ဇူလိုင်-၁၆၊၂၀၂၅။ထားမြတ်/People’s Spring
ဆိုးသွမ်းသည့် ရန်သူစစ်ကောင်စီကို အနိုင်ယူရန်အတွက် ၎င်းတို့ထက်သာလွန်၍ သန်မာကြံ့ခိုင်နေကြရန်လိုအပ်ကြောင်း ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောရှီးလေက ပြောကြားခဲ့ပြီး သန်မာကြံ့ခိုင်ရန်အတွက် စည်းလုံးခြင်းက အလွန်အရေးကြီးကြောင်း သတိပေးသည်။
ယနေ့ (ဇူလိုင် ၁၆ရက်)တွင် ကျရောက်သည့် (၇၈)ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့သို့ KNDOစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်စောရှီးလေက ပြောကြားသည့် တိုက်တွန်းအားပေးစကားကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မိဘဘိုးဘွားဘီဘင်လက်ထက်ကတည်းက အကြမ်းဖက်မှုများကို နှစ်ရှည်လများ လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်သည် အခိုင်အမာ အမြစ်တွယ်နေပြီဖြစ်ကြောင်း KNDO စစ်ဦးစီးချုပ်က ပြောသည်။

Public Service Announcement
” အလွယ်တကူ ပြိုလဲသွားမည် မဟုတ်ပေ”ဟု ဗိုလ်မှူးချုပ် စောရှီးလေက ပြောသည်။
ရန်သူသည် မှန်ကန်တည်ကြည်မှုမရှိသည့် အဖွဲ့အစည်းဖြစ်သော်လည်း အစိုးရတစ်ရပ်ပုံစံဖြင့် ၎င်းတို့ဘာသာ ရပ်တည်နေခြင်းကို အသိအမှတ်ပြုလက်ခံနေသူများ ရှိနေသည်ကိုတွေ့နေရကြောင်း ၎င်းက ပြောသည်။
စစ်အာဏာရှင်များပြိုလဲရန် မလွယ်ကူသော်လည်း ကရင်အမျိုးသားများအနေဖြင့် ၎င်းတို့ကို တော်လှန်တိုက်ပွဲဝင်လာကြသည်မှာလည်း နှင်ပေါင်း ၇၈ နှစ်ရှိပြီဖြစ်ကြောင်း ပြောသည်။
လူမျိုးကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည့်အပြင် ကရင်ပြည်သူလူထု၏ ရန်သူအား တိုက်ထုတ်ရမည့် တာဝန်ကို KNDO က အပြည့်အဝတာဝန်ယူသွားမည်ဟု ပြောသည်။
” ကျွန်ုပ်တို့ ရန်သူများ ပြိုကျသွားသည်အထိ တိုက်ထုတ်သွားမည်။ သို့သော်လည်း မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်က အဘယ်နည်းဖြင့် ပြိုလဲသွားမည်ကို အတပ်မသိသေးပေ။ သို့ရာတွင် ကျွန်ုပ်တို့သည် လက်နက် ကိုင်စွဲထား၍ ဆက်လက်တိုက်ပွဲဝင်သွားမည်”ဟု ဗိုလ်မှူးချုပ်စောရှီးလေက ပြောသည်။
ကမ္ဘာအနှံ့အပြားတွင် နေထိုင်ကြသော ကရင်လူမျိုးများအား တိုက်တွန်းလိုသည့်အချက်မှာ ဆိုးသွမ်းသည့် ရန်သူကို အနိုင်ယူရန်အတွက် သန်မာကြံ့ခိုင်နေကြရန်လိုအပ်ပြီး ယင်းအတွက် စည်းလုံးခြင်းသည် အရေးကြီးဟု KNDO စစ်ဦးစီးချုပ်က ပြောကြားသည်။
” တော်လှန်ရေးကို ပြန်ကြည့်မည်ဆိုပါက တခါတရံ အတက်ဖက်သို့ရောက်ပြီး တခါတရံ အကျဖက်သို့ ရောက်သွားသည်ကို တွေ့ရသည်။ ထို့အတွက် ကျွန်ုပ်တို့ လူမျိုးတွေဟာ စည်းလုံးညီညွတ်နေရန် လိုအပ်သည်။ ကျနော်တို့ရန်သူ က အရမ်းထူးချွန်နေ၍ ကျနော်တို့ အားနည်းသွားခြင်းမဟုတ်ပါ။ ကျနော်တို့ အချင်းချင်းအကြား စည်းလုံးညီ ညွတ်မှု နှင့် နားလည်မှု လိုအပ်ချက်များ ရှိနေသည်သာဖြစ်သည်”ဟု ဗိုလ်မှူးချုပ်စောရှီးလေက ပြောသည်။
KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကလည်း KNDOနေ့သို့ သဝဏ်လွှာ ပေးပို့ခဲ့ရာ စစ် အာဏာရှင်စနစ်ဆိုးကို ရေရှည်အသက်သွင်းနိုင်ရန် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီသည် ပြည်သူကို ကိုယ်စားမပြုသည့် စစ်တပ်လက်ဝေခံ အခွင့်အရေး နိုင်ငံရေးသမားများ နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ပြခြင်း၊ ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေခြင်း တို့ကို အဆောတလျင် လုပ်ဆောင်လာနေကြောင်း သတိပေးသည်။
ထို့ပြင် အာဏာသိမ်းစစ်ကောင်စီသည် ၎င်း၏ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ရေး အတွက် နိုင်ငံရေး စီးပွားရေး၊ ဘဏ္ဍာရေးရင်းမြစ်အားလုံးကို စစ်အာဏာသိမ်းခေါင်းဆောင်များနှင့် လက်ဝေခံများမှ ထိန်းချုပ်ကာ အကျိုးစီးပွားရယူ၍ လူငယ်ထု ပြည်သူများကို အတင်းအဓမ္မ စုဆောင်းစစ်မှုထမ်းစေလျက် စစ်မြေပြင်များသို့ စေလွှတ်နေသည်ကို မြင်တွေ့နေရဟု KNU ဥက္ကဋ္ဌက ပြောသည်။
စစ်မြေပြင်တွင် ရန်သူဖြစ်သော်လည်း မိမိတို့ထံ လက်နက်ချ အညံ့ခံ ပူးပေါင်း အလင်း ဝင်ရောက် လိုသည့် အဓမ္မစစ်မှုထမ်းနေရသည့်သူများကို မူဝါဒ လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက် သွားရမည်ဟု KNU ဥက္ကဋ္ဌက ပြောသည်။
ထို့ပြင် ကရင်တမျိုးသားလုံး၏ နိုင်ငံရေးရည်မှန်းချက်ကို မျှော်ရည်လျက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ခြင်းကို လက်တွေ့အလုပ်နှင့် သက်သေပြနိုင်ရန် စတင်အကောင်အထည်ဖော်သွားရမည်ဖြစ်ပြီး ကရင်လူမျိုးများအားလုံးမှ ကျရာကဏ္ဍမှ ကြိုးပမ်းပါဝင်ဆောင်ရွက်ကြရန်လည်း KNU ဥက္ကဋ္ဌက ဖိတ်ခေါ်သည်။
အတူတကွ လက်တွဲ၍ စည်းလုံးညီညွတ်မှုဖြင့် ကရင်လူမျိုးတို့၏ ဖြစ်တည်မှု၊ ဝိသေသလက္ခဏာ၊ဂုဏ်သိက္ခာ၊ အခွင့်အရေး နှင့် လွတ်လပ်မှုတို့ကို အတူတကွ တည်ဆောက်သွားကြရမည် ဖြစ်ကြောင်း၊ ထို့အပြင် ဘဝတူ၊ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းများ၊ ဒီမိုကရေစီအင်အားစုများ၊ တက်ကြွလှုပ်ရှားသူများ၊ မီဒီယာများနှင့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို အလေးထားအားပေးသည့် နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရများနှင့်အတူ လက်တွဲဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းလည်း KNU ဥက္ကဋ္ဌက ပြောကြားသည်။


















































