ဇန်နဝါရီ-၂၉၊ ၂၀၂၆ ဇေအောင်/People’s Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ဘေးရှောင်ဘုန်းကြီးကျောင်းနဲ့ စစ်ရှောင်ပြည်သူတွေရဲ့တဲတွေ၊ ရဲဘော်တွေရဲ့ ကျောက်တိုင်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆရာထွေးက ပြောပါတယ်။

ဇန်နဝါရီ ၂၈ ရက်က မြိုင်မြို့နယ်တောင်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ အင်အား ၂၀၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းဟာ သာစည်နဲ့ သစ်ပလွေကုန်းကျေးရွာကြားမှာရှိတဲ့ ဘိုမင်း ဘုရားကုန်းပေါ်ရှိ ယာယီစစ်ရှောင် ဘုန်းကြီးကျောင်းနဲ့ ဘုရားအနီးရှိ တောတိုက် စစ်ရှောင်တဲတွေကို မီးရှို့ဖျက်ဆီးသွားကြောင်း
အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆရာထွေးက ပြောပါတယ်။

Public Service Announcement

“တဲကတော့ ၃လုံးပါ။ ဘုန်းကြီးလည်း ရှောင်ရတာပဲ။ ပြည်သူတွေက ၂၀၂၂ ကတည်းရှောင်ရတာပါ။ ဘုန်းကြီးကတော့ ၂၀၂၅မှ ရှောင်လာတာပါ။ တွင်းမပျူရွာထဲမှာ မရှောင်ပဲကျန်တဲ့ဘုန်းကြီးတွေလည်းရှိနေသေးပါတယ်”လို့ ဆရာထွေးက ဆိုပါတယ်။
ဒါ့အပြင် ဘုရားအနီးက ရဲဘော်နှစ်ဦးရဲ့ ကျောက်တိုင်တွေကိုပါ မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။

ပြည်သူတွေဟာ စသ်တပ်စစ်ကြောင်းမလာခင် ကြိုတင်တိမ်းရှောင်ထားလို့ ဖမ်းဆီးသတ်ဖြတ်ခံရတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ စစ်ကြောင်းဟာ ဒီကနေ့မှာတော့ နှမ်းဆီကန်ကျေးရွာ အနောက်ဘက် ရောက်နေပြီဖြစ်ပြီး သရက်ကန်ပျူစောထီးရွာနဲ့ နီးသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
မြိုင်နယ်တောင်ပိုင်းက ပြည်သူတွေအနေနဲ့ မြေပြင်စစ်ကြောင်းနဲ့ လေကြောင်းရန် အထူးဂရုစိုက်နေကြဖို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က သတိပေးထားပါတယ်။


















































