ဩဂုတ်-၃၊၂၀၂၆။ ကဖေး/People’s Spring
ရေကာတာကျိုးပြီး ကာလရှည်ရေကြီးနစ်မြုပ်မယ့်အခြေအနေကို နားမလည်တဲ့ စစ်ကောင်စီက လေးမျက်နှာမြို့နယ်မှာ ၁၄ရက်အတွင်းရေပြန်ကျရင် စပါးခင်းတွေပျက်စီးမှုမရှိနိုင်ဘူးလို့ ထုတ်ပြန်ပါတယ်။
လေးမျက်နှာမြို့ကိုကာရံထားတဲ့ ငဝန်မြစ်ရေကာတာဟာ ဇူလိုင် ၃၀ရက်မှာ ကျိုးကျခဲ့ပြီး ဆိုးရွားတဲ့ရေဘေးကို ဒေသခံတွေရင်ဆိုင်နေရတာဖြစ်ပါတယ်။ စပါးခင်း အများအပြားလည်း ရေနစ်မြုပ်သွားပြီး ပျက်စီးမယ့်အနေအထားလို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။
ဒါပေမယ့် စစ်တပ်လက်အောက်ခံ ဧရာဝတီတိုင်းအစိုးရအဖွဲ့ကတော့ လေးမျက်နှာမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခြင်းကြောင့် မိုးစပါစိုက်ဧက ၁သောင်းကျော် ရေနစ်မြုပ်ခဲ့ပြီး ၁၄ရက်အတွင်း ရေပြန်ကျရင် အပျက်အစီးမရှိနိုင်ဘူးလို့ ဒီနေ့သြဂုတ်လ၃ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

Public Service Announcement
ဧရာဝတီတိုင်းရဲ့မိုးစပါးစိုက်ဧကမှာ (၃.၇) သန်းစိုက်ပျိုးပြီး လေးမျက်နှာမြို့နယ်ရဲ့ မိုးစပါးစိုက်ဧကမှာ ၃သောင်းကျော်ဖြစ်ကြောင်း၊ လက်ရှိမှာ မိုးစပါစိုက်ဧက ၁သောင်းကျော် ရေနစ်မြုပ်နေပြီး စိုက်ပျိုးထားတဲ့စပါးတွေဟာ ၁၄ရက်ခန့်အထိ ရေမြုပ်နိုင်တဲ့ ခံနိုင်ရည်ရှိတာကြောင့် အဲ့ဒီကာလအတွင်းရေကျသွားပါက ထိခိုက်မှုမရှိနိုင်ဘူးလို့ ထုတ်ပြန်ထားပါတယ်။ရေနစ်မြုပ်တဲ့ ပမာဏဟာ တိုင်းအတွင်းစပါးစိုက်ဧကရဲ့ (၀.၃၁) ရာခိုင်နှုန်း ရှိလို့ မိုးစပါးစိုက်ပျိုးမှုအပေါ် ကြီးမားသည့်ထိခိုက်မှုမရှိနိုင်ဘဲ စိုးရိမ်ပူပန်စရာမလိုကြောင်း ထုတ်ပြန်ထားပါတယ်။
အဲဒီထုတ်ပြန်မှုအပေါ် ဒေသခံတောင်သူလယ်သမားတွေကပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။
” ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဘူး။ စီမံခန့်ခွဲမှုလည်းမလုပ်တတ်ဘူး။ အခုတာကျိုးလို့ကျတဲ့ရေက ဒီတာကျိုးပေါက်ကိုမပိတ်နိုင်ရင် လာမယ့်ဆောင်းရာသီအထိရေနစ်မြုပ်နေမှာ။ ပိတ်နိုင်ရင်တောင် ၁လမကဘူး ရေမြုပ်နေမှာပါ။ အခုက ၁၄ရက်အတွင်း ပြန်ကျရင် အပျက်အစီး မရှိနိုင်ဘူးဆိုတော့ အဲ့ဒီရေကဘယ်ကိုကျမှာလဲ”လို့ လေးမျက်နှာမြို့ခံလယ်သမားတစ်ဦးကပြောပါတယ်။
လက်ရှိမှာ လေးမျက်နှာမြို့နယ်အပြင် ဘေးပတ်ဝန်းကျင်ဒေသတွေဖြစ်တဲ့ အိုင်သပြု၊ ဟင်္သာတ၊ ရေကြည်၊ ကျုံကျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာတွေမှာပါ ရေကြီးနစ်မြုပ်နေတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာတော့ လေးမျက်နှာမြို့နယ်ထဲက စပါးစိုက်ခင်းအရေအတွက်ပဲပါပါတယ်။ မြေပြင်မှာ ရေမြှုပ်နေတဲ့ဧကဟာ ၇သောင်းအထက်ရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းထားကြပါတယ်။
စစ်ကောင်စီဟာ ရေဘေးကယ်ဆယ်ရေးကိုလည်း စနစ်တကျစီမံခန့်ခွဲနိုင်ခြင်းမရှိဘဲ ပြန်လည်ထူထောင်ရေးအတွက်လည်းတာဝန်မယူချင်လို့ အခုလို့မဖြစ်နိုင်တာတွေကိုလိမ်လည်ထုတ်ပြန်နေတာလို့ ဒေသခံတွေကပြောပါတယ်။
” အပျက်အစီးမရှိဘူးဆိုပြီး ဖြစ်သလိုလုပ်မယ်ထင်တယ်။ ကျနော်တို့ဆီကိုလာကြည့်လိုက်။ လယ်ကွင်းတွေအများကြီးပဲရေမြုပ်နေတာ။ လေးမျက်နှာတစ်မြို့နယ်ထဲမြုပ်နေတာမဟုတ်ဘူး။ စစ်တပ်ကတော့ လိမ်ဖို့ကြိုးစားနေပြီ”လို့ ရေကြည်မြို့နယ်က ဒေသခံတစ်ဦးကပြောပါတယ်။
ရေဘေးစတင်ကြုံတွေ့တာ ဒီနေ့ဆိုရင် ၄ရက်မြောက်ရှိလာပြီဖြစ်ပေမယ့် စစ်ကောင်စီဟာ လေးမျက်နှာမြို့နယ်မှာတောင် ရှာဖွေကယ်ဆယ်ရေးကို စနစ်တကျလုပ်ဆောင်နိုင်ခြင်းမရှိဘူးလို့ ဒေသခံတွေကဝေဖန်နေကြပါတယ်။ လက်ရှိရေဘေးဟာ မိုးတွင်းကာလတစ်ခုလုံး ရေပြန်ကျနိုင်တဲ့အခြေအနေမရှိလို့ ရေရှည်အတွက်ကြိုတင်ပြင်ဆင်ကြဖို့ ကျွမ်းကျင်သူတွေကသတိပေးနေကြပါတယ်။ ရေကတာဟာ အလျား ပေ ၂၀၀ကျော် ပြတ်ကျသွားပြီး အဲဒီနေရာကနေရေတွေဆက်လက်စီးဝင်နေပါတယ်။ ငဝန်မြစ်နဲ့ဆက်စပ်နေတဲ့ ဧရာဝတီမြစ်လည်း ပုံမှန်ထက် မြင့်တက်နေပါတယ်။
ဧရာဝတီမြစ်နဲ့ဒေသတွင်း မြစ်ချောင်းတွေကို မြေသားရေကာတာတွေနဲ့ ကာရံထားတဲ့ ဧရာဝတီတိုင်းမှာ ၁၉၉၁ခုနှစ်မိုးရာကလည်း တာကျိုးပြီး ဆိုးရွားတဲ့ရေဘေးကို လနဲ့ချီပြီး ရင်ဆိုင်ခဲ့ရဖူးပါတယ်။ အဲဒီတုန်းကလည်း လေးမျက်နှာမြို့နယ်က ထိန်ငူရေကာတာကျိုးကျပြီး လေးမျက်နှာ၊ ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်၊ အသုတ်၊ သာပေါင်းမြို့တွေအပါအဝင် မြို့ ၁၀မြို့ထက်မနည်း ဆိုရွားတဲ့ရေ ဘေးကြုံတွေ့ခဲ့ဖူးပါတယ်။

















































