Connect with us

Hi, what are you looking for?

သတင်း

လူငယ်တွေကို အဓမ္မဖမ်း၊စစ်သားစုဆောင်းပြီး စစ်ပြီးတော့မယ်၊ နိုင်ငံရေးကောင်းတော့မယ်လို့ စစ်ကောင်စီ အရာရှိတွေ လိမ်ညာပြောဆို

အာဏာသိမ်းစစ်ကောင်စီတပ်က လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး စစ်သင်တန်းကျောင်းပို့ဆောင်ကာ စစ်ပြီးတော့မယ် နိုင်ငံရေးကောင်းတော့မယ်လို့ လိမ်ညာ ပြောဆိုတာ၊ မူးယစ်ဆေးဝါးတွေကို သင်တန်းကျောင်းမှာပဲ စစ်ကောင်စီ အရာရှိတွေက ရောင်းချတာ၊ စစ်မြေပြင်တွေမှာ စစ်မှုထမ်း တပ်သားသစ်တွေကိုရှေ့တန်းက အသေခံ တိုက်ခိုင်းတာတွေ ကြုံခဲ့ရဟု အာရက္ခတပ်တော်(AA) က ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်သား ချစ်ကိုဇင်က ထွက်ဆိုပါတယ်။

(အာရက္ခတပ်တော်(AA) က ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်သား ချစ်ကိုဇင်။ ဓာတ်ပုံ - Screengrab)

▪️စစ်သင်တန်းကျောင်းမှာ မူးယစ်ဆေးဝါးတွေကို အရာရှိတွေကိုယ်တိုင် ရောင်းချပေးနေဟု AA ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်သားထွက်ဆို

ဇန်နဝါရီ ၂၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်က လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး စစ်သင်တန်းကျောင်းပို့ဆောင်ကာ စစ်ပြီးတော့မယ် နိုင်ငံရေးကောင်းတော့မယ်လို့ လိမ်ညာ ပြောဆိုတာ၊ မူးယစ်ဆေးဝါးတွေကို သင်တန်းကျောင်းမှာပဲ စစ်ကောင်စီ အရာရှိတွေက ရောင်းချတာ၊ စစ်မြေပြင်တွေမှာ စစ်မှုထမ်း တပ်သားသစ်တွေကိုရှေ့တန်းက အသေခံ တိုက်ခိုင်းတာတွေ ကြုံခဲ့ရဟု အာရက္ခတပ်တော်(AA) က ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်သား ချစ်ကိုဇင်က ထွက်ဆိုပါတယ်။

ဇန်နဝါရီ ၁၇ရက်မှာ မကွေးတိုင်း၊ အမ်း-ပဒါန်းလမ်း ပဇီရွာအနီးတိုက်ပွဲတွေမှာ AAက လက်ရ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက တပ်သား ချစ်ကိုဇင်ရဲ့ ပြောကြားချက်ကို ဇန်နဝါရီ ၂၃ရက်ညပိုင်းမှာ ထုတ်ပြန်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

တပ်သား ချစ်ကိုဇင်ဟာ တပ်မ(၁၀၁) လက်အောက်ခံ ခလရ(၂၅၇)တပ်ရင်းကဖြစ်ပါတယ်။ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့ မှာ နေထိုင်သူဖြစ်ပြီး ရန်ကုန်မှာ ပန်းရံ နေ့စားအလုပ်လုပ်နေချိန် ၂၀၂၅ ဇူလိုင် ၁ရက်ညမှာ စက်ဘီးနဲ့ အိမ်ပြန်နေချိန် စစ်ကောင်စီက ဖမ်းဆီး ရိုက်နှက်ပြီး အဓမ္မ စစ်သားစုဆောင်းခဲ့တာလို့ ကာယာကံရှင်က ပြောပါတယ်။

ဖမ်းဆီးတာ ဘာအမှု ကျူးလွန်တာရှိလဲဟု မေးရာ စစ်ကောင်စီတပ်သားတွေက အဲဒါတွေ မသိဘူး ထောင်ကျခံမလား စစ်ထဲဝင်မလား မေးပြီး စစ်ထဲဝင်ဖို့ ဖိအားပေးလို့ စစ်သားစုဆောင်းရေးကို ပို့ဆောင်ခံရတာလို့ တပ်သားချစ်ကိုဇင်က ပြောပြပါတယ်။ စုဆောင်းရေးမှာ လည်း ပေါ်တာဆွဲခံရသူတွေ၊ အမှုအမျိုးမျိုးနဲ့ ရောက်နေတဲ့သူတွေ၊ မဲစနစ်အကျ ကြေးစားသဘော ရောက်လာသူတွေလည်းရှိတယ်လို့ပြောပြပြီး လှည်းကူးကို ပို့ဆောင်ခံရချိန် အင်အား ၅၀၀ လောက်နဲ့အတူ သင်တန်းတက်ခဲ့ရတာလို့ပြောပါတယ်။

၂၀၂၅ ဇူလိုင် ၁၄ရက်မှာ သင်တန်းစတက်ခဲ့ရကြောင်း သင်တန်းသားတွေထဲမှာ WY မူးယစ်ဆေးဝါး သုံးတာ အရက်သောက်တာတွေ တွေ့ရကြောင်း ဒါပေမဲ့ သင်တန်းသားတွေ အပြင်မထွက်ရဘဲ စစ်ကောင်စီတပ်အရာရှိတွေက ရောင်းတာဖြစ်ကြောင်း ပြောပါတယ်။

“သင်တန်းသားတွေသုံးနေတဲ့ မူးယစ်ဆေးတွေက အဲဒီအထဲမှာ ရှိတဲ့ အရာရှိတွေ နည်းပြတွေ သူတို့ ကိုယ်တိုင်ကပဲ မှောင်ခိုနဲ့ယူဆောင်ပေးတယ်။ ယူဆောင်ပြီးပြီး သူတို့ ကိုယ်တိုင်ကပဲ ရောင်းပေးပါတယ်။ အဲဒါကတော့ ကျနော့်ရဲ့ မျက်မြင်ပဲဖြစ်ပါတယ်”လို့ တပ်သားချစ်ကိုဇင်က သူ့ရဲ့ အတွေ့အကြုံကို ပြောပြပါတယ်။

သင်တန်းကာလအတွင်းတပ်ပြေးသူ ၃၀လောက်ရှိပြီး အချို့သာလွတ်ကြောင်း၊ ပြန်မိတဲ့သူတွေကိုလူမဆန်စွာ ညှင်းပမ်းနှိပ်စက်တာတွေ ရက်စက်စွာ လုပ်ဆောင်ကြောင်းလည်း ပြောပါတယ်။

၂၀၂၅ အောက်တိုဘာ ၅ရက်မှာသင်တန်းဆင်းခဲ့ရပြီး သင်တန်းမဆင်းခင်မှာ စစ်တိုက်စရာမလိုတော့ဘူး အထိုင်ဂိတ်တွေ၊ အထိုင်တပ်တွေ ရောက်မယ်လို့ ပြောကာ မွမ်းမံသင်တန်း ထပ်မံ တက်ခိုင်းကြောင်း ပြောပြပါတယ်။

“ မွမ်းမံ ကျောင်းကိုရောက်တော့လည်း ကျနော်တို့ကို အဲဒီက လူကြီးတွေက အဲဒီအတိုင်းပဲ ထပ်ပြောပါတယ်။ မင်းတို့ဘာမှ စိတ်မပူနဲ့ စစ်လည်းပြီးတော့မယ် နိုင်ငံရေးလည်း အခြေအနေကောင်းတော့မယ်။ မင်းတို့ ဘယ်မှလည်း အထွေအထူးသွားစရာမလိုတော့ဘူး။ မင်းတို့ စစ်လည်းတိုက်စရာမလိုတော့ဘူး မင်းတို့ စိတ်အေးအေးထား မင်းတို့ ကောင်းကောင်းမွန်မွန် နေထိုင်ရတော့မယ် အဲဒီလိုပြောပါတယ်” လို့ တပ်သား ချစ်ကိုဇင်က ပြောပါတယ်။

မွမ်းမံ နှစ်ပတ်ပြီးချိန် ခလရ(၂၅၇) တပ်ရင်းကိုရောက်ချိန်တွင်လည်း စစ်တိုက်စရာ မလိုတော့ဘူး ပြောကာ ရှေ့တန်း စစ်မြေပြင်ရောက်လာရကြောင်း၊ အင်အား ၁၁၈ ယောက်နဲ့စစ်ကြောင်း ထိုးလာရာ အဲဒီအထဲမှာ အင်အား ၈၀ ကျော်က စစ်မှုထမ်း တပ်သားသစ်တွေ ဖြစ်ကြောင်း ပြောပါတယ်။

တပ်ရင်းမှူးက စစ်မြေပြင်ကို ရောက်ပြီ ထွက်ပြေးဖို့ မစဉ်းစားနဲ့ထွက်ပြေးလို့ ပြန်မိရင် ငါကိုယ်တိုင်သတ်မယ်လို့ ပြောကြောင်းလည်း တပ်သား ချစ်ကိုဇင်က ပြောပြပါတယ်။ ဒါ့အပြင် AAဘက်အခြမ်းကို အလင်းသွားဝင်ရင်လည်း အသတ်ခံရမယ်လို့ ခြိမ်းခြောက်ဝါဒဖြန့်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်မှုထမ်း တပ်သားသစ်တွေနဲ့ သန္ဓေ စစ်ကောင်စီတပ်သားတွေကိုလည်း ခွဲခြားဆက်ဆံကြောင်း၊ ပင်ပန်းမယ့် အလုပ်တွေကို စစ်မှုထမ်း တပ်သားတွေသာ ခိုင်းစေကြောင်း ပြောပါတယ်။

“ရန်သူနဲ့ တိုက်ပွဲဝင်ရမယ် ရှေ့ကိုတက်ရမယ်ဆိုရင် ကျနော်တို့ ပစတွေကိုပဲ ရှေ့ကနေ တက်ခိုင်းပါတယ်။ သူတို့တွေက နောက်မှာ နေပါတယ်။ ကျနော်တို့ထိမိခိုက်မိပြီ ကျဆုံးမှုတွေများလာတော့ ပစတွေပဲ များပြားပါတယ်” လို့ တပ်သားချစ်ကိုဇင်က ပြောပါတယ်။

ရှေ့တန်းမှာ တလခွဲလောက် ဖြတ်ကျော်လာခဲ့ပြီးနောက် လူအင်အား ၁၁၈ ယောက်အနက် ၅၀ ကျော်သာ ကျန်တော့ရာ သေဆုံးထိခိုက် အများစုဟာ စစ်မှုထမ်း တပ်သားတွေဖြစ်တယ်လို့ ပြောပါတယ်။ စနိုက်ပါနဲ့ ပစ်ခတ်ရတာ ဒရုန်းဗုံးမှန်လို့သေဆုံထိခိုက်တာတွေ ဖြစ်တယ်လို့ ထွက်ဆိုပါတယ်။

“တိုက်ပွဲဖြစ်ပြီဆိုရင်ရှေ့ကိုလည်း မပစ်ရဲ နောက်ကိုလည်း မဆုတ်ရဲ ၊ကျနော်တို့တွေ ရှေ့ကို ပစ်မယ်ဆိုရင်လည်း ရှေ့က ရန်သူက ကျနော်တို့ကို ပစ်သတ်လို့ ကျနော်တို့မှာ သေရမယ်။ နောက်ကို ပြန်ဆုတ်ပေးမယ်ဆိုရင်လည်း ကျနော်တို့ရဲ့ အဘ တပ်ရင်းမှူးက ကျနော်တို့ကို မင်းတို့နောက်ဆုတ်တာနဲ့ ပစ်သတ်မယ်လို့ခြိမ်းခြောက်ပါတယ်” လို့ တပ်သားချစ်ကိုဇင်က ပြောပါတယ်။

ဇန်နဝါရီ ၂၇ရက်မှာ AAက ဝင်တိုက်ခိုက်ချိန် သူငယ်ချင်းနှစ်ယောက် ကတုတ်ကျင်းမှာ ပုန်းနေခဲ့ရာ AAရဲ့ ဖမ်းဆီးမှု ခံခဲ့ရတယ်လို့ပြော ပြပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီဘက်က တိုက်လေယာဉ် လက်နက်ကြီး၊ ဒရုန်းတွေနဲ့ မနားတမ်း ပစ်ခတ်ခဲ့ရာ AAက ဘေးကင်းစွာ ကယ်ထုတ်လာလို့ အသက်မသေဘဲ ရှင်သန်နေရတာဖြစ်တယ်လို့လည်း ရှင်းပြပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတဝန်းမှာ လူငယ်လူရွယ်တွေကို နည်းမျိုးစုံနဲ့ စစ်သားစုဆောင်းပြီး ရှေ့တန်းစစ်မြေပြင်မှာ အသေခံ တိုက်ပွဲဝင်ခိုင်းနေတာဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ စစ်သားစုဆောင်းမှု မခံရရေး လုပ်ဆောင်ဖို့နဲ့ အကယ်၍ စစ်သားစုဆောင်းခံရရင်လည်း အခွင့်သာတဲ့အခါ ရတဲ့နည်းနဲ့ တော်လှန်ရေးအင်အားစုတွေဘက် ပူးပေါင်းဖို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။