“မကြာခင် အထိန်းသိမ်းခံထားရတဲ့ ရဲဘော်တွေအားလုံး လက်နက်နဲ့အတူမိခင်တပ်ရင်းဆီ ပြန်ရောက်မှာပါ။ကျနော်တို့ တော်လှန်ညီအကိုတွေ နားလည်မှုလွဲတာ အနည်းအကျဉ်းပဲရှိပါတယ်။ တခုပြောချင်တာက စစ်အာဏာရှင်နဲ့စစ်လော်ဘီတွေ အရမ်းဝမ်းသာမနေပါနဲ့။ ခင်ဗျားတို့ကို ကျနော်တို့ မဟာမိတ်တပ်ပေါင်းစုတွေ တဆုံးအထိတိုက်မှာမပူပါနဲ့” – ဗျူဟာ (၃၃) နည်းဗျူဟာမှူး စောဒါးကို
ဒီဇင်ဘာ-၁၈၊ ၂၀၂၅။ ဆန်အောင်/People’s Spring
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ ညှိနှိုင်းမှု အဆင်ပြေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူးတိုင်းစစ်ဌာန ဗျူဟာ (၃၃) နည်းဗျူဟာမှူး စောဒါးကိုက ဒီကနေ့ ဒီဇင်ဘာ ၁၈ရက် နေ့လည်ပိုင်းမှာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ အသိပေးပါတယ်။
အထူးတိုင်းစစ်ဌာန အမှတ်(၃၃) နည်းဗျူဟာ ရဲ့ နည်းဗျူဟာမှူး ရဲဘော်စောဒါးကို၊ ထားဝယ်ခရိုင် အမှတ်(၂) တပ်ရင်း တပ်ရင်းမှူး မင်းသားကြီးနဲ့ အဖွဲကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၂)က ဒီဇင်ဘာ ၁၇ရက်မှာ ထိန်းသိမ်းခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကာယကံရှင် ရဲဘော်စောဒါးကိုက အခုလို အသိပေးတာပါ။

Public Service Announcement
“ကျနော်တို့ မဟာမိတ် KNLA တာဝန်ရှိလူကြီးတွေနဲ့ ညှိနှိုင်းမှု့အဆင်ပြေပါတယ် မကြာခင် အထိန်းသိမ်းခံထားရတဲ့ ရဲဘော်တွေ အားလုံး လက်နက်နဲ့အတူမိခင်တပ်ရင်းဆီ ပြန်ရောက်မှာပါ။ ကျနော်တို့ တော်လှန်ညီအကိုတွေ နားလည်မှုလွဲတာ အနည်းအကျဉ်းပဲရှိပါတယ်။ ဒါကလည်းပြသာနာမဟုတ်ပါဘူး ခင်ဗျား”လို့ ရဲဘော်စောဒါးကိုက ရေးသားထားပါတယ်။
တော်လှန်မိဘပြည်သူတွေနဲ့ ရဲဘော်၊ရဲဘက်တွေကို ကျေးဇူးတင်ကြောင်း ဖော်ပြပါတယ်။
အခုဖြစ်စဉ်ကို KNUနဲ့ NUG နှစ်ဖက်တာဝန်ရှိသူတွေ အဆင်ပြေအောင်ညှိနှိုင်းမှာဖြစ်ကြောင်း KNU တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောအယ်နားက ဒီကနေ့မနက်မှာ ပြောပြထားပါတယ်။
အခုလို ပြဿနာ ဖြစ်ပွားရတာဟာ မြေပြင်မှာ ပွတ်တိုက်မူအသေးအမွှားများစွာဖြစ်လာခဲ့တဲ့ အကြောင်းအခြေခံပြီးအချိန်မီ အရေးယူဖြေရှင်းမူအားနည်းခဲ့လို့၊ အခြေအနေကိုလစ်လျူရှုတဲ့သဘော သက်ရောက်ခဲ့လို အခုလို အခြေအနေ ရောက်ခဲ့ရတာလိုရှင်းပြပါတယ်။
ပြဿနာ ဖြစ်ပွားမှုကို နှစ်ဖက်တာဝန်ရှိသူတွေက အတိအကျ ထုတ်ဖော်ပြောဆိုတာမရှိပေမယ့် KNU တပ်ဖွဲ့ဝင်အချို့ကတော့ KNLA တပ်ရင်း(၁၂)က ရဲဘော်ကို PDFရဲဘော်က ရိုက်နှက်လို့ သတိမေ့တဲ့ အခြေအနေမှာ အခုလို ပြဿနာဖြစ်ခဲ့တာလို့ ရေးသားထားတာတွေ့ရပါတယ်။
PDF တပ်မှူးအချိုနဲ့ ရဲဘော်တွေ ဖမ်းဆီးခံရမှု ဖြစ်စဉ်အပေါ် စစ်ကောင်စီ ဝါဒဖြန့်သူတွေက လည်း လူမှုကွန်ရက်မှာ ပုံကြီးချဲ့တာ၊ သွေးခွဲတာအပြင် ဖမ်းဆီးခံထားရတဲ့ PDF တွေ ဝါးကြောနဲ့ သတ်ဖြတ်ခံလိုက်ရပြီဆိုတဲ့ သတင်းမှားတွေ ရေးပြီး KNUနဲ့ PDF အကြား သွေးကွဲအောင်၊ တော်လှန်ရေးအင်အားစုတွေကို ပြည်သူက အထင်အမြင်လွဲမှားအောင် လုပ်ဆောင်လျက်ရှိပါတယ်။
“တခုပြောချင်တာက စစ်အာဏာရှင်နဲ့စစ်လော်ဘီတွေအရမ်းဝမ်းသာမနေပါနဲ့။ ခင်ဗျားတို့ကို ကျနော်တို့ မဟာမိတ်တပ်ပေါင်းစုတွေ တဆုံးအထိတိုက်မှာမပူပါနဲ့”လို့ ရဲဘော်စောဒါးကိုက ရေးသားထားပါတယ်။
(ဗျူဟာ (၃၃) စစ်ဆင်ရေးမှူး ရဲဘော်စောဒါးကို။ ဓာတ်ပုံ – ရဲဘော်စောဒါးကို/FB)


















































