ဇနီးဖြစ်သူကို ကိုးကွယ်ယုံကြည်မှု ဘာသာ ပြောင်းစေချင်တယ်ဆိုတဲ့ သူ့ရဲ့စကားနဲ့ ပတ်သက်ပြီး အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ကာကွယ် ပြောကြားခဲ့ပါတယ်။
အခုသီတင်းပတ် အစောပိုင်းတုန်းက အခမ်းအနား တစ်ခုမှာ ဗန့်စ်က သူတို့ လင်မယားကြားက ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ကွဲပြားမှုနဲ့ ပတ်သက်လို့ ဖြစ်ချင်တဲ့ ဆန္ဒကို ထုတ်ပြောခဲ့ပါတယ်။ ဗန့်စ်ဟာ ပရိုတက်စတင့် ဘာသာဝင် တစ်ဦးအဖြစ် ကြီးပြင်းလာပြီး ၂၀၁၉ မှာတော့ ကက်သလစ် ခရစ်ယာန် ဘာသာဝင်အဖြစ် ကူးပြောင်း ခံယူခဲ့ပါတယ်။
တနင်္ဂနွေနေ့တိုင်း ဇနီးဖြစ်သူ ဟိန္ဒူဘာသာဝင် အူရှာဗန့်စ်ဟာ သူနဲ့အတူ ဘုရားကျောင်းကို လိုက်လာလေ့ ရှိကြောင်း၊ အရင်က သူအကြိမ်ကြိမ် ပြောဖူးသလို အခုလည်း ထပ်ပြောရမယ်ဆိုရင် သူလုပ်ခဲ့သလိုပဲ အူရှာလည်း တူညီတဲ့ ကူးပြောင်းမှု တစ်ခုကို ရွေးချယ်စေချင်ကြောင်း၊ သမ္မာကျမ်းစာကို ယုံကြည်ရတဲ့ အကြောင်းရင်းတွေ သူ့မှာ လေးလေးနက်နက် ရှိနေပြီး အူရှာလည်း တစ်နေ့မှာ အဲဒီ သဘောထားမျိုး ရှိလာစေချင်ကြောင်း ဗန့်စ်က ဆိုပါတယ်။ ဒါပေမဲ့ အူရှာက ဒါမျိုး ဆန္ဒမရှိရင်လည်း သူ့ကိုယ်ပိုင် ရွေးချယ်ခွင့် ဖြစ်ကြောင်း၊ ဘုရားသခင်ဟာ အားလုံးအတွက် လွတ်လပ်စွာ တွေးခေါ်ခွင့် ပေးထားကြောင်း၊ ဒီအတွက်လည်း သူတို့နှစ်ဦးကြားမှာ ပြဿနာ ရှိမှာမဟုတ်ကြောင်း သူက ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ဒီကိစ္စဟာ ဗန့်စ်က ဇနီးဖြစ်သူ ယုံကြည် လက်ခံထားတဲ့ ဟိန္ဒူ ဘာသာရေးအပေါ် နှိမ့်ချလိုတဲ့ အဓိပ္ပါယ်မျိုး ဖြစ်နေကြောင်း ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အထူးသဖြင့် လူမှုကွန်ရက်ပေါ်မှာ အဲဒီ ဝေဖန်သံတွေက ပိုပြီး ကျယ်လောင်လာခဲ့ပါတယ်။

Public Service Announcement
သူ့ကို ထောက်ခံတဲ့သူတွေကို ကျေနပ်စေဖို့ ဗန့်စ်က ဇနီးဖြစ်သူရဲ့ ကိုးကွယ်ယုံကြည်မှုကို အောက်ကျနောက်ကျဖြစ်အောင် လုပ်လိုက်တာ အံ့ဩစရာပဲလို့ လူမှုကွန်ရက် မီဒီယာ X သုံးစွဲသူ တစ်ဦးက ဆိုပါတယ်။ တစ်ဦးကလည်း ဒီလိုဆို ဗန့်စ်ဟာ ဘာကြောင့် ဟိန္ဒူဘာသာဝင် တစ်ဦးကို လက်ထပ်ခဲ့သေးသလဲလို့ မေးခွန်းထုတ်ထားပါတယ်။
ဒါပေမဲ့ ဗန့်စ်ကတော့ အခုလို စွပ်စွဲဝေဖန်နေတာတွေ မှန်သမျှက လွန်ကဲပြီး ပုံကြီးချဲ့လွန်းတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ သူဟာ သူ့ရဲ့ ကိုးကွယ်ယုံကြည်မှု၊ မိသားစုအရေးနဲ့ ပတ်သက်လို့ ရိုးရိုးသားသား ပြောပြခဲ့တာသာ ဖြစ်တယ်လို့ ဗန့်စ်က ပြောကြားခဲ့ပါတယ်။
သူ့ဇနီးဟာ သူ့ဘဝအတွက် အကြီးမားဆုံး ကောင်းချီးမင်္ဂလာ ဖြစ်ကြောင်း၊ ဘာသာရေးနဲ့ အဆက်ပြတ်နေခဲ့တဲ့ သူ့ကို ကိုးကွယ်ယုံကြည်မှုတွေကို ပစ်ပယ်မထားအောင် ဇနီးကပဲ ပြန်ချိတ်ဆက်ပေးခဲ့ကြောင်း၊ အူရှာက ခရစ်ယာန် မဟုတ်သလို ဘာသာပြောင်းမယ်လို့လည်း မထင်ကြောင်း၊ ဒါပေမဲ့ သူ့အနေနဲ့ကတော့ ကိစ္စတွေကို သူမြင်တဲ့ အမြင်မျိုး ဇနီးမှာလည်း ရှိစေချင်ကြောင်း၊ ဒါက ကိုးကွယ်ယုံကြည်မှု ကွဲပြားတဲ့ အိမ်ထောင်ရေးတွေမှာ ဖြစ်တတ်တဲ့ သဘောတရား တစ်ခုထက် မပိုဘဲ သူ့အနေနဲ့ အူရှာကို အမြဲတမ်း ချစ်ခင်နေ၊ ထောက်ခံနေမှာဖြစ်ကြောင်းလည်း ဗန့်စ်က Xမှာ ရေးသားထားခဲ့ပါတယ်။
ခရစ်ယာန် အဆုံးအမတွေက မှန်ကန်တယ်လို့ သူယုံကြည်တာကြောင့် ပြန်လည် ဝေမျှချင်တယ် ဆိုတာက ပုံမှန်ဖြစ်ကြောင်း၊ ဒီလောက် ရိုးရှင်းတဲ့ ကိစ္စကို တခြားသူတွေက ကွဲလွဲတဲ့ အမြင်တွေဆီ အတင်းဆွဲယူနေတာဖြစ်ကြောင်းလည်း ဗန့်စ်က ဆိုပါတယ်။
ဗန့်စ်တို့နှစ်ဦးဟာ ၂၀၁၄ တုန်းက လက်ထပ်ခဲ့ပြီး အဲဒီတုန်းက ခရစ်ယာန်ရော၊ ဟိန္ဒူ ဓလေ့တွေနဲ့ပါ မင်္ဂလာပွဲ ကျင်းပခဲ့ပါတယ်။ သူတို့နှစ်ဦးမှာ သားသမီး ၃ ဦးရှိပါတယ်။ သူတို့ နှစ်ဦး လက်ထပ်တုန်းက အူရှာဟာ ဘုရားကျောင်း လိုက်တက်ပေးပါ့မယ်လို့ ကတိပေးမထားခဲ့ကြောင်း၊ ဒါပေမဲ့ ကလေးတွေနဲ့အတူ ဘုရားကျောင်းကို လိုက်လာပေးလေ့ရှိကြောင်း ၂၀၂၃ ခုနှစ်တုန်းက ဗန့်စ်က New York Times သတင်းစာနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
ကိုးကား: ABC




















































