နယ်စပ်မှာ တောင်ကိုရီးယား တပ်တွေက ခြောက်လှန့် ပစ်ခတ်တာမျိုး လုပ်ခဲ့ကြောင်း မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။
စစ်မဲ့ဇုန် (DMZ)လို့ ခေါ်ဝေါ်ပြီး နှစ်နိုင်ငံကြားမှာ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားရာ နယ်စပ်မှာ အဲဒီအခြေအနေမျိုး ကြုံခဲ့တာ ဖြစ်ပြီး တောင်ကိုရီးယားရဲ့ ခြိမ်းခြောက် ရန်စတဲ့ လုပ်ရပ်ဟာ ထိန်းမနိုင်သိမ်းမရ အဆင့်မျိုး တင်းမာမှုတွေထိ မြင့်တက်သွားစေနိုင်တယ်လို့ မြောက်ကိုရီးယားဖက်က ထုတ်ပြန်ခဲ့ပါတယ်။
တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံဟာ တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ခ်ယော လက်ထက်မှာ ဆက်ဆံရေး အခါးသီးဆုံးအဆင့် ဖြစ်ခဲ့ပေမယ့် လက်ရှိ တောင်ကိုရီးယား သမ္မတ လီဂျေမြောင်ကတော့ အဲဒီ အခြေအနေကို ပြင်ဆင်ကုစားဖို့ ကြိုးစားနေပါတယ်။
လီက သူဟာ မြောက်ကိုရီးယားနဲ့ စစ်ရေးအရ နားလည်မှု ပြန်တည်ဆောက်နိုင်ဖို့ မျှော်လင့်ကြောင်း ပြောထားပေမယ့် မြောက်ကိုရီးယားကတော့ တောင်ပိုင်းက ပြိုင်ဘက်နဲ့ ပြန်သင့်မြတ်ဖို့ စိတ်ကူးမရှိဘူးလို့ တုံ့ပြန်ထားပါတယ်။

Public Service Announcement
တောင်ကိုရီးယားဖက်က ခြောက်လှန့် ပစ်ခတ်တယ်ဆိုတဲ့ ဖြစ်စဉ်ကတော့ အခုသီတင်းပတ် အစောပိုင်းမှာ ပေါ်ပေါက်ခဲ့တာလို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဆိုပါတယ်။ မြောက်ကိုရီးယား စစ်သားတွေက နယ်စပ်ကို အပြီးပိတ်ဖို့ လုပ်ဆောင်နေတဲ့ အချိန်မှာ တောင်ကိုရီးယားဖက်က ရန်စ ခြိမ်းခြောက်ခဲ့တာလို့ မြောက်ကိုရီးယား ကြည်းတပ် ဒုတိယ ဗိုလ်ချုပ်ကြီး ကိုဂျောင်ချိုရဲ့ အဆိုကို ကိုးကားပြီး အစိုးရ မီဒီယာက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
စက်သေနတ်နဲ့ ၁၀ ချက်ထက်မနည်း ပစ်ခတ်ခဲ့တဲ့ တောင်ကိုရီးယားရဲ့ လုပ်ရပ်ဟာ နောက်ဆက်တွဲ ပြဿနာတွေ အများကြီး ကြုံလာစေနိုင်တဲ့ ရန်စမှုလို့လည်း မြောက်ကိုရီးယား အစိုးရရဲ့ KCNA သတင်းဌာနက စွပ်စွဲသွားပါတယ်။
တောင်ကိုရီးယားဖက်ကတော့ မြောက်ကိုရီးယားရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး လတ်တလော မှတ်ချက်ပေး တုံ့ပြန်တာ မရှိသေးပါဘူး။
ဧပြီလတုန်းကလည်း မြောက်ကိုရီးယား စစ်သား ၁၀ ဦးထက် မနည်းဟာ DMZမှာ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့တာကြောင့် တောင်ကိုရီးယားက ခြောက်လှန့် ပစ်ခတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစစ်သားတွေဟာ ရည်ရွယ်ချက်ရှိရှိ နယ်ကျော်တာမျိုး ဟုတ်ဟန်မတူဘဲ မျက်စိလည်ပြီး နယ်စပ်ကို ဖြတ်ကျော်ခဲ့တာ ဖြစ်နိုင်ကြောင်း၊ ခြောက်လှန့်ပစ်ခတ်မှု အပြီးမှာတော့ သူတို့ဟာ မြောက်ကိုရီးယားဖက်ကို အလျင်အမြန် ပြန်လည် ထွက်ခွာသွားကြောင်း တောင်ကိုရီးယား စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။
ကိုးကား: AFP


















































