Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်မှာ Hyundai စက်ရုံကို အာဏာပိုင်တွေစီးနင်း၊ ၅၀၀ နီးပါးကို ဖမ်းဆီး

အမေရိကန်မှာ တောင်ကိုရီးယား ကားကုမ္ပဏီ Hyundaiရဲ့ စက်ရုံတစ်ခုကို လူဝင်မှု ကြီးကြပ်ရေး အာဏာပိုင်တွေက ဝင်ရောက်စီးနင်းပြီး လူပေါင်း ၅၀၀ နီးပါးလောက်ကို ဖမ်းဆီးခဲ့ပါတယ်။

ဓာတ်ပုံ - CNN

အမေရိကန်မှာ တောင်ကိုရီးယား ကားကုမ္ပဏီ Hyundaiရဲ့ စက်ရုံတစ်ခုကို လူဝင်မှု ကြီးကြပ်ရေး အာဏာပိုင်တွေက ဝင်ရောက်စီးနင်းပြီး လူပေါင်း ၅၀၀ နီးပါးလောက်ကို ဖမ်းဆီးခဲ့ပါတယ်။

အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့်က ဒုတိယအကြိမ် ၄ နှစ်သက်တမ်းအတွက် သမ္မတ ဖြစ်လာပြီးတဲ့နောက်ပိုင်း တရားမဝင် အခြေချ နေထိုင်သူတွေနဲ့ အလုပ်သမားတွေကို ပစ်မှတ်ထား ဖြိုခွင်းမှုတွေ အရှိန်မြှင့် လုပ်ဆောင်လာနေပါတယ်။ စက်တင်ဘာ ၄ ရက်နေ့တုန်းက ဂျော်ဂျီယာ ပြည်နယ်ထဲက စက်ရုံမှာ ကြုံခဲ့ရတဲ့ အဖမ်းအဆီးတွေကတော့ ထရမ့်ရဲ့ လက်ရှိ သမ္မတ သက်တမ်းမှာ အကြီးဆုံး အလုပ်ခွင် စီးနင်းမှုလည်း ဖြစ်လာခဲ့ပါတယ်။

ဧက ၃၀၀၀ ကျယ်ဝန်းပြီး Hyundaiရဲ့ လျှပ်စစ်ကားတွေ အဓိက ထုတ်လုပ်နေရာ စက်ရုံဝင်းထဲမှာ အဖမ်းခံရသူ ၄၇၅ ဦးထက်မနည်း ရှိခဲ့ပြီး ၃၀၀ ကျော်လောက်ကတော့ တောင်ကိုရီးယား နိုင်ငံသားတွေ ဖြစ်ပါတယ်။

တောင်ကိုရီးယား အစိုးရက အခုဖြစ်ရပ်အပေါ် အထူးစိုးရိမ်ကြောင်း ထုတ်ပြန်ပြီး တောင်ကိုရီးယား နိုင်ငံသားတွေရဲ့ အခွင့်အရေးအပေါ် လေးစားပေးဖို့ အမေရိကန် အစိုးရကို တောင်းဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာနကတော့ လူဝင်မှု ကြီးကြပ်ရေး အေးဂျင့်တွေဟာ အဲဒီစက်ရုံ ဝင်းထဲမှာ တရားမဝင် အလုပ်သမားတွေ ခန့်အပ်ထားတာ အပါအဝင် ဖက်ဒရယ် ဥပဒေတွေကို ချိုးဖောက်မှုတွေ ရှိနေကြောင်း သတင်းအရ ဝင်ရောက် ရှာဖွေခဲ့တာ ဖြစ်တယ်လို့ အကြောင်းပြခဲ့ပါတယ်။

ဌာနရဲ့ အထူးအေးဂျင့် အကြီးအကဲ စတိဗ်ရှရန့်ခ်က အခုစီးနင်းမှုဟာ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရ မစ်ရှင်သီးသန့် မဟုတ်ဘဲ လအတော်ကြာ အချိန်ယူပြီး ရာဇဝတ်ကြောင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ထားပြီးမှ အကောင်အထည် ဖော်ခဲ့တဲ့ အစီအစဉ်မျိုးလို့ စက်တင်ဘာ ၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ကုန်ထုတ်ကဏ္ဍအတွက် အမေရိကန် နိုင်ငံသားတွေ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိစေရေး၊ တရားမဝင် အလုပ်သမားတွေကို ဖိနှိပ်ဖြိုခွင်းရေးတွေ ဆိုတာက ထရမ့်အစိုးရရဲ့ အဓိကကျတဲ့ မူဝါဒတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုလို လုပ်ရပ်မျိုးက အမေရိကန်နဲ့ အဓိက မဟာမိတ် နိုင်ငံတစ်ခုဖြစ်တဲ့ တောင်ကိုရီးယားကြားက ဆက်ဆံရေးမှာ မလိုလားအပ်တဲ့ သက်ရောက်မှုတွေ ပေါ်လာစေနိုင်ကြောင်း ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အိမ်ဖြူတော်ရဲ့ ဘဲဥပုံ ရုံးခန်းထဲမှာ စက်တင်ဘာ ၅ ရက်နေ့တုန်းက သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါ ထရမ့်က အဖမ်းခံရသူတွေဟာ တရားမဝင် ကျူးကျော် နေထိုင်သူတွေလို့ စွပ်စွဲပြီး လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေက ကိုယ့်အလုပ်ကိုယ် လုပ်ခဲ့ရုံသာ ဖြစ်တယ်လို့ မှတ်ချက်ပေးသွားပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။