ဂျော့လင်းညို
လမ်းထိပ်နတ်စင်က ရောင်စုံပန်းတွေမြင်တော့
နင့်ကို သတိရမိသေးတယ် ဟေမာ…
…
အသက်ရှိတဲ့ပန်းလေးတွေကို
အသက်မဲ့တဲ့နတ်ရုပ်ကြီးအတွက် ယဇ်ပူဇော်ရတာ
မတန်ကြောင်း…
အကိုးအကားပေါင်းစုံနဲ့ နင်ရှင်းပြသလိုပေါ့…
…
ငါနေတဲ့အရပ်မှာ အသက်ရှိတဲ့ပန်းလေးတွေပေါတယ် ဟေမာ
နင်ပြောခဲ့သလိုပဲ…
မမြင်ရတဲ့အရာကြီးအတွက် မျက်စိစုံမှိတ်ပြီိး
အသက်ပေးနေရတုန်း…
…
တစ်ခုလိုချင်ရင် တစ်ခုပေးရတဲ့ နိယာမဟာ
အခုထိမှန်ကန်နေတုန်းပဲ…
မဝေဆာနိုင်တော့တဲ့ ကံ့ကော်တွေ…
မာနကို ခဝါချခဲ့ရတဲ့ နှင်းဆီတွေနဲ့…
ဒီဥယျာဉ်ကြီးကို ငါစိတ်နာနေပြီ…
…
အလဲအထပ်ခပ်ကြမ်းကြမ်းကို ကြိုက်တဲ့
ကံကြမ္မာကတော့ မျက်လှည့်ဆရာကြီးပေါ့
မထင်မှတ်ထားတာတွေကို ဦးထုပ်အနက်ထဲကနေ
တစ်ခါတစ်ခါဆွဲထုတ်ပြသေးတယ်…
…
တစ်ခါတစ်ခါ ချိုင်းထောက်လေးထွက်လာတယ် ဟေမာ…
တစ်ခါတစ်ခါ လွယ်အိတ်အစုတ်လေး
ဘေးမှာ ထမင်းချိုင့်နဲ့…
တစ်ခါတစ်ခါ အော်ညည်းသံတွေပါ ပါလာတတ်တယ်…
သောကပင်လယ်ဝေနေတဲ့ ပြည်သူတွေရဲ့
ဒုက္ခမျက်ရည်တွေ…
…
တစ်ခါတစ်ခါလည်း ပရိုမိုးရှင်းအနေနဲ့
ကိုယ်ချစ်သောသူတွေကို တစ်ယောက်ထပ်ပို
ဆုံးရှုံးခွင့်က ရှိသေးတယ်…
…
ဒီဥယျာဉ်က အရိုင်းဆန်တယ် ဟေမာရေ…
မုန်တိုင်းကထန် မိုးကသန်ရတဲ့ကြားထဲ
ပန်းတွေနဲ့ရောပွင့်လာတဲ့ နွယ်အရိုင်းတွေ
အပြိုင်းအရိုင်း ရှင်သန်နေကြသေးတယ်…
…
ငါတို့ဟာ စနစ်ကိုတော်လှန်ရင်း
လမ်းခုလတ်မှာ ပန်းပွင့်တွေကြွေလွင့်ရ…
ကျန်ရှိတဲ့ပန်းတွေဟာလည်း စိတ်အနာတွေနဲ့
ကိုယ်ထူကိုယ်ထ ဖူးပွင့်ရ…
…
ဒီမုန်တိုင်းလွန်ရင်တော့
သဇင်တွေလည်း ပင်မြင့်စံသင့်ပါပြီ…
လီလီပန်းလေးတွေလည်း လွတ်လပ်သင့်ပြီ…
နှင်းဆီလည်း ရဲရဲတောက်ဖူးပွင့်နိုင်ပြီ…
အခုအချိန် မုန်တိုင်းခဏတော့
အားတင်းပြီး ဖူးပွင့်ရမှာပေါ့ ပန်းတွေ…
(တစ်ဦးတစ်ယောက်ကို ရည်ညွှန်းသော နာမ်စားအဖြစ် ဟေမာ ကို ယူသုံးထားပါသည်။ တိုက်ဆိုင်မှုရှိလျှင် ခွင်လွှတ်ပေးကြပါရန်)
(The Call – ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’ဂျော့လင်ညို’ ရဲ့ “ပန်းရှိုက်သံ”ကဗျာကို People’s Spring ကပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

Public Service Announcement


















































