Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်-ပူတင် ဆွေးနွေးမှုမှာ ယူကရိန်းကိုပါ ဖိတ်ခေါ်ဖို့ ဥရောပ မဟာမိတ်တွေ တောင်းဆို

ယူကရိန်း စစ်ပွဲကိစ္စကို ယူကရိန်း မပါဘဲ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ တိုက်ရိုက်ဆွေးနွေးတာမျိုး မလုပ်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို မဟာမိတ် ဥရောပ နိုင်ငံတွေက တောင်းဆိုထားပါတယ်။

EPA

ယူကရိန်း စစ်ပွဲကိစ္စကို ယူကရိန်း မပါဘဲ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ တိုက်ရိုက်ဆွေးနွေးတာမျိုး မလုပ်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို မဟာမိတ် ဥရောပ နိုင်ငံတွေက တောင်းဆိုထားပါတယ်။

ထရမ့်က သူဟာ ဩဂုတ် ၁၅ ရက်နေ့ကျရင် အလာစကာ ပြည်နယ်မှာ ပူတင်နဲ့ လူချင်းတွေ့ပြီး ရုရှားနဲ့ ယူကရိန်းကြားက စစ်ပွဲရပ်ဆိုင်းရေးကိစ္စ ဆွေးနွေးမယ်လို့ ပြောကြားထားပါတယ်။ ဒါပေမဲ့ အဲဒီ အစည်းအဝေးကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရော တက်ရောက်ဖြစ်မလား ဆိုတာကိုတော့ ထရမ့်က ရေရေရာရာ ဘာမှ ပြောမထားပါဘူး။

ဩဂုတ် ၁၀ ရက်နေ့မှာတော့ ယူကရိန်းနဲ့ အမေရိကန်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ ဗြိတိန်၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ ပိုလန်၊ ဖင်လန်နဲ့ ဥရောပ ကော်မရှင်တို့ ပူးပေါင်းပြီး ကြေညာချက် ထုတ်ပြန်ခဲ့ရာမှာ အလာစကာ အစည်းအဝေးကျရင် ယူကရိန်းကိုပါ ဖိတ်ကြားဖို့ တောင်းဆိုထားခဲ့ပါတယ်။

အိမ်ဖြူတော်ဖက်ကတော့ ထရမ့်ဟာ ရုရှား-အမေရိကန်-ယူကရိန်း သမ္မတတွေရဲ့ သုံးပွင့်ဆိုင် တွေ့ဆုံမှုကို အမှန်တကယ် လိုလားပေမယ့် လောလောဆယ်မှာတော့ ထရမ့်နဲ့ပူတင်ပဲ အရင်ဆုံး တွေ့ဆုံဖို့ ရုရှားက မေတ္တာရပ်ခံထားတယ်လို့ အကြောင်းပြချက် ပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဇီလန်စကီးကတော့ ယူကရိန်း မပါတဲ့ ဆွေးနွေးပွဲကနေ ထွက်ပေါ်လာတဲ့ ဘယ်လို ဆုံးဖြတ်ချက်မဆို လက်တွေ့ အသုံးတည့်မှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။

မဟာမိတ် နိုင်ငံတွေဆီက သဘောထား ကြေညာချက် ထွက်ပေါ်မလာခင်မှာ ထရမ့်က သူဟာ ပူတင်နဲ့ပဲ အရင်တွေ့ပြီး သိပ်မကြာခင်မှာတော့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို လုပ်ဆောင်နိုင်ဖို့ ယုံကြည် မျှော်လင့်ထားတယ်လို့ သတင်းထောက်တွေကို မှတ်ချက်ပေးခဲ့ပါတယ်။

နောက်ပြီး စစ်ပွဲ ရပ်ဆိုင်းရေးအတွက် ယူကရိန်းဟာ ပိုင်နက်နယ်မြေ တချို့ကို ရုရှားဆီ လွှဲပြောင်းပေးပြီး ရုရှားကလည်း လက်ရှိ ထိန်းချုပ်ထားတဲ့ ယူကရိန်နယ်မြေ တချို့ကို လက်လွှတ်ပေးတာမျိုး သဘောတူညီချက်နဲ့ အမေရိကန်က ကြားဝင် ညှိနှိုင်းပေးဖွယ်ရှိကြောင်း ထရမ့်က အရိပ်အမြွက် ပြောကြားထားပါတယ်။ ဇီလန်စကီးကတော့ စစ်ပွဲရပ်ဖို့ ယူကရိန်းက နယ်မြေတွေ စွန့်လွှတ်ပေးရမယ်ဆိုတဲ့ စိတ်ကူးကို ယတိပြတ် ငြင်းဆိုထားပါတယ်။

ထရမ့်ကတော့ သူ့ရဲ့ စိတ်ကူးကို ယူကရိန်းက လက်ခံလာအောင် ဝိုင်းဝန်း ဖိအားပေးဖို့ ဥရောပ မဟာမိတ် နိုင်ငံတွေကိုပါ စည်းရုံး တောင်းဆိုဖို့ ကြိုးစားနေကြောင်းလည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ဥရောပ နိုင်ငံတွေရဲ့ သဘောထား ထုတ်ပြန်ချက်မှာတော့ နိုင်ငံတကာ အသိအမှတ်ပြု နယ်နိမိတ်တွေကို အင်အားသုံးပြီး ပြောင်းလဲခွင့် မရှိဘူးလို့ ဖော်ပြထားပါတယ်။ နောက်ပြီး ယူကရိန်းဟာ ကိုယ့်ကံကြမ္မာကိုယ် လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပြီး မဟာမိတ် နိုင်ငံတွေ အနေနဲ့ ယူကရိန်းကို သံတမန်ရေး၊ စစ်ရေး၊ ဘဏ္ဍာရေးအရ ဆက်ပြီး ကူညီပေးနေမှာ ဖြစ်တယ်လို့လည်း အတည်ပြုထားပါတယ်။

အလာစကာမှာ ပူတင်နဲ့ ထရမ့် နှစ်ဦးတည်း တွေ့ဆုံဖြစ်မယ်ဆိုရင် ထွက်ပေါ်လာမယ့် ရလဒ်ကို စိုးရိမ်နေရတာ ယူကရိန်း တစ်နိုင်ငံတည်း မဟုတ်ပါဘူး။ ဥရောပ မဟာမိတ်တွေကလည်း အဲဒီ ရလဒ်အပေါ် ဥရောပရဲ့ လွှမ်းမိုးသက်ရောက်နိုင်မှု လုံးဝ ကင်းမဲ့သွားနိုင်တဲ့ အခြေအနေကို တွေးတော စိတ်ပူနေကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့် ပိုင်ဆိုင်တဲ့ ဂေါက်ကွင်းနားမှာ လက်နက်ကိုင်ပြီး မသင်္ကာစရာ လှုပ်ရှားနေသူ တစ်ဦးကို ဖမ်းဆီးထားကြောင်း အမေရိကန် အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။