ဩဂုတ်-၂၇၊၂၀၂၅။သတိုး/People’s Spring
ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ကို ၁၀၇ မမရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ တာဝန်ရှိသူက ပြောသည်။
“တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သည် ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ရှမ်းတောင် ရှိတော်လှန်ရေးအင်အားစုများကို နည်းမျိုးစုံဖြင့် နှိမ်နင်းနေသော စစ်ရှုံးကောင်စီ၏ အားထားရသော စစ်တိုင်းဌာနချုပ်တစ်ခုဖြစ်သောကြောင့် ယခုကဲ့သို့တိုက်ခိုက်ရခြင်းဖြစ်ပါသည်။”ဟု BWM က အသိပေးထားသည်။

တပခကို ဩဂုတ် ၂၆ရက် နံနက် ၁၁နာရီခန့်တွင် ၁၀၇ မမရှော့တိုက်ဒုန်း ငါးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေးလုံးအောင်မြင်ခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement
ယင်းစစ်ဆင်ရေးကို BWM ၏ ဦးဆောင်မှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) သံတောင်မြောက်ပိုင်း အထူးဒေသ ၊KNLA တပ်မဟာ(၂) တပ်ရင်း (၅)တို့နှင့် ပူးပေါင်း၍ တိုက်ခိုက်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။
BWMအနေဖြင့် တောင်ပိုင်းတိုင်းစစ်ဌာချုပ်ကို မဟာမိတ်အဖွဲ့များနှင့် ပူးပေါင်း၍ အကြိမ် ကြိမ်တိုက်ခိုက်ခဲ့ဖူးပြီး ယခုအကြိမ်သည် ငါးကြိမ်မြောက်ဖြစ်သည်။
BWM နှင့် အထက်ပါမဟာမိတ်အဖွဲ့များသည် ယင်းမစ်ရှင်နှင့်အတူ သံတောင်ကြီးမြို့ရှိ ဘုရင့်နောင် တိုက်ခိုက်ရေးသင်တန်းကျောင်းကိုလည်း ၁၀၇ မမ ရှော့တိုက်ဒုန်း ၉ လုံးပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ယင်းသင်တန်းကျောင်း၌ စစ်ကောင်စီအရာရှိ ၄၀၀ ကျော်သင်တန်းတက်ရောက်နေသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု BWM က အသိပေးထားသည်။
BWM အနေဖြင့် ၎င်းတို့နှင့်ပူးပေါင်း၍ စစ်ဆင်ရေး လုပ်ဆောင်ပေးခဲ့သည့် အဖွဲ့များကို ကျေးဇူးတင်ကြောင်းနှင့် ဆက်လက်၍ စစ်ကောင်စီကိုအရှိုက်ထိစေမည့် မစ်ရှင်များဆက်လက်လုပ်ဆောင်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

















































