တာဝေး ပစ်ခတ်နိုင်တဲ့ ဒုံးကျည်စနစ်တွေ တပ်ဆင်ဖို့ ဂျပန်ရဲ့ စစ်သင်္ဘော တစ်စီးကို အမေရိကန်ဆီ ပို့လွှတ်ထားလိုက်ကြောင်း သိရပါတယ်။
ဂျပန်ပြည်စောင့်တပ်ရဲ့ရေတပ်ဖွဲ့ကAegis လေကြောင်းကာကွယ်ရေး စနစ် တပ်ဆင်ထားတဲ့ JS Chokai ဖျက်သင်္ဘောဟာ အမေရိကန်ဆီ စတင် ခုတ်မောင်း ထွက်ခွာသွားပြီလို့ အတည်ပြုခဲ့ပါတယ်။
အဲဒီ သင်္ဘောဟာ မိုင် ၁,၀၀၀ လောက် အကွာက ပစ်မှတ်တွေကို ချေမှုန်းနိုင်တဲ့ Tomahawk ခရုစ် ဒုံးကျည်တွေကို တပ်ဆင်တာ အပါအဝင် အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်ဖို့၊ တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးဖို့အတွက် ဆန်ဒီယေဂိုမြို့မှာ တစ်နှစ်လောက် အခြေစိုက်ထားမှာ ဖြစ်ပါတယ်။

Public Service Announcement
အဲဒီ လက်နက်တပ်ဆင်မှုနဲ့၊ လေ့ကျင့်မှုတွေ ပြီးစီးသွားရင်တော့ ဂျပန်ဟာ မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံ အတွင်းပိုင်းက စစ်ရေးပစ်မှတ်တွေကိုပါ တိုက်ခိုက်နိုင်စွမ်းမျိုး ပိုင်ဆိုင်လာမှာ ဖြစ်ပါတယ်။ Tomahawk ဒုံးကျည်တွေ ပိုင်ဆိုင်သွားခြင်းက အဲဒီ ဖျက်သင်္ဘောရဲ့ ပစ်အားကို အကြီးအကျယ် မြှင့်တင်လိုက်နိုင်မယ့် သဘောပါ။
ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာတော့စစ်ဆန့်ကျင်ရေး ဝါဒကို အစဉ်တစိုက် လက်ကိုင်ထားခဲ့တဲ့ ဂျပန်ဟာ အိမ်နီးချင်း တရုတ်ရဲ့ အင်အားကြီးထွားလာမှု၊ ဒေသတွင်းမှာ ဩဇာဖြန့်ကျက် ခြိမ်းခြောက်လာမှုတွေကြောင့် အခုအခါမှာတော့ စစ်အင်အားနဲ့ စစ်ရေး နည်းပညာတွေကို ပြန်လည် ချဲ့ထွင်လာနေပါတယ်။
၂၀၂၄ နှစ်ဆန်းပိုင်းမှာတော့ ဂျပန် ပြည်စောင့်တပ်ဟာ အမေရိကန်ဆီကနေ Tomahawk ဒုံးကျည် အစင်း ၄၀၀ ဝယ်ယူဖို့ သဘောတူ စာချုပ်ခဲ့ပါတယ်။
ဂျပန် ကာကွယ်ရေးဝန်ကြီး ဂျန် နာကာတာနီက ဂျပန်ဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အပြင်းထန်ဆုံး၊ အရှုပ်ထွေးဆုံး လုံခြုံရေး စိန်ခေါ်မှုတွေ ကြုံနေရတယ်လို့ ပြောပါတယ်။ အထူးသဖြင့် တရုတ်ဟာ နိုင်ငံရဲ့ စစ်အင်အားကို သည်းကြီးမည်းကြီး ချဲ့ထွင်နေပြီး ဒေသတွင်းမှာလည်း စစ်ရေးဖြန့်ကျက်မှုတွေကို အရှိန်မြှင့်တင်လာနေတယ်လို့ သူက ဆိုပါတယ်။
စက်တင်ဘာ ၃ ရက်နေ့တုန်းကလည်းတရုတ်ဟာဒုတိယကမ္ဘာစစ်မှာ ဂျပန်တပ်တွေ လက်နက်ချမှု အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ အောင်ပွဲနေ့ စစ်ရေးပြ ချီတက်ပွဲမှာ သင်္ဘောဖျက် ဒုံးကျည်တွေ အပါအဝင် ခေတ်မီ စစ်လက်နက် အသစ်တွေကို ခင်းကျင်းပြသသွားခဲ့ပါတယ်။
ဖျက်သင်္ဘောမှာ အမေရိကန်ရဲ့ Tomahawk ဒုံးကျည်တွေ တပ်ဆင်မယ့် အကြောင်းကိုကြေညာချိန်မှာဂျပန် ပြည်စောင့်တပ်ကနိုင်ငံရဲ့ ကာကွယ် ရေး စွမ်းရည်ကို မြှင့်တင်ဖို့ အတွက်လို့ ရည်ညွှန်းသွားပါတယ်။
ဒါပေမဲ့ စစ်လက်နက်ရေးရာ သုတေသီတွေကတော့ Tomahawk ဒုံးကျည်စနစ်ဟာ ကာကွယ်ရေးအတွက် ရည်ရွယ် ထုတ်လုပ်ထားတာ မဟုတ်ဘဲ ရန်သူ့ ပစ်မှတ်တွေကို ချေမှုန်းဖို့ တည်ဆောက်ထားတာပါ။ အမေရိကန် ရေတပ်ဟာ ကုန်းတွင်းပိုင်းက ပစ်မှတ်တွေကို အဲဒီဒုံးကျည်တွေ အသုံးပြုပြီး ထိထိရောက်ရောက် ချေမှုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လေ့ ရှိပါတယ်။
လောလောလတ်လတ် အနေနဲ့ ဇွန်လတုန်းက အစ္စရေးနဲ့ အီရန် ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခအတွင်းအမေရိကန်ကဝင်စွက်ဖက်ပြီးအီရန် နျူကလီးယား အဆောက်အအုံ တချို့ကို တိုက်ခိုက် ဖျက်ဆီးခဲ့ရာမှာလည်း B-2 ဗုံးကြဲလေယာဉ်ကြီးတွေပေါ်က ကြဲချတဲ့ အကြီးစား ဘန်ကာဖျက်ဗုံးတွေအပြင် ရေတပ်က ပစ်လွှတ်တဲ့ Tomahawk ဒုံးကျည်တွေကိုပါ အသုံးပြုခဲ့ပါတယ်။
Raytheon ကုမ္ပဏီက ထုတ်လုပ်တဲ့ Tomahawkတွေဟာ အမေရိကန်ရဲ့ လက်နက်တိုက်ထဲမှာတော့ စွမ်းဆောင်ရည် အထက်မြက်ဆုံး ပိုင်ဆိုင်မှုတွေထဲက တစ်ခုအဖြစ် သတ်မှတ် ခံထားရပါတယ်။
ကိုးကား – CNN


















































