ဇူလိုင် ၇၊ ၂၀၂၅။ People’s Spring
ထိုင်းနိုင်ငံ၊ ကန်ချန်နဘူရီခရိုင်အတွင်းမှာ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၇ဦးတင်ဆောင်လာတဲ့ ထရပ်ကားတစ်စီးကို ထိုင်းစစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းဘုရင့်တပ်မတော် Royal Thai Armyက ထုတ်ပြန်ပါတယ်။
ဒီကနေ့ မနက်စောမှာ ကန်ချန်နဘူရီခရိုင်အတွင်းက သောင်ဖဖွမ်းစစ်ဆေးရေးဂိတ်မှာ မသင်္ကာတဲ့ ထရပ်ကားတစ်စီးကို စစ်းဆေးရာ မောင်းနှင်ထွက်ပြေးသွားတယ်လို့ ထိုင်းစစ်တပ်က ထုတ်ပြန်ပါတယ်။
ထွက်ပြေးသွားတဲ့ ကားကို လိုက်လံဖမ်းဆီးရာ သောင်ဖဖွမ်းဒေသက လမ်းဘေးတနေရာမှာ ကားမောင်းသမားက စွန့်ပစ်သွားတယ်လို့ ဆိုပါတယ်။

Public Service Announcement
ကားပေါ်မှာ မြန်မာအမျိုးသား ၁၉ဦးနဲ့ အမျိုးသမီး ၈ဦး စုစုပေါင်း ၂၇ဦးကို တွေ့ရှိခဲ့တယ်လို့ ထိုင်းစစ်တပ်က ဆိုပါတယ်။ အထောက်အထားစာရွက်စာတမ်းတွေ မပါရှိဘူးလို့လည်း အသိပေးထားပါတယ်။
သူတို့တွေဟာ ရန်ကုန်မြို့က လာရောက်ကြသူတွေဖြစ်ပြီး ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၁၉,၀၀၀ ပေးရတယ်လို့လည်း ထိုင်းစစ်တပ်က ထုတ်ပြန်ထားပါတယ်။
“ကန်ချန်နဘူရီခရိုင်က အများဆုံးဝင်ပေါက်တွေပဲ။ မြန်မာမှာ လူငယ်တွေ ရွှေ့ပြောင်းလုပ်သားအဖြစ်ရော ၊ သင်္ဘောသားအဖြစ်ရော ပြည်ပခွင့်ပိတ်ပင်ထားလို့ ဒီလို ဖမ်းဆီးစစ်ဆေးနေတဲ့ကြားက ထွက်လာနေကြတာလို့ မြင်တယ်”လို့ မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(DSI)က ထိုင်းနိုင်ငံရဲ့ နယ်စပ်ဝင်ပေါက် ၁၄ခုလုံးကို ဖြန့်ကျက် ပိတ်ဆို့ထားတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။
“ပွဲစားတွေ၊ အလုပ်ရှင်တွေကလည်း သူတို့အမြတ်ရအောင် စွန့်စားပြီးခေါ်တယ်။ မြန်မာတွေကလည်း တရားမဝင်အဖြစ်နဲ့ သားကောင်ဖြစ်နေတာကို မလေ့လာ၊မစုံစမ်းဘဲ လာကြတယ်”လို့ ၎င်းက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂ရက်ကလည်း မဲဆောက်မြို့ကနေ ဘန်ကောက်မြို့ကို တရားမဝင်နည်းလမ်းနဲ့ သွားရောက်တဲ့ မြန်မာ ၁၅ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါသေးတယ်။ မြန်မာ ၁၅ဦးထံက အတုပြုလုပ်ထားတဲ့ ပန်းရောင်ကတ်စာရွက်စာတန်းတွေ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။






















































