Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန်နဲ့ ကုန်သွယ်ရေးကိစ္စ သဘောတူညီမှု ရရှိခဲ့ပြီလို့ ထရမ့်ကြေညာ

နှစ်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက် တစ်ခုကို ဂျပန်အစိုးရနဲ့ ညှိနှိုင်း ရရှိထားပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

Getty Images

နှစ်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက် တစ်ခုကို ဂျပန်အစိုးရနဲ့ ညှိနှိုင်း ရရှိထားပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

ထရမ့်ရဲ့ အစိုးရက အမေရိကန် ကုန်သွယ်ဖက် နိုင်ငံတွေအပေါ် သွင်းကုန် အခွန် စည်းကြပ်မှုတွေ မြှင့်တင်ခဲ့တဲ့နောက် နိုင်ငံတချို့နဲ့ ညှိနှိုင်းမှုတွေ ဆက်တိုက် လုပ်ဆောင်နေခဲ့ပါတယ်။ ဇူလိုင် ၂၂ ရက်နေ့မှာတော့ ထရမ့်က ဂျပန်နဲ့ တကယ့် အကြီးစား သဘောတူညီမှု တစ်ခုကို ရယူနိုင်ခဲ့တယ်လို့ သူထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။

ဂျပန်နဲ့ အကြီးစား သဘောတူညီမှု တစ်ခု၊ ပြောရမယ်ဆိုရင် ကြုံဖူးသမျှ အကြီးကျယ်ဆုံး သဘောတူညီမှုမျိုးကို အခုလေးတင် အပြီးသတ်နိုင်ခဲ့ပြီလို့ ထရမ့်က ဆိုပါတယ်။ အဲဒီ သဘောတူညီချက်အရ နှစ်နိုင်ငံကြား ကုန်သွယ်ရေးအတွက် သွင်းကုန်အခွန် ၁၅ ရာခိုင်နှုန်းစီ အပြန်အလှန် သတ်မှတ်ကြမှာဖြစ်ပြီး ဂျပန်က တင်ပို့မယ့် ကုန်စည်တွေကို အမေရိကန်က သွင်းကုန် လုပ်ငန်းရှင်တွေက အခွန်ဆောင်ပေးရမှာပါ။ အဲဒီအတွက် ဂျပန်က အမေရိကန်မှာ ဒေါ်လာ ၅၅၀ ဘီလီယံဖိုးလောက် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ဖို့ ကတိပြုခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံမှုတွေကနေ ရရှိလာမယ့် အကျိုးအမြတ်ရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို အမေရိကန်က ခံစားခွင့်ရမှာ ဖြစ်တယ်လို့ ထရမ့်က ရေးသားထားခဲ့ပါတယ်။ ဒါပေမဲ့ သူက အဲဒီ ရင်းနှီးမြှုပ်နှံမှုတွေကို ဘယ်လို ခွဲခြမ်း လုပ်ဆောင်မှာလဲ၊ အမြတ်ကို ဘယ်လို တွက်ချက်မလဲ ဆိုတာတွေကိုတော့ အသေးစိတ် မှတ်ချက် မပေးခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

အခု သဘောတူညီမှုကြောင့် ထောင်သောင်းချီ များပြားတဲ့ အလုပ်အကိုင် နေရာတွေ ဖန်တီးနိုင်မှာ ဖြစ်ကြောင်း၊ အရင်က ဒါမျိုး မရှိခဲ့ဖူးကြောင်း၊ အရေးအကြီးဆုံး အချက်က ဂျပန်ဟာ ထရပ်ကား၊ ကား၊ ဆန်နဲ့ စိုက်ပျိုးရေး ထုတ်ကုန်တွေစတဲ့ စျေးကွက်တွေမှာ အမေရိကန်အတွက် လမ်းဖွင့်ပေးလိုက်ပြီး သွင်းကုန်အခွန် ၁၅ ရာခိုင်နှုန်းကိုလည်း အမေရိကန်အတွက် ပေးဆောင်မှာဖြစ်ကြောင်း ထရမ့်က ကြွေးကြော်ခဲ့ပါတယ်။

ထရမ့်ရဲ့ ကြေညာချက် အပြီးမှာတော့ ဂျပန် ဝန်ကြီးချုပ် ရှီဂူရီ အီရှီဘာက သူ့ရဲ့ အစိုးရဟာ သဘောတူညီချက်ပါ အသေးစိတ် အချက်အလက်တွေကို သေသေချာချာ သုံးသပ်မှာ ဖြစ်ကြောင်း၊ လိုအပ်ရင် အမေရိကန် သမ္မတကို ဖုန်းဆက်ပြီးဖြစ်စေ၊ လူချင်းတွေ့ပြီးဖြစ်စေ ဆွေးနွေးဖို့ ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါတယ်။ သူကလည်း ထရမ့်လိုပဲ အရမ်း အနုစိတ်တဲ့ ကိစ္စတွေကိုတော့ ထုတ်မပြောခဲ့ပါဘူး။

နောက်ဆုံးမိနစ်ထိ ဆွေးနွေးမှုတွေ ဆက်ရှိနေခဲ့ကြောင်း၊ ဂျပန်ဟာ ကားထုတ်လုပ်မှုနဲ့ တခြားလုပ်ငန်းတွေမှာ အမျိုးသား အကျိုးစီးပွား ကဏ္ဍကို ကာကွယ်ဖို့အတွက် အမေရိကန်နဲ့ အကောင်းဆုံး ညှိနှိုင်းခဲ့ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

ထရမ့်ရဲ့ အစိုးရဟာ ဥရောပ သမဂ္ဂ၊ တောင်ကိုရီးယား၊ အိန္ဒိယတို့ အပါအဝင် ကုန်သွယ်ဖက်နိုင်ငံ ဒါဇင် အတော်များများနဲ့လည်း ညှိနှိုင်းမှုတွေ ဆက်လုပ်နေဆဲပါ။ ထရမ့်ရဲ့ အစိုးရက အဲဒီ ကုန်သွယ်ဖက်တွေနဲ့ တိကျတဲ့ သဘောတူညီမှုတွေ မရရင် ဩဂုတ် ၁ ရက်နေ့ကစလို့ အဲဒီ နိုင်ငံတွေရဲ့ သွင်းကုန်တွေအပေါ် သိသိသာသာ အခွန်တိုးမြှင့် စည်းကြပ်သွားမယ်လို့ သတိပေးထားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

သူနဲ့အတူတူ ဓာတ်ပုံရိုက်ဖို့ အီတလီ ဝန်ကြီးချုပ်က ခခယယ တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို ကာယကံရှင်က ပြင်းပြင်းထန်ထန် တုံ့ပြန် ငြင်းဆိုခဲ့ပါတယ်။

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။