စ်ခ်ကတော့ ထရမ့်ကို လွှတ်တော်မှာ တရားဝင် စွပ်စွဲပြစ်တင်တာမျိုး ဖြစ်သင့်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

အရင်က ညီရင်းအစ်ကိုလို ချစ်ချစ်ခင်ခင် နေထိုင်ပြခဲ့ကြသူ နှစ်ယောက်ဟာ အခုတော့ လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ စကားလုံးတွေနဲ့ စစ်ခင်းတဲ့ အဆင့်ကို ရောက်လာပါပြီ။ မတ်စ်ခ်ဟာ ရွေးကောက်ပွဲကြို ကာလမှာ ထရမ့်ရဲ့ မဲဆွယ်မှုတွေအတွက် ရန်ပုံငွေ အများဆုံး ထောက်ပံ့ခဲ့သူ ဖြစ်သလို ထရမ့်ရဲ့ လက်ရှိ သမ္မတသက်တမ်း အစောပိုင်း နေ့ရက်တွေမှာ အစိုးရ စွမ်းဆောင်ရည် မြှင့်တင်ရေး ဌာန (DOGE)ကို တာဝန်ယူ ဦးဆောင်ပေးခဲ့ပါသေးတယ်။

မေလကုန်မှာ DOGEကနေ မတ်စ်ခ် နုတ်ထွက်ခဲ့ပြီး အဲဒီနောက်ပိုင်း သူတို့ကြားက ဆက်ဆံရေး အက်ကြောင်းဟာ ပိုပြီး နက်ရှိုင်းလာခဲ့တာ ဖြစ်ပါတယ်။ ပြဿနာတွေရဲ့ အစကတော့ လွှတ်တော်မှာ ထရမ့်တင်သွင်းထားတဲ့ အခွန်နဲ့ အစိုးရ အသုံးစရိတ် အဆိုမူကြမ်းပဲ ဖြစ်ပါတယ်။ အဲဒီ မူကြမ်းမှာ အခွန်ဖြေလျှော့မှုတွေ၊ ကာကွယ်ရေး အသုံးစရိတ် မြှင့်တင်မှုတွေ ပါဝင်နေပါတယ်။ မတ်စ်ခ်ကတော့ အဲဒီမူကြမ်းဟာ သူနဲ့ DOGE အားထုတ်ထားတဲ့ အစိုးရ အသုံးစရိတ် လျှော့ချရေး အစီအမံတွေ အားလုံးကို အလဟဿ ဖြစ်စေတယ်လို့ စွပ်စွဲထားပါတယ်။ ထရမ့်က လှပပြီး ခမ်းနားထည်ဝါတဲ့ အခွန်အဆိုပြုချက်လို့ တင်စားထားတဲ့ ကိစ္စကို မတ်စ်ခ်ကတော့ စက်ဆုပ်စရာကောင်းပြီး ပုံပျက်ပန်းပျက် အခြေအနေမျိုးလို့ လူသိရှင်ကြား ဝေဖန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဇွန်လ ၅ ရက်နေ့မှာတော့ အိမ်ဖြူတော်ရဲ့ ဘဲဥပုံ ရုံးခန်းထဲမှာ ထရမ့်က Tesla လျှပ်စစ်ကား ကုမ္ပဏီ အမှုဆောင်ချုပ် မတ်စ်ခ်နဲ့ ပတ်သက်ပြီး လူသိရှင်ကြား ဝေဖန်ရင်း သူတို့နှစ်ယောက်ကြားက ဆက်ဆံရေး ပျက်စီးနေမှုကို အတိအလင်း ထုတ်ပြခဲ့ပါတယ်။ နာရီတချို့ အကြာမှာတော့ ထရမ့်က သူပိုင်ဆိုင်တဲ့ လူမှုကွန်ရက် မီဒီယာ Truthမှာ၊ မတ်စ်ခ်ကလည်း သူပိုင်ဆိုင်တဲ့ လူမှုကွန်ရက် မီဒီယာ Xပေါ်မှာ အပြန်အလှန် ပုဂ္ဂိုလ်ရေး ဝေဖန်ထိုးနှက်မှုတွေ စတင်လာပါတော့တယ်။

ထရမ့်က အစိုးရ အသုံးစရိတ်ကို တကယ်ပဲ လျှော့ချစေချင်ရင် အလွယ်ဆုံးနည်းက မတ်စ်ခ်အတွက် အစိုးရရဲ့ ထောက်ပံ့ငွေတွေနဲ့ စာချုပ်တွေကို ဖျက်သိမ်းလိုက်ဖို့ ဖြစ်ကြောင်း၊ ဒါဆိုရင် ဘီလံပေါင်းများစွာ အသုံးစရိတ် လျော့သွားမှာဖြစ်ကြောင်း ထရမ့်က Truthမှာ ရေးသားခဲ့ပါတယ်။

Wall Streetရဲ့ ရှယ်ယာ စာရင်းတွေမှာတော့ Teslaရဲ့ ရှယ်ယာတွေဟာ ဇွန်လ ၅ ရက်နေ့မှာ ၁၄.၃ ရာခိုင်နှုန်းထိ ကျဆင်းသွားပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၁၅၀ ဘီလီယံလောက် ဆုံးရှုံးသွားပါတယ်။ ဒါဟာ ကုမ္ပဏီ သက်တမ်းတလျှောက် တစ်ရက်တာအတွင်း စံချိန်တင် ရှယ်ယာတန်ဖိုး ကျဆင်းမှုလည်း ဖြစ်လာပါတယ်။

Xသုံးစွဲသူ တစ်ယောက်က ထရမ့်ဟာ လွှတ်တော်မှာ စွပ်စွဲပြစ်တင်မှု ခံထိုက်သလားလို့ မေးမြန်းတဲ့အခါ မတ်စ်ခ်က ဖြစ်သင့်တယ်လို့ တုံ့ပြန် မှတ်ချက်ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း လွှတ်တော်နှစ်ရပ်စလုံးမှာ အာဏာရ ရီပတ်ဘလစ်ကန် ပါတီ အမတ်တွေ၊ အထူးသဖြင့် ထရမ့်ကို မလွန်ဆန်နိုင်သူတွေက အင်အား အသာစီးနဲ့ ထိန်းချုပ်ထားတာကြောင့် သမ္မတကို လက်တွေ့ စွပ်စွဲပြစ်တင် အရေးယူဖို့ ဆိုတာက မဖြစ်နိုင်သလောက်ပါပဲ။

မတ်စ်ခ်ဟာ အခုသီတင်းပတ် အစောပိုင်းတုန်းက ထရမ့်ရဲ့ အခွန်မူကြမ်း ကိစ္စကို အတိအလင်း ဝေဖန်ခဲ့ပြီး နိုင်ငံရဲ့ ကြွေးမြီ ၃၆.၂ ထရီလီယံကို ထပ်ပြီး မြင့်တက်သွားစေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဇွန်လ ၅ ရက်မှာတော့ ထရမ့်ဟာ ဘဲဥပုံ ရုံးခန်းမှာ မီဒီယာတွေကို တွေ့ဆုံခဲ့တဲ့နောက် မတ်စ်ခ်နဲ့ ပတ်သက်လို့ တန်ပြန် ထိုးစစ်ကို စခဲ့ပါတယ်။ သူဟာ မတ်စ်ခ်ကို အရမ်း စိတ်ပျက်မိကြောင်း၊ သူနဲ့ မတ်စ်ခ်ကြားမှာ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ပေမယ့် အဲဒီအခြေအနေဟာ ဆက်ပြီး တည်မြဲနေသေးလား ဆိုတာ မသေချာတော့ကြောင်း ထရမ့်က ပြောကြားသွားပါတယ်။

အိမ်ဖြူတော်မှာ ထရမ့်က သတင်းထောက်တွေနဲ့ စကားပြောနေတဲ့ အချိန် လူမှုကွန်ရက်မှာ မတ်စ်ခ်က သူသာ မထောက်ခံရင် ရွေးကောက်ပွဲမှာ ထရမ့် ရှုံးနေခဲ့လောက်ပြီလို့ ရေးသားနေခဲ့ပါတယ်။ ဒါတင်မကဘဲ ထရမ့်က ကုန်သွယ်ဖက် နိုင်ငံတွေရဲ့ သွင်းကုန်တွေအပေါ် အခွန်တိုးမြှင့် စည်းကြပ်တဲ့ မူဝါဒတွေကြောင့် အမေရိကန်ဟာ အခုနှစ်ကုန်ပိုင်းလောက်ကျရင် စီးပွားရေး ကျဆင်းမှုဒဏ် ခံရလိမ့်မယ်လို့ မတ်စ်ခ်က ဟောကိန်း ထုတ်ခဲ့ပါတယ်။

မတ်စ်ခ်ပိုင်ဆိုင်တဲ့ လုပ်ငန်းတွေထဲမှာ အာကာသ ခရီးသွားကုမ္ပဏီ SpaceXနဲ့ ဂြိုဟ်တု အင်တာနက် ထောက်ပံ့ရေး လုပ်ငန်း Starlinkတို့ဟာ အမေရိကန် အစိုးရနဲ့ တန်ဖိုးကြီး စာချုပ်တွေ ချုပ်ဆိုထားပါတယ်။ ဒါကြောင့်လည်း ထရမ့်က အဲဒီ စာချုပ်တွေကို ဖျက်သိမ်းမယ် ဆိုတာမျိုး မတ်စ်ခ်ကို တုံ့ပြန် ခြိမ်းခြောက်ခဲ့တာပါ။

ထရမ့်ရဲ့ အကြံပေးဟောင်း တစ်ဦးဖြစ်ပြီး မတ်စ်ခ်ကို ပုဂ္ဂိုလ်ရေးအရ လူသိရှင်ကြား အမြင်မကြည်သူ စတိဗ်ဘန်နွန်ကတော့ သမ္မတ အနေနဲ့ မတ်စ်ခ်ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေနဲ့ ဖက်ဒရယ် အစိုးရကြားက စာချုပ်တွေကို ဖျက်သိမ်းရုံသာ မကဘဲ မတ်စ်ခ်နဲ့ ပတ်သက်တဲ့ နောက်ခံ အကြောင်းကိစ္စ တချို့ကိုပါ စုံစမ်း စစ်ဆေးသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

အထူးသဖြင့် တောင်အာဖရိက နိုင်ငံမှာ မွေးဖွားပြီး အမေရိကန် နိုင်ငံသားအဖြစ် ပြောင်းလဲ ခံယူခဲ့တဲ့ မတ်စ်ခ်ရဲ့ ရွှေ့ပြောင်း အခြေချမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ပြန်လည် စစ်ဆေးသင့်တယ်လို့ သူက ဆိုပါတယ်။ တစ်နည်းအားဖြင့် ထရမ့်နဲ့ သဘောထား ကွဲလွဲမှုတွေ စတင်လာတဲ့ အချိန်မှာတော့ မတ်စ်ခ်ကို ထရမ့်ဘက်တော်သားတွေက နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူ တစ်ဦးအဖြစ် ရှုမြင်လာတဲ့ သဘောပါပဲ။

မတ်စ်ခ်ဟာ ထရမ့်ရဲ့ ရွေးကောက်ပွဲကြို မဲဆွယ်လှုပ်ရှားမှုတွေအတွက် ကိုယ်ပိုင်ငွေကြေးထဲက ဒေါ်လာ သန်း ၃၀၀ နီးပါးလောက်ကို အလှူငွေ ထည့်ဝင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

သူနဲ့အတူတူ ဓာတ်ပုံရိုက်ဖို့ အီတလီ ဝန်ကြီးချုပ်က ခခယယ တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို ကာယကံရှင်က ပြင်းပြင်းထန်ထန် တုံ့ပြန် ငြင်းဆိုခဲ့ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။