မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ နျူကလီးယား လက်နက်တွေကို ထာဝရ ထိန်းသိမ်းထားဖို့ သံန္နိဋ္ဌာန် ချထားကြောင်း နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
တောင်ကိုရီးယား သမ္မတက ကိုရီးယားကျွန်းဆွယ် နျူကလီးယားလက်နက် ဖျက်သိမ်းရေး ဆွေးနွေးမှုတွေ တကျော့ပြန် စတင်ဖို့ အကြံပြု တိုက်တွန်းလာချိန်မှာပဲ မြောက်ကိုရီးယားဖက်က အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။
စက်တင်ဘာ ၂၄ ရက်နေ့မှာတော့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ချိုဆွန်ဟွေက မြောက်ကိုရီးယားဟာ ပိုင်ဆိုင်ထားတဲ့ နျူကလီးယား လက်နက်တွေကို ခေတ်အဆက်ဆက် ဆက်ပြီး ထိန်းသိမ်းထားမယ် ဆိုတာ ထပ်လောင်း အတည်ပြုလိုကြောင်း ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောတဲ့အခါ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်မှုတွေကို ကနဦး အဆင့်အဖြစ် ရပ်တန့်စေဖို့၊ အဲဒီကမှတဆင့် နျူကလီးယား လက်နက် ဖျက်သိမ်းရေးဆီ တစ်ဆင့်ချင်း ရှေ့ဆက်ဖို့ အဆိုပြုသွားခဲ့ပါတယ်။

Public Service Announcement
ချိုကတော့ မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်ပိုင် နိုင်ငံအဖြစ် ရပ်တည်မှုကို လုံးဝ နောက်ကြောင်းပြန်လှည့်မှာ မဟုတ်သလို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်လည်း ဒီအခြေအနေက ပြောင်းလဲမသွားစေရဘူးလို့ ပြောကြားသွားပါတယ်။
ဆွေးနွေးမှုတွေနဲ့ အမြင်ကွဲပြားမှုတွေက အတူယှဉ်တွဲပြီး ရှိနေနိုင်မယ်လို့ တခြားသူတွေက တွေးကောင်းတွေးကြပေမယ့် မြောက်ကိုရီးယား အတွက်တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့လည်း ချိုက ပြောပါတယ်။
UN မိန့်ခွန်းမှာတော့ တောင်ကိုရီးယား သမ္မတက မြောက်ကိုရီးယားနဲ့ အမေရိကန် အစိုးရတွေကြား ကာလရှည်ကြာ ရပ်တန့်နေခဲ့တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြန်လည် စတင်နိုင်ရေးအတွက် သူ့နိုင်ငံက ပံ့ပိုး ကူညီပေးလိုကြောင်းလည်း ကမ်းလှမ်းခဲ့ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ သူ့ရဲ့ ပထမအကြိမ် သမ္မတသက်တမ်းတုန်းက မြောက်ကိုရီးယား အဓိပတိ ကင်မ်ဂျုံအွန်းနဲ့ သုံးကြိမ် လူချင်းတွေ့ဆုံခဲ့ဖူးပေမယ့် လက်ရှိ ဒုတိယအကြိမ် သမ္မတ သက်တမ်းမှာတော့ သူတို့နှစ်ဦး မဆုံဖြစ်သေးပါဘူး။ လီကတော့ ထရမ့်ဟာ ကင်မ်နဲ့ ကျိန်းသေပေါက် စကားပြောချင်နေတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက မှတ်ချက်ပေးခဲ့ဖူးပါတယ်။
စက်တင်ဘာ ၂၄ ရက်နေ့မှာပဲ မြောက်ကိုရီးယားက သီးခြားကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ရာမှာတော့ အဆင့်မြှင့်တင်ထားတဲ့ ၂၄၀ မမ အတွဲလိုက်ပစ် ဒုံးကျည်စနစ် တစ်ခုကို လွန်ခဲ့တဲ့ ၂ ရက်က စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားခဲ့ပါတယ်။ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနရဲ့ အဆိုအရ အဲဒီလက်နက်စနစ်ဟာ ၁၁၅ ကီလိုမီတာလောက် အကွာအဝေးထိ တိုက်ခိုက်နိုင်တယ်လို့လည်း သိရပါတယ်။
UN ညီလာခံမှာတော့ လာမယ့် သီတင်းပတ်ကျရင် မြောက်ကိုရီးယား အစိုးရကိုယ်စား နိုင်ငံခြားရေး ဝန်ကြီး ချိုက မိန့်ခွန်းပြောကြားဖို့ စီစဉ်ထားပါတယ်။
ကိုးကား: AFP



















































